Breaking News

မြန်မာ့အရေး ဖြေရှင်းမှုမှာ တရုတ်ကြားဝင်မှုကို NUG ကကြိုဆို၊ အမေရိကန်နဲ့ တရုတ်အားပြိုင်မှုက မြန်မာအပေါ် သက်ရောက်နိုင်လား

မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၁ မြင်ကွင်း

(မိုးမခ) မတ် ၂၂၊ ၂၀၂၃


မြန်မာ့အရေး ဖြေရှင်းမှုမှာ တရုတ်ကြားဝင်မှုကို NUG ကကြိုဆို၊ အမေရိကန်နဲ့ တရုတ်အားပြိုင်မှုက မြန်မာအပေါ်  သက်ရောက်နိုင်လား 

မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခကျယ်ပြန့်လာတာတွေ၊ ပြည်တွင်းစစ် မီး ပိုတောက်လောင်လာတာတွေ ကို အဖြေရှာဖို့ အရေးကိစ္စမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ NUG အစိုးရအနေနဲ့ ကြိုဆိုအသိအမှတ်ပြုကြောင်းကို ယာယီသမ္မတ ဒူးဝါးလရှီးလက ယနေ့ ပြုလုပ်တဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ 

တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ တိန့်ရှီကျင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တကြိမ်၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တကြိမ်စီတွေ့ဆုံခဲ့သလို ယခု ၂၀၂၃ ခုနှစ် မတ်လဆန်းပိုင်းမှာ လအနည်းငယ်အတွင်း စစ်ကောင်စီ ခေါင်းဆောင်နဲ့ နေပြည်တော်မှာ ထပ်မံတွေ့ဆုံခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ မတ်လလယ်မှာ FPNCC အဖွဲ့ မှာပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

အခုလို စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံအပြီး မြန်မာနိုင်ငံ မြောက်ပိုင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ သီတင်းပတ် အနည်းငယ်အတွင်း သွားရောက်တွေ့ဆုံမှုတွေကိုကြည့်ရင် မြန်မာ့အရေးမှာ တရုတ်ရဲ့ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းမှု နောက်တကျေ ာ့အရှိန်မြှင့် ကြိုးစားမှု တခုလို့ ခန့်မှန်းရပါတယ်။ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ဟာ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ တွေ့ဆုံတာမျိုးတော့ မဟုတ်ပဲ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့၊ ဆက်ဆံရေး ရှိပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။ 

CNF၊ PNLO၊ အာရ်စီအက်စ်အက်စ်၊ ကေအန်ယူလို၊ ကေအန်ပီပီလို၊ မွန်ပြည်သစ် ပါတီတို့လို အဖွဲ့တွေက တရုတ်နိုင်ငံနဲ့ ထိစပ်မှုမရှိကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုမျိုး မရှိဘဲ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အနောက်နိုင်ငံတွေနဲ့ တိုက်ရိုက်သို့မဟုတ် တဆင့်ခံ ဆက်ဆံရေးမျိုး ရှိကြတာ၊ အမေရိကန်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ NUG ကို လက်ခံ နေရာပေးထားတဲ့ အဖွဲ့အစည်းမျိုးတွေ ဖြစ်ပါတယ်။ 

တရုတ်အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း မကြာသေးခင်က တွေ့ဆုံခဲ့ပါသေးတယ်။ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံပေမယ့် နိုင်ငံရေးပါတီတွေနဲ့တော့ တွေ့ဆုံတာ မရှိသေးပါဘူး။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ကုန်သွယ်မှုဆိုင်ရာ အကျိုးစီးပွား စီမံကိန်းဆိုင်ရာ အကျိုးစီးပွားတွေသက်သက်မျှ မဟုတ်ဘဲ မိုင်ထောင်ချီ နယ်နိမိတ် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး ပထဝီအနေအထား အရ တရုတ်နိုင်ငံရဲ့ ဒေသအချို့အတွက် ပင်လယ်ထွက်ပေါက် ဖြစ်တဲ့ သဘာဝအနေအထား၊ တရုတ်လို အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်ဖို့ အလားအလာရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေခြင်း စတဲ့အချက်တွေက မြန်မာနိုင်ငံအရေးကို တရုတ်အနေနဲ့ လုံးလုံးလျားလျား လျစ်လျူရှုထားနိုင်တဲ့ အနေအထားမျိုး မဟုတ်တာ ထင်ရှားပြီး မြန်မာ့နိုင်ငံပြဿနာဟာ တရုတ်နိုင်ငံ အကျိုးစီးပွားကို တနည်းနည်းနဲ့ ရိုက်ခတ်စေနိုင်တဲ့ အရေးဖြစ်တယ်လို့ ခံယူထားတဲ့သဘော ဖြစ်ပါတယ်။ 

တဖက်မှာလည်း အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာမှာ စီးပွားရေးအရ၊ နည်းပညာအရ၊ စစ်အင်အားအခင်းအကျင်းအရ၊ ယှဥ်ပြိုင်နေကြတဲ့ အင်အားကြီး ၂ နိုင်ငံဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာရဲ့ သက်ရောက်မှုတွေက မြန်မာ့နိုင်ငံရေးအပေါ် အကျိုးသက်ရောက်လာစေနိုင်တာလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာကို အိမ်နီးချင်းနိုင်ငံအဖြစ် ထည့်သွင်းစဥ်းစားပြီး ချမှတ်တဲ့ မဟာဗျူဟာ နဲ့ ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှု၊ မဟာဗျူဟာတွေထဲက တနေရာအဖြစ် ထည့်သွင်းစဥ်းစားတဲ့ မဟာဗျူဟာတို့က တူညီနိုင်မှာ မဟုတ်ပါဘူး။ 

တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး အတိုက်အခံအင်အားစု တွေအပေါ် အမေရိကန်ရဲ့ နယ်ရုပ်သဖွယ်၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမှာ ဝင်ရောက်ပါဝင်တဲ့ နယ်ရုပ်တရုပ်သဖွယ် မရှုမြင်ဖို့လည်း အရေးကြီးပါတယ်။ မြန်မာ့ အတိုက်အခံအင်အားစု တနည်းအားဖြင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုဟာ ဖက်ဒရယ် ဒီမိုကရေစီလိုလားတဲ့ အင်အားစုအဖြစ်သာ ရှုမြင်တာမျိုး အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ နယ်ရုပ်တရုပ် မဟုတ်ဘူးဆိုတဲ့ ရှုမြင်မှုမျိုး မြင်အောင်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ သတိပြုထားသင့်တာ ဖြစ်ပါတယ်။ 

NUG အနေနဲ့ အခုလို တရုတ်ရဲ့ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းမှုကို ကြိုဆိုလိုက်ခြင်းဟာ သံတမန်ရေးအရ လိမ္မာတဲ့ သဘောထားပြသမှုတရပ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုမှာ မပါဝင်ဘဲ မိမိတို့နိုင်ငံရဲ့အရေး ကိစ္စကသာ ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးဖြစ်တယ်ဆိုတဲ့ ရည်မှန်းချက်တွေကို ပြသလိုက်တာမျိုး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အင်အားကြီး နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြား တည်ရှိနေတဲ့အချက်ကိုလည်း သတိရှိရှိနဲ့ စဥ်းစားဆောင်ရွက်နိုင်ပါမှ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ အခင်းအကျင်းတွေထဲက အသုံးချခံရတဲ့ မြေပြင် နေရာတခု နိုင်ငံတခု အဖြစ်ကနေ ရှောင်လွှဲနိုင်မှာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar