Breaking News

အိုက်နီ(ဖြူး) - နွေဦးနှင့်အတူ ဖူးပွင့်လာသော တော်လှန်ပန်းနီနီ (သို့မဟုတ်) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)

အိုက်နီ(ဖြူး) - နွေဦးနှင့်အတူ ဖူးပွင့်လာသော တော်လှန်ပန်းနီနီ (သို့မဟုတ်) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)

(မိုးမခ) မတ် ၁၃ ၊ ၂၀၂၃


 လူ့အဖွဲ့အစည်းရယ်လို့ဖြစ်ပေါ်လာဖို့ တိုက်ပွဲသုံးခုကို ဖြတ်သန်းရပါတယ်။ ကုန်ထုတ်လုပ်မှုတိုက်ပွဲ ၊ သိပ္ပံနည်းပညာစမ်းသပ်မှုတိုက်ပွဲနဲ့ လူတန်းစားတိုက်ပွဲပါ။  ဒီတိုက်ပွဲသုံးခုကို မဖြတ်သန်းဘဲ လူ့အဖွဲ့အစည်းအဖြစ်မတည်ရှိနိုင်ပါဘူး၊ ကုန်ကုန်ပြောရရင် ရုပ်ကမ္ဘာအဖြစ်မဖြစ်ပေါ်လာဘူး။ ဒီတိုက်ပွဲသုံးခုကို ဘယ်ဖန်ဆင်းရှင်မှ မတတ်စွမ်းနိုင်သလို ဘယ်ကယ်တင်ရှင်မှလည်း မဖန်တီးနိုင်ပါဘူး။ လူ့အဖွဲ့အစည်းဟာ လူသားတွေရဲ့သမိုင်းပဲဖြစ်ပါတယ်။ လူသားတွေရဲ့ တိုက်ပွဲအရပ်ရပ်ဟာ မိုးပေါ်က ကျလာတာမဟုတ်သလို မြေကြီးထဲက ပေါ်ထွက်လာတာမဟုတ်ပါဘူး။ ဒီလူသားတွေရဲ့ တိုက်ပွဲတွေကနေပဲ စနစ်ကြီး (၅)ရပ်ကို မဖြစ်မနေ ဖြတ်သန်းရမှာပါ။ ပဒေသာပင်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်နဲ့ ဆိုရှယ်လစ်ခေတ်ပါ။ ဒီခေတ်စနစ်တွေကို မဖြစ်မနေကျော်ဖြတ်ရမှာက လူသားတွေရဲ့တိုက်ပွဲ (သို့မဟုတ်) လူတန်းစားတိုက်ပွဲပါ။ ဒီကနေ့ ဗမာပြည်လူ့အဖွဲ့အစည်းဟာ ပဒေသရာဇ်တပိုင်းကိုလိုနီတပိုင်းနိုင်ငံကို ဖြတ်သန်းနေရတာပါ။ နွေဦးတော်လှန်ရေးက အရင်းရှင်လူ့အဖွဲ့အစည်းရောက်ရှိလာဖို့ အားထုတ်နေရတဲ့ကာလပါ။ အရင်းရှင်လူ့အဖွဲ့အစည်းကို မဖြတ်ကျော်ဘဲ ဆိုရှယ်လစ်ခေတ်ကို မရောက်ရှိနိုင်ပါဘူး။ ဆိုရှယ်လစ်ခေတ်ကို အရောက်ချီတက်ဖို့ ဓနရှင်လူတန်းစားခေါင်းဆောင်မှုနဲ့ လစ်ဘရယ်ဒီမိုကရေစီခေတ်ဦးအတွက် လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြရတာပါ။ လစ်ဘရယ်ဒီမိုကရေစီတော်လှန်ရေးအတွင်းမှာ အရောင်အသွေးစုံလင်တဲ့ တော်လှန်ပန်းတွေ ပွင့်လန်းနေကြတာပါ။ အရောင်အသွေးစုံလင်တဲ့တော်လှန်ပန်းတွေထဲမှာ ပြည်သူ့ဒီမိုကရေစီအလံကို မြဲမြံစွာဆုပ်ကိုင်ပြီး ဆိုရှယ်လစ်ခေတ်ကို မမှိတ်မသုန်လျှောက်လှမ်းနေတဲ့ အဖိုးမဖြတ်နိုင်တဲ့ တော်လှန်ပန်းနီနီတပွင့်ဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လို့ ခေါ်ဆိုတဲ့ PLAပဲဖြစ်ပါတယ်။ PLAဟာ လူတန်းစားတိုက်ပွဲကို ဦးဆောင်ဦးရွက်ဆင်နွှဲနေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို အကြွင်းမဲ့ခံယူထားတဲ့ ပြည်သူ့တပ်မတော်ပဲဖြစ်ပါတယ်။

ပါတီတည်ဆောက်ရေး၊ တပ်တည်ဆောက်ရေး၊ ဒေသတည်ဆောက်ရေးဆိုတဲ့ တည်ဆောက်ရေး(၃)ခုမရှိဘဲ တော်လှန်ရေးတရပ်ကို အောင်ပွဲမခံနိုင်ပါဘူး။ ပါတီတည်ဆောက်ရေးဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့နိုင်ငံရေးခေါင်းဆောင်မှု၊ တပ်တည်ဆောက်ရေးဆိုတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဒေသတည်ဆောက်ရေးဆိုတဲ့ ပြည်သူလူထုနဲ့ ရေနှင့်ငါးပမာ အတူရှင်သန်ပြီး အခြေခံဒေသ လွတ်မြောက်ဒေသတွေ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ပါတီရဲ့နိုင်ငံရေးခေါင်းဆောင်မှုကို အကြွင်းမဲ့ခံယူပြီး အခြေခံဒေသ၊ လွတ်မြောက်ဒေသတွေ ပေါ်ထွန်းရေးအတွက် NUG PDF၊ LDF၊ Eros တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ ပေါင်းစပ်ဖော်ဆောင်နေတာပဲ ဖြစ်ပါတယ်။

 ၂၀၂၃ခုနစ် မတ်လ ၁၅ ရက်နေ့ဆိုရင် ဆုံးရှုံးသွားတဲ့ လက်နက်ကိုင်တော်လှန်ရေးအလံကို အမြင့်ဆုံးလွှင့်ထူပြီး စစ် ၃ စစ် ဖျက်သိမ်းရေးတိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ပြန်လည်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်မြောက်တဲ့အခါသမယပဲ ဖြစ်ပါတယ်။ ပြန်လည်ဖွဲ့စည်းတာ ၂ နှစ်သားဆိုသော်ငြား ပါတီရဲ့ ဖြတ်သန်းမှုဟာ ၂၀၂၃ ခုနှစ်ဆိုရင် ၈၄ နှစ်သက်တမ်းရှိနေတဲ့ ဝါရင့်တဲ့ပါတီရဲ့ နိုင်ငံရေးကောင်းမွေတွေကို ဆက်ခံပြီး သွေးသစ်လောင်းတဲ့ မျိုးဆက်သစ်ပြည်သူ့တပ်မတော်တရပ်ပဲ ဖြစ်ပါတယ်။ ပြည်သူ့တပ်မတော်ရဲ့  ၂ နှစ်ပြည့်မွေးနေ့မှသည် စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ စစ်ယန္တရား ဆိုတဲ့ စစ် ၃ စစ်ကို အကုန်အစင်ဖျက်သိမ်းပြီး ပြည်သူလူထု လိုလားတောင့်တတဲ့ စစ်ဗြူရိုကရက်အရင်းရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီနိုင်ငံအသစ် ချီတက်နိုင်မှာဖြစ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ရပ်တည်ချက်၊ အမြင်၊ နည်းနာဆိုတဲ့ သဘောတရားကို လက်တွေ့ဘဝနဲ့ ပေါင်းစပ်ပြီး အောင်ပွဲရရှိသည်အထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဗမာပြည်တော်လှန်ရေးရဲ့ ပကတိဟာ တစုတဖွဲ့ တပါတီတည်း အောင်ပွဲမခံနိုင်တဲ့ ပကတိအခြေအနေအရ နိုင်ငံရေးအရတန်းတူရေးကို အခြေခံတဲ့ အကျယ်ပြန့်ဆုံးတပ်ပေါင်းစုကြီး ဖွဲ့စည်းတည်ဆောက်နိုင်ပြီး ဘုံရန်သူစစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန်ရှည်တည်တံ့ပါစေ။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တိုက်ပွဲတိုင်း အောင်မြင်ရမည်။

အလေးနီဖြင့်

အိုက်နီ(ဖြူး)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar