Breaking News

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ကဗျာများ - ကြယ်တာရာ၊ မောင်လင်းရိပ်၊ မင်းငြိမ်းအေး

မတ် ၂၁၊ ကမ္ဘာ့ကဗျာနေ့ ၂၀၂၃ 
ကြယ်တာရာ မောင်လင်းရိပ် မင်းငြိမ်းအေး)
ကမ္ဘာ့ကဗျာနေ့
ကြယ်တာရာ

ကဗျာကြယ်တွေ
လက်ပါစေ
ကဗျာပန်းတွေ
ဖွေးဖွေးလှုပ်ပွင့်ပါစေ
       
Mrc 21 2023
...

ကြက်သွန်လေး တစ်ဖဲ့
မောင်လင်းရိပ်

ဘယ်ဆုတောင်းကမှ ဘယ်တော့မှ လုံလောက်တယ်မရှိလည်း 
စဉ်းစားရဲစရာ မရှိတဲ့ အဆိုးတွေ ကြားတိုင်း ဆုတောင်းပေးတဲ့ အလုပ်ကိုသာ ကြိုးကုတ်အားထုတ်နေကြတာလား
ခုနေခါ နားကြားပြင်း အကတ်ဆုံးသည် (R I P) ငြိမ်းချမ်းစွာ နားစက်လေဆိုတဲ့ အသံ
ဘေးအစင်းစင်းကြားထဲ နစ်နေတဲ့သူဟာ ဘေးကင်းပါစေဆိုတဲ့ ဆုတောင်းနဲ့ မောင်းတက်ခဲ့ရမှာလားတဲ့
လိုရင်းအမှန်ကို ကြေးနန်းပြန်ရိုက်တယ် ကျည်နဲ့ ဆန် အမြန်ပို့ပါတဲ့
ဆိုလိုသော အနက်မှာ စကားဟူသည် ပစ်လို့လည်း မရ စားလို့လည်း မဖြစ်ပါကြောင်း တဲ့
အစုလိုက် အပြုံလိုက် အသတ်ခံကြရတဲ့ အကုသိုလ်ကံဟာ ဘယ်ကလာသလဲ
အစုလိုက် အပြုံလိုက် လူမဆန်ရက်စက်တဲ့ မိစ္ဆာတွေနဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် အကြောင်းကံက လာသတဲ့
ရွာသားတွေ ပျောက်သွားတဲ့ ရွာကလေးဟာ သူ့ရွာသားတွေကို လိုက်လို့ရှာနေ
နိုင်ငံသားတွေ ပြေးသွားတဲ့ နိုင်ငံကလေးဟာ သူ့နိုင်ငံသားတွေကို လိုက်ရှာရဦးမှာပဲ
နိုင်ငံကူးလက်မှတ်ဆိုတာကို နိုင်ငံပြေးလက်မှတ်လို့ ခေါ်မိရင် ရာဝတ်တော် ခံရမည်
မြတ်ပန်တော်ပန်း ခိုင်လုံးလန်းဆိုတာ ဘုန်းနှင့်ကံနှင့် ရွှေသဇင် မဟုတ်တော့လေ
စာအုပ်အနီလေးကို သဇင်ခက်နီနီလေးလို ရင်မှာ ပွေ့လျက် ထွက်သွားခဲ့ကြတာလား ရှက်သွားခဲ့ကြသေးလား
လှိုင်းတွေကတော့ မပြတ်ရိုက်မှ ဖြစ်လိမ့်မယ် လေလှိုင်းလား ရေလှိုင်းလား လှိုင်းနေတဲ့ ဟန်တွေတော့ ချန်ခဲ့
အင်အားတွေ မကျန်စတမ်း လွန်မှ မလွမ်းစတမ်း။ အသက်တွေ သွန်ထည့်နေသူတွေအတွက်
ကြက်သွန်တစ်ဖဲ့မှ မထွက်ခဲ့ရင်လည်း ငရဲသစ်ငုတ်မြဲလိမ့်မယ် ငါ့လူတွေ။

၂၀၂၃၊ မတ် ၂၀
...

ပျင်းရိခြင်းအကြောင်း
မင်းငြိမ်းအေး

နေနဲ့အတူလိုက်ရွေ့ခဲ့တယ်
မြေနဲ့အတူတိမ်းစောင်းခဲ့တယ်
အတင်းအဖျင်းစကားပုံတွေနဲ့
ချီးမွမ်းခန်းဖွင့်ခဲ့
ဂုဏ်ယူစရာကောင်းအောင်
ကဲ့ရဲ့ခဲ့
လူသေအလောင်းတွေဖေါ်ပြီး
လူအရှင်တွေနဲ့
ပြပွဲလုပ်ခဲ့
သွေးလိုအပ်တဲ့မြစ်တွေအတွက်
သွေးလှုရှင်ရှာခဲ့
မိသားစုနဲ့ငွေကြေးကို
အချိုးမချတတ်သေး
အသဲကွဲခြင်းမှာ
ဆေးမယဉ်သေး
အရပ်ဆယ်မျက်နှာထိ
မေတ္တာမထားတတ်သေး
ငါပျင်းခဲ့တာကမ္ဘာတည်ပါတယ် ။
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar