Breaking News

ကိုသန်းလွင် - မလေးရှားဝန်ကြီးချုပ်နှင့် နိုင်ငံရေး

ကိုသန်းလွင် - မလေးရှားဝန်ကြီးချုပ်နှင့် နိုင်ငံရေး

(မိုးမခ) မတ် ၁၃၊ ၂၀၂၃


( ၁ ) 

မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင် အဖို့အစကောင်းခဲ့ပါသည်။ သူ၏ ကက်ဘိနက်သည် ခြစားခြင်းကင်းသော ကက်ဘိနက်ဖြစ်ရမည်။ လာဘ်စားသော ဝန်ကြီးများကို ဖြုတ်ပစ်ရမည်ဟု ကြွေးကျော် ခဲ့ပါသည်။ သူသည် မလိုအပ်သောအရာများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ ဥပမာ ရုံးတရုံးသို့ဝင်လျှင် အဝတ်အစားများ (Dress Code) ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ရမည်ဆိုသော စည်းကမ်းကို ပယ်ဖျက်ခဲ့သည်။ အစိုးရဝန်ထမ်းများကို နေပူကျဲကျဲတွင် စုရုံး (assembly) ရမည်ဆိုခြင်းကိုလည်း ပယ်ဖျက်ခဲ့သည်။

သူသည် မလေးရှားလူမျိုးများကို ပါပါ ဟုခေါ်ခြင်းကို မပြုလုပ်ရန် တားမြစ်ခဲ့သည်။  မူဟေဒင် ယာစင် (Muhyiddin Yasin) လက်ထက်က သူ့ကို ဘေးလူများက အဘ (Abab) ဟုခေါ်ကြခြင်းကို လည်းကောင်း၊ ကြီးသောအန်ကယ် (Pak Long) ဟု ခေါ်ခြင်းကို လည်းကောင်း ခွင့်ပြုခဲ့ကြပါသည်။

( ၂ )

သူက အတွင်းလူ၊ ရင်းနှီးသူများသာ နားလည်သော စကားများကို ခင်မင်သော အသုံးအနှုန်းဖြင့်ပြောခဲ့ရာ ယင်းတို့မှာ အန်နဝါ သုံးသောစကားဟူ၍ အင်တာနက်တွင် ပျံ့နှံ့လျက်ရှိပါသည်။ နိုင်ငံနှင့် တကမ္ဘာလုံး အဖို့ ဝန်ကြီးချုပ် လုပ်ရန် ၂၄ နှစ် တာမျှစောင့်ခဲ့ရခြင်းကို နားလည်ကြပါသည်။ သူ့ကို ဒုဝန်ကြီးချုပ်အဖြစ်မှ ထုတ်ပယ် ဆိုဒိုမီ အမှုနှင့်စွတ်စွဲ၍ ထောင်ကျချိန်ကစ၍ ဤသို့ဖြစ်ရန် စောင့်ဆိုင်းရခြင်း ဖြစ်သဖြင့် အန်နဝါ သည် သူ လုပ်နိုင်သမျှ လုပ်ပြနိုင်ရန် စိတ်စောလျက်ရှိသည်မှာလည်း အထင်အရှားပင် ဖြစ်ပါသည်။ စောင့်ဆိုင်းနေရမှုကြောင့် အန်နဝါအပေါ်တွင် စိတ်ကောင်းရှိကာ ခွင့်လွှတ်ဖို့ကိုသာ ကြည့်နေကြသော ပရိသတ်အဖို့ ဟန်းနီးမွန်းကာလမှာ ကုန်ဆုံးသွားပြီဟု ဆိုနိုင်ပါသည်။

ပါကတန် ဟာရပန် (Pakatan Harapan PH) ၏ခေါင်းဆောင်ကြီးသည် နိုဝင်ဘာလက ကျမ်းသစ္စာ ကျိန်ဆိုအပြီး တပတ်မကြာခင် ကိုဗစ်-၁၉ ထောက်ပံ့ငွေမှ မလေးရှားငွေ RM ၆၀၀ ဘီလီယံမျှ အလွဲသုံးစား လုပ်ထားသည့် အမှုကို စစ်ဆေးရန် အမိန့်ပေးခဲ့သည်။ သူ အမိန့်ပေးပြီးမှ ထိုငွေပမာဏမှာ ဘီလီယံ မဟုတ်တော့ဘဲ မီလီယံဖြစ်သွားသည်။ ထိုကိစ္စသည် သူ့အရင်အစိုးရ လက်ထက်မှာဖြစ်ပွားခဲ့သောအမှု ဖြစ်ပါသည်။ သူသည် ရေကြီးခြင်းရန်ပုံငွေမှ RM ၇ ဘီလီယံကို တင်ဒါမခေါ်ဘဲ ပရောဂျက်ကို ချပေးခြင်းအတွက် ထိုပရော ဂျက်ကို ဖျက်သိမ်းခဲ့ပါသည်။ သူ တာဝန်ယူနေသည့် အချိန်များတွင် ဤအမှုများကို ဖြစ်ပွားစေခဲ့ခြင်းအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒါရိုက်တာ ဂျင်နရယ်ကို ခွင့်သွားစေခဲ့ပါသည်။

ဘာရီဆန် နေရှင်နယ် (BN Barisan National) နှင့် ပါကလန် ဟာရပန် တို့၏ ပူးပေါင်းမှုမှာ ချက်ချင်း ပြေလျော့သွားခဲ့ပါသည်။ ထိုအဖွဲ့နှင့် ပူးပေါင်းကာ ညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ အစကတည်းက မှားခဲ့ကြသည်ဟု ဆိုရပါမည်။ သူတို့သည် မှားယွင်းသော ခြေလှမ်းများဖြင့် လမ်းကို စလျှောက်ခဲ့ကြပြီး လူနေမှု တန်ဖိုး (Cost Of Living) ကျန်းမာရေးနှင့် ပတ်သက်၍ ဈေးကြီးနေခြင်းများကို မဖြေရှင်းနိုင်ခဲ့ကြပါ။

ဇန်နဝါရီလက မာဒေးကားစင်တာ (Mardeka Center) ပြည်သူ့ဆန္ဒကို ထောက်ခံသောအဖွဲ့က ဝန်ကြီးချုပ်နှင့် သူ၏အစိုးရကို ပြည်သူလူထုက ထောက်ခံမှုကို ကောက်ခံခဲ့ရာ ၆၈ ရာခိုင်နှုန်းနှင့် ၅၄ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ ထိုအချက်သည် ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း ဒေါက်တာမဟာသီယာနှင့် မူဟေဒင် တို့လက်ထက်က အချိန်များနှင့်စာသော် နည်းနေပါသေးသည်။ မဟာသီယာလက်ထက်အချိန် ဇူလိုင် ၂၀၁၈ ခုနှစ်တွင် လူ ၁၀ ယောက်တွင် ၇ ဦးက အစိုးရကို ထောက်ခံခဲ့သည်။ မူဟေဒင်နှင့် လက်ထက် ပါရီကန်တန် နေရှင်နယ် (Parikatan Nasional) မေလ ၂၀၂၀ နေ့၌ ထောက်ခံမှု ၇၀ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

ဇန်နဝါရီလ စစ်တမ်းကောက်ယူပြီးချိန်တွင် ဇန်နဝါရီ၏ အစိုးရမှာ ပြဿနာများ ဝိုင်းလျက်ရှိပါသည်။ အဆိုးဆုံးမှာ သူ၏ သမီးဖြစ်သူ နူရူး အီဇာ (Nurul Izzah) ကို သူ၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ခန့် အပ်လိုက်သောအခါ  သူ့ကို ဆွေမျိုးကြီးဝါဒ (nepotism) ဖြစ်သည်ဟု စွပ်စွဲကြသည်။ သူ့သမီးမှာထို ရာထူးကို စွန့်လွှတ်လိုက်ပြီး ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ သူ့ကိုအကြံပေးသော အဖွဲ့ခေါင်းဆောင် ဖြစ်သွားတော့သည်။ အန်နဝါက ပြောသည်မှာ သူ့သမီးဖြစ်သူသည် နိုဝင်ဘာလရွေးကောက်ပွဲ၌ ပါမာတန် ပေါက် (Pamatang Pauh) တွင် မိသားစုက ၄ နှစ်လုံးလုံး ယူထားသည့်နေရာကို ဆုံးရှုံးခဲ့ရပြီးနောက် ဤရာထူးသည် သူနှင့်ထိုက်တန်ပါသည်ဟု ပြောခဲ့သည်။ သို့သော် ထိုအပြုအမူမျိုးသည် တချိန်က သူ ရှုတ်ချခဲ့သော အန်မို (Umno- United Malays National organization) ခေါင်းဆောင်သည့် BN အစိုးရကို တော်လှန်ခဲ့သော ပြုပြင်ရေး အယူအဆများကို စွန့်လွှတ်လိုက်ပြီလားဟု တွေးတောစရာဖြစ်နေပါသည်။

BN နှင့် ပူးပေါင်း၍ အစိုးရဖွဲ့နိုင်ခြင်းသည်လည်း လိုအပ်သော လုပ်ဆောင်ချက်တခု ဖြစ်စေကာမှု Umno ၏ ဥက္ကဋ္ဌမှာ ဇာဟစ် ဟာမီဒီ (Zahid Hamidi) လက်ထောက်ဝန်ကြီးချုပ်မှာ တဒါဇင် မျှရှိသော ပုဒ်မများဖြင့် တရားစွဲခံနေရပါသည်။ ထို့ကြောင့် မဲအရေအတွက်အရ မလုပ်မဖြစ်လုပ်ရသော ပါလီမန်အတွင်း၌ မဖြစ်သင့်သည်များကို လက်ခံလုပ်နေရသောသဘော ဖြစ်နေပါသည်။

ဤစွပ်စွဲချက်က လည်ပင်း၌ စွဲထားသော ပန်းကုံးသဖွယ် ဖြစ်နေပါသည်ဟု ပီနန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါသည်။ မည်သို့ဆိုစေ သူ၏ ဒုဝန်ကြီးချုပ်က သူ့ကို အမှုတွင်းမှ ဆွဲထုတ်ပါလို့ မပြောခဲ့ပါဟု ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ယိုးဒယားသို့ ရောက်ရှိနေစဉ် အန်နဝါက ပြောခဲ့ပါသည်။

နူရူးကို ရာထူးပေးခြင်းမှာ သူ၏ပြုပြင်ရေးလုပ်ငန်းများကို မျက်ကွယ်ပြုရာရောက်သည်ဟု အစွပ်စွဲခံနေရစဉ်မှာပင် လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိ ဂျိုဟာရီ အဘာဒူ (Johari Abdul) က သူ၏သားဖြစ်သူကို သူ၏ရုံးတွင် ရာထူးပေး ခန့်အပ်လိုက်ပြန်သည်။ ဤသည်မှာ အစိုးရအနေဖြင့် ရာထူးနေရာ လစ်လပ်မှုအများအပြားရှိနေချိန်မှာ ဖြစ်သည်။ ဥပမာ ပြည်ထဲရေးဌာန အတွင်းဝန်၊ ဘဏ္ဍာရေးဌာန အထွေထွေအတွင်းရေးမှူး၊ အစိုးရ၏ အတွင်းရေးမှူး ရာထူးနေရာများမှာ လစ်လပ်နေပါသည်။

အစိုးရက ထိပ်တန်းအရာရှိ လူ ၂၀ ကျော်ကို ခန့်အပ်ရန် ကျန်ရှိနေခြင်းကို အတိုက်အခံခေါင်းဆောင် မူဟေဒင် သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ “ဒါဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ပါ၊ သူတို့မရှိဘဲ ဝန်ကြီးတွေ ဘယ်လိုအလုပ်လုပ်နေသလဲ။ သူတို့ရုံးတွေထဲမှာ သူတို့သားသမီးတွေပဲ ထိုင်နေကြသလား”ဟု မေးခွန်းထုတ်ခဲ့ပါသည်။

ဘဏ္ဍာရေးဝန်ကြီးလုပ်သူမှာ “သူ၏ အထွေထွေ အတွင်းရေးမှူးမရှိဘဲ တိုင်းပြည်၏ ငွေဖောင်းပွမှုနှုန်းကို လျှော့ပါးအောင် မည်သို့ လုပ်ဆောင်နေပါသလဲ” ဟု မာဒေးကားစင်တာ၏ အဓိက မေးခွန်းတွေထဲတွင် ပါဝင်နေပါသည်။

ဆေးရုံများတွင် ပစ္စည်းကိရိယာ မလုံလောက်ခြင်း၊ ဝန်ထမ်းမလောက်ငခြင်း၊ လူထုအသုံးအဆောင် ပစ္စည်းများ မရှိဖြစ်နေခြင်းမှာ လွန်စွာ အရုပ်ဆိုးပါသည်။ လူနာများမှာ လွန်စွာ များပြားနေပြီး အချို့နေရာများ တွင် မလိုအပ်ဘဲ တန်းစီနေရသောကြောင့် လူနာ သေဆုံးသွားမှုများ ဖြစ်ပွားနေပါသည်။ ယခင်အစိုးရ လက်ထက်က အချက်အလက် မပြည့်စုံဘူးဟုဆိုကာ တရားရှင်လွှတ်ပြီးဖြစ်သည့် လူ့အခွင့်အရေး ဆော်သြသူ ဟေဒါကွဒ် (Heldy Quah) ကို ရုံးထပ်တင်သောအမှုမှာလည်း လူအများ ဝေဖန်စရာ ဖြစ်နေပြန်ပါသည်။

အန်နဝါ၏ အဝတ်အစားဆိုင်ရာ ဥပဒေ (dress code) မှာလည်း အမိန့်သာထုတ်ပြီး လိုက်နာမည့်သူမရှိဘဲ ဖြစ်နေသည်မှာ မကြားရအောင် နားပိတ်ထားသူကို ကပ်ပြောနေသကဲ့လို့ ဖြစ်နေပါသည်။ အမျိုးသမီး နှစ်ဦးမှာ သူတို့ဝတ်လာသည့်အဝတ်အစားကြောင့် ဆေးရုံနှင့် ရဲဌာနသို့ ဝင်ခွင့်မှ ငြင်းပယ်ခံကြရပါသည်။ အစိုးရက သတ်မှတ်သည့် ဥပဒေမှာ မပြည့်စုံမှု လူအများကြား သိရအောင် မကြေညာမှုတို့ကြောင့် အဝတ်အစားဆိုင်ရာ ဥပဒေမှာ လိုက်နာသည့်သူရှိသလို မလိုက်နာဘဲ အတင်းငြင်းခုံနေကြသူများလည်း ရှိသည်။

အစိုးရအဖွဲ့တွင် ပါဝင်နေသူတယောက်က “သင်အိပ်ရာဝင်လျှင် ဘောင်းဘီရှည်နှင့် အင်္ကျီလက်ရှည်ကို ဝတ်ပါလေ၊ အကယ်၍ ညဉ့်လယ်ကောင်တွင် သင် နှလုံးရောဂါရပါက သင် ဝတ်စားထားသည်တို့က မပြည့်မစုံ ဖြစ်နေလျှင် သင် ဆေးကုသမှု ငြင်းပယ်ခံရနိုင်ပါသည်” ဟု တွစ်တာတွင် ရေးသားထားသည်။

( ၃ )

အစိုးရသည် ယခုအချိန်တွင်တော့ တည်ငြိမ်နေပါသည်။ တကယ်လက်တွေ့စမ်းသပ်ခံရမည့်အချိန်မှာ ဟာရီရာ (Hari Raya) ပွဲတော်ကျင်းပမည့် ဧပြီလနောက်ပိုင်းတွင် ဖြစ်သည်။ ဈေးနှုန်းများမှာလည်းမကျဘဲ  တက်၍ကောင်းတုန်း ရှိသေးသည်။ ငွေဖောင်းပွနှုန်းမှာ နိုဝင်ဘာ ၃ ဒသမ ၈ ရှိသည်။ ဒီဇင်ဘာလတွင် ၄ ရှိသည်။ အမြဲတစေ လစဉ် ဒသမ ၂ တက်လျက်ရှိသည်။ ဟာရီရာ ပွဲတော်အတွင်း၌ ကြက်သားဈေးတက်ခြင်းမှာ မလေးလူမျိုးတို့ကို စိတ်ဆိုး ဒေါသထွက်စေပါလိမ့်မည်။

ကိုသန်းလွင်

Ref: Hmoneymoon over for PM Anwar, By Shannon Teoh , The Strait Times January 18 2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar