Breaking News

ဆ သ ဒ - ဆရာမြေဇာ မွေးနေ့မဟာ

ဆရာမြေဇာ မွေးနေ့မဟာ
ဆ သ ဒ
(မိုးမခ) မတ် ၁၃၊ ၂၀၂၃

မတ်လ ၁၃ ရက်နေ့ဟာ ဆရာမြေဇာရဲ့ ၇၇ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ မြန်မာကာတွန်းဆရာတွေထဲမှာ သီးခြားကြီးခွဲထွက်သွားတဲ့ လက်ရာပိုင်ရှင်ဆရာ့ကို လွမ်းလှပါတယ်။
၂၀၁၉ တစ်နှစ်လုံးနဲ့ ၂၀၂၀ ပြည့်တစ်နှစ်လုံး အပတ်စဉ်လိုလို ရန်ကုန် ကျို က္ကဆံကွင်းအနီး တာမွေလေးက ဆရာတို့အိမ်ကို စမ်းချောင်းကနေ အရောက်သွားဖြစ်ပါတယ်။ Covid ကာလ ဆရာ ဘယ်ကိုမှထွက်လို့မဖြစ်တဲ့အတွက် သူ့ကာတွန်းလေးတွေကို ကျနော် သွားသွားယူပြီး သူပို့ချင်တဲ့တိုက်တွေကို ပို့ပို့ပေးရပါတယ်။

ဥပမာအားဖြင့် ကြေးမုံ ၊ မြန်မာ့အလင်း ၊ စံတော်ချိန်တို့ ဖြစ်ပါတယ်။ 
ကျနော်က မြန်မာတိုင်းမ်နဲ့ 7 DAY Daily တို့ကိုလည်း ခွဲပြီး ပို့ပေးဖြစ်ပါတယ်။ စာမူပါလာမှ "ဆရာရေ ...
အဲသလိုလုပ်ထားဖြစ်တယ် " ဆိုတဲ့အခါ . . . " သြော် . . အေး အေး . . .ကိုယ်ကအိမ်မှာ 7 Day ယူတာကွ။ မနက်မနက် 7 Day အိမ်ရောက်လာလို့ ဖတ်တဲ့အခါ ကိုယ့်ကာတွန်းလေးတွေ ပါနေတာကိုပဟေဠိ အဖြေညှိနေတာဟ။ ကိုယ်လည်း ပို့မထားမိပါဘူးလို့တော့ ထင်မိသား စိုးသော်တာကြီး ရ . . ."
 
စာမူခတွေကိုတော့ ဆရာမြေဇာ့ဆီ တိုက်ရိုက်Wave Money နဲ့ပို့ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားပေးခဲ့လို့ သူတို့တွေက ပို့ပို့ပေးကြပါတယ်။ နှစ်ပတ်တစ်ခါလောက် ဆရာ့အိမ်ကို ကျနော်ရောက်ရင် ဆရာတို့ဇနီးမောင်နှံ တိုက်အောက်ကို ဆင်းချလာပြီး ဆရာမြေဇာက A4 ဆိုဒ်ကာတွန်းတွေကို ကိုယ်တိုင်လုပ်စက္ကူအိတ်နဲ့ သေသေ ချာ ချာထည့်ထားပြီး ကျနော့်လက်ထဲ ထည့်ပေးပါတယ်။

ဖွင့်ကြည့်တော့ ကာတွန်းတွေရဲ့ထိပ်မှာ သူပို့စေချင်တဲ့ အာသီသရှိတဲ့ တိုက်တွေကို ခဲတံနဲ့ခပ်ဖွဖွလေး တေးပေးထားပါတယ်။ ဒါက ဆရာ့အပိုင်း။ အဲဒါပြီးအခါ သိပ်ကိုရိုးတဲ့ဆရာကတော်အစ်မက သူ့လက်ထဲကကြွပ်ကြွပ်အိတ်ကို ဘာမပြောညာမပြောနဲ့ ကျနော့်ဆီ အမှတ်တမဲ့ "ရော့ " ဆိုပြီး ကမ်းပေးလိုက်ပါတယ်။

လက်ထဲရောက်လာတဲ့အခါ ကြည့်လိုက်ပါတော့ အိုဗာတင်းပုလင်းတွေ၊ လိမ္မော်သီးတွေ၊ ကြက်အူချောင်းတွေ
ကအစ ပုဇွန်ခြောက်တွေအဆုံး ကြွပ်ကြွပ်အိတ်ထဲမှာ။ " ကျေးဇူးတင်လို့ပေးတာပါ၊ အိမ်ကျ သမီးတို့ကို ကျွေး
လိုက်ပါ " ဆိုပြီး နှစ်ယောက်စလုံး တိုက်လှေကားခွင်ကို ရုတ်တရက်ပြေးကာသံတံခါးကို သော့ခတ်လိုက်ကြပါ
တယ် ခင်ဗျ။

" မယူချင်ပါဘူးဆရာနဲ့ အစ်မရာ . . ကျနော် ဒီနားမှာ ပြန်ချထားခဲ့မယ် " ပြောပြီးချထားကာ ကားဂိတ်ကို ခပ်သုတ်သုတ်လျှောက်တဲ့အခါ သူတို့သံတံခါးပြန်ဖွင့်ပြီး နောက်ကနေ အပြေးလေး လိုက်ပေးကြပြန်ပါတယ်။ 
 ဒါနဲ့ ကျနော်လည်း သူတို့စိတ်ချမ်းသာအောင် အိမ်ကို သယ်ဆောင်လာရပါတော့တယ်။ 

နောက်အပတ်သွားလည်း ဒီလိုပဲ တစ်ခုခုပေးပြန်တော့ " မလုပ်ပါနဲ့အစ်မတို့ရာ.... အဲသလိုဆိုရင်တော့ ကျနော်မလာတော့ဘူးဗျာ" လို့ ပြောလိုက်တဲ့အခါ " အေး... အေး ... အေးပါ... အေးပါ... မလာပဲတော့ မနေပါနဲ့ကွာ ... နောက်ကိုမပေးတော့ပါဘူး... အခုဟာလေးတော့ ယူသွားပြီး ချစ်ဇနီးနဲ့ချစ်သမီးတို့ကို ကျွေးလိုက်ပါကွာ " ဆိုပြီး မျက်နှာမကောင်းတာနဲ့ ယူလာခဲ့ရပြန်သဗျ။

ဆရာမြေဇာ့အကြောင်းကို ကျနော် ဆောင်းပါး ၂ ပုဒ် ရေးဖြစ်ခဲ့ဖူးပါတယ်။ မတ် ၁၃ ရက်နေ့ဟာ ဆရာ့မွေးနေ့ပါ။ ဟိုးအရင်က သူ့မွေးနေ့တွေကို သူ့အိမ်မှာတိုးတိုးတိတ်တိတ်လေးပဲကျင်းပလေ့ရှိခဲ့ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဝံ့တဲ့သဘောပါ။ ဘာဖြစ်လို့လည်းဆိုတော့ မတ်လ ၁၃ ရက်နေ့ဟာ ကိုဖုန်းမော်ကျဆုံးတဲ့နေ့ဖြစ်နေလို့ပါပဲ။ အရင်ခေတ်တွေက အဲသလိုပါပဲ။ 

ဆရာ့မွေးနေ့ညမှာ ကျနော်တို့ဆုံဖြစ်ကြပါတယ်။ ပန်းချီဆရာကြီးတွေထဲက ဆရာကျော်သောင်း၊ ဆရာမောင်မောင်သိုက်နဲ့ သားဇေဖြိုး၊ ကာတွန်းဆရာတွေထဲက ဆရာသစ်ထွဏ်းနဲ့ ကိုအော်ပီကျယ်နဲ့ကျနော်တို့ဖြစ်ပါတယ်။ မတ်လ ၁၃ ရက်နေ့ဟာ ဆရာမြေဇာရဲ့ ၇၇ နှစ်မြောက်မွေးနေ့ပါ။ ဆရာ သက်ရှိထင်ရှားရှိလိမ့်ဦးမယ်ဆိုရင်ပေါ့လေ။ 

၂၀၂၁ မတ်လ ၁၀ ရက်နေ့မနက် ဝေလီဝေလင်းအချိန် ကျနော်ရန်ကုန်ကိုစွန့်ခွာခဲ့တဲ့အခါကစပြီး ဆရာနဲ့ အဆက်အသွယ်လုံးဝပြတ်တောက်သွားပါတော့တယ်ခင်ဗျာ။ ရွာကလေးတရွာမှာ အားမွေးရင်း ဓားသွေးရင်း ယာလုပ်ရင်း နေလာလိုက်တာ ကိုဗစ်တတိယလှိုင်းထဲမှာ ဆရာတိမ်းပါးသွားတာကို အဝေးကနေပဲ ကြားသိခဲ့ရပါတယ်။ 

ဆရာ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခြင်းမပြုနိုင်ခဲ့ပါဘူး။ ဆရာ့ကိုသတိရလွမ်းဆွတ်မိတဲ့အခါ Mandalay Rum ကိုပါ သတိရမိတတ်ပါတယ်။ 
ဆရာ့အကြောင်း ဆာသော်ဒိုး ရေးခဲ့မိတဲ့ဆောင်းပါးတစ်ပုဒ်ရဲ့ခေါင်းစဉ်လေးကလည်း "မန္တလေးကိုချစ်သော ဆရာမြေဇာ " မဟုတ်ပါလား။

ဆရာရယ် အစ်ကိုဝင်းအောင် (WA) ရယ်၊ ကျနော်ရယ် သက္ကရာဇ် ၂၀၀၀ မပြည့်ခင်တနှစ်က လူထုဒေါ်အမာပွဲကို အတူတူသွားကြစဉ် တကယ့်ကိုရယ်မောဖွယ်ရာအဖြစ်မှန်အကြောင်းအရာလေးကို ခပ်ရွှင်ရွှင် ရေးခဲ့မိတာပါ။ 

ဒီနေ့ မတ်လ ၁၃ ရက် ညဘက်ကျရင်တော့ ဟောသည်ရွာကလေးမှာ လုံးလီး၊ အထီးကျန်၊ တကိုယ်တော် ကျနော် ဆသဒ Mandalay Rum မရမကရှာပြီး အဖော်ပြုရတော့မှာပဲ။ 

                         ဆ သ ဒ
              (ခေတ္တတောင်သူကြီး)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar