Breaking News

မောင်ဘဦး - ဗြဟ္မာ့ပြည်၊ ရောက်ဖို့ရာ ကြာလှချည့်


မောင်ဘဦး - ဗြဟ္မာ့ပြည်၊ ရောက်ဖို့ရာ ကြာလှချည့်

(မိုးမခ) မတ် ၂၁ ၊ ၂၀၂၃


ဤရွာကလေး၏ အဝင်ဝ၊ ကုက္ကိုပင်ကြီးအောက် ရောက်သည်နှင့် ပရိတ်ကြီး ၁၁-သုတ်ထဲမှ "မေတ္တသုတ် ပါဠိ - အနက်"ကို သွားရင်းလာရင်း ရွတ်ဖတ်ပြီးသည်ချည်း ဖြစ်သည်။ "ဂျီပီ-ဟုမ်း-ဗစ်ဆစ်"သွားရင်း ရွတ်ဖတ်ခြင်း ဖြစ်ပါ၏။ ရွတ်ဖတ်ရင်း ခရီးသွားလာတတ်သည့် အလေ့အကျင့်က 'စွဲ'နေပြီ။

"မေတ္တသုတ္တံ၊ ဟောထုတ်ပြန်၊ ကျင့်ရန်ဖြစ်ပေသည်"...တဲ့။

"ကျင့်ရန်..." ဆိုပါလား။ 'သဲအင်း'ဆရာတော်ကြီးကတော့၊ 'အရွတ်' ထက်၊ 'အသား' က ပိုကောင်းသည်ဟု ဟောထားသည်။ 'အသွား' တုန်းက ရွတ်ဖတ်ပြီးပြီ။ 'အပြန်'မှာ လက်တွေ့ကျင့်သုံးကြည့်ရမည်။ စမ်းလုပ်ကြည့်ဦးမှ ...။

ဝန်ထမ်းဘဝ၊ ချင်းတောင်တန်းတွင် နေစဉ်အခါ၊ တောင်တန်းသာသနာပြု ဆရာတော်ကြီးက သင်ပေးခဲ့ဖူးသည်။ ပရိတ်ရေကို ဆူပွက်စေနှိုင်စွမ်းသော ထိုဆရာတော်ကြီးမှာ၊ 'အမျိုး -ဘာသာ - သာသနာ' ဆိုသည့် 'ဆိုင်းဘုတ်'ကို တင်-မထားသော်ငြား၊ ကမ္ဘာအထိ ကျော်ကြားလှသော၊ အမျိုးဘာသာ သာသနာကို တကယ်တမ်း ချစ်ရှာလွန်းသူ မျိုးချစ်ဆရာတော် စစ်စစ်ကြီး ဖြစ်ပါ၏။

'မေတ္တာရှင်- ဆရာတော်ကြီး'က၊ "လုပ်မည်ဆိုလျှင် အခုပဲ စ,လုပ်လိုက်ပါ" ... တဲ့။ အခုပင်စ, လုပ်တော့မည်။

ဘယ်က စ,ရပံ့ ... ?

''ကရဏီ"နဲ့ စ,ရ မည်။

ပုံပြင်ထဲက ဦးပဉ္စင်းနှစ်ပါး 'စာ'ငြင်းခုံကြရာမှာတော့ "ကရဏီနဲ့ ဆွမ်းစားလာတာ ကြာပြီ" တဲ့။ သီတင်းသုံးအတူနေ ပုဂ္ဂိုလ်တွေ အချင်းချင်း၊ အငြင်းအခုန် ဝိဝါဒလမ်းလွဲသို့၊ 'ရွှေမြန်မာ' ပီပီ၊ 'စာချော်'မိချေပြီတကား။ ထားပါတော့။

"သက္ကော" - စွမ်းဆောင်နှိုင်ရမည်။ "ငါ - လုပ်နိုင်ရမည်"။

"ဥဇူ" - ရိုးသားရမည် ဖြောင့်မတ်ရမည်။ "ကလိန်ကကျစ် - ငါ မဖြစ်စေရ" ... တဲ့။

"ချမ်းသာကြပါစေ..." ဆိုသောစိတ်နှင့် ပြောဆိုသည်၊ လုပ်ကိုင် ဆောင်ရွက် ပေးသည်။ တကယ်ဆို ကိုယ်ဘာလုပ်လုပ်၊ သူတို့ သိနားလည်တာမှ မဟုတ်ဘဲလေ။ သူတို့ မသိနားမလည်တာသည် ကိုယ့်အတွက် ... "အကွက်"။

ရဲ၊ ရှေ့နေ၊ ဆရာဝန်တွေအဖို့ သူတို့၏ 'ဖေါက်သည်'- 'ကတ်စတန်မာ' တွေ၊ မသိ နားမလည််ကြတာ သည်ပင်လျှင်... "ဂွင်"။

"ညက ပွဲခင်းမှာ မူးလို့ အချုပ်ခံရတဲ့သူက၊ ကျုပ်တူလေး ပါတော်...၊ ကျုပ်သားလေးပါတော်...၊ အမြန်ဆုံးလွတ်ဖို့ ကယ်ပါဦး 'ဗိုလ်လေး'ရယ် ... နော်...။"

   ၂၄နာရီထက် ပို၍ ချုပ်ခွင့်မရှိသည်ကို၊ ထိုမိသားစုဝင်တို့ မသိရှိမှသာ၊ 'ဗိုလ်လေး'တို့အဖို့ ဟန်ကျပါမည်။

ထောင်မကျ,တန်းမကျနိုင်သည့် ဒဏ်ရိုက်ရုံသာဖြစ်သော ပုဒ်မ ဆိုသည်ကို မသိရှိကြမှသာ၊ ရှေ့နေ,ရှေ့ရပ် တရားသူကြီးတကာတို့၊ 'အလုပ်ဖြစ်' ပါမည်။

'ဘာမီတွန်' ဆေးပြားကလေး တိုက်ကျွေး ပေးရုံမျှဖြင့် သက်သာနှိုင်သည်ကို၊ မသိရှိမှသာ၊ ဆရာဝန်ဆရာမတို့၊ ခြေကြွခ၊ စမ်းသပ်ခ၊ ဆေးဘိုး ဝါးခ၊ ယူလို့ကောင်းကြ ပါလေမည်။ စသည်...စသည် ... မြန်မာပြည်။

ရဲ ရှေ့နေ ဆရာဝန် ဥပမာကား၊ ပျော်စေပျက်စေ ကလက်စေ၊ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေခြင်း သာ။ အမှန်မှာမူကား၊ နေရာတိုင်း၊ ဌာနတိုင်း၊ ဝန်ထမ်းတိုင်း၊ ဝန်ထမ်းမဟုတ်သူ တိုင်း။ လောဘ,ဒေါသ, မောဟတွေက အပြိုင်းအရိုင်း။ ၁၉၆၂ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကတည်းက၊ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးခဲ့၊ ပျက်စီးချင်တိုင်း ပျက်စီးခဲ့ရရှာသည် မြန်မာပြည်။ 'မသိနားမလည်သူ' များမှ 'စားပေါက်'ချောင်မည် မြန်မာပြည်။

မေတ္တာသုတ်- ယခုပဲ စ,လုပ်တော့မည်ဆို၍၊ ထိုထို မသိသေးတာ တွေကို နားလည်သဘောပေါက်အောင် အချိန်ယူ ရှင်းပြနေမိသည်။

လုပ်စရာတွေတော့ ပြီးစီးပြီ။ ပြန်ရမည်။

အပြန်မှာ ကလေးတွေ တစီတတန်းကြီး ကျောင်းတက်ဖို့ လာနေကြသည်။ ခြေလျင် စက်ဘီး ဆိုင်ကယ် အသွယ်သွယ်ဖြင့်။ မိုးရွာထားသည့် လမ်းကျဉ်းလေးနံဘေး ကပ်ပြီး၊ တန်းစီရပ်နေကြသည်။ တစ်ဖက်ဆီမှ လာနေသော မိမိအား 'လမ်းပေး'နေကြသည် ဖြစ်မည်။ ကိုယ့်ကိစ္စက ပြီးပြီ၊ သူတို့က ကျောင်းတက်ချိန် နီးနေသည့်အတွက် ကိုယ်ကပဲ ဘေးကပ်ရပ်ပြီး သူတို့ကို လာကြဖို့ လှမ်းခေါ်လိုက်သည်။ ခါတိုင်း ဆိုရင်ဖြင့် သူတို့ရောကိုယ်ပါ မလွတ်တလွတ် လမ်းကျဉ်းလေးကို ရပ် စောင့် မပေးပဲ၊ ခြေဖျား ထောက်ကာထောက်ကာ ရှောင်စီးသည်၊ ပွတ်စီးသည်။ ထိမိခိုက်မိသည်။ စက်ဘီးစီးတတ်ခါစ လေးတွေ။ အာရုံကလည်း ဆော့ရင်း ကစားရင်း နောက်ပြောင်ရင်း။ ကိုယ်လည်းပဲ သည်လိုအရွယ်တုန်းက သည်လိုဆော့ရင်း သည်လိုကျောင်းဆင်း ကျောင်းတက်ခဲ့ရ သည်ပေါ့။ ဆော့ကြပါစေ၊ ကျောင်းချိန် မီကြပါစေ၊ "အသက်နှင့် ထပ်တူညီသော" "မိမိ၏အချိန်"၊ "သူတစ်ပါး၏အချိန်" ကို တန်ဖိုးထား လေးစားတတ်ကြ ပါစေ၊ 'ပျက်စီးနေသော မြန်မာစံတော်ချိန်" ကို၊ "တိကျသော ကမ္ဘာ့စံတော်ချိန်" နှင့် ထပ်တူ ပြုနိုင်ပါစေ။ "ချမ်းသာကြပါစေ... လေ။"

ကတ္တရာ ကားလမ်းမ,ကြီးပေါ် ကွေ့အတက်၊ တဖက်က ကားလာနေသည်နှင့် ခဏစောင့်ပြီးမှ လမ်းမ,ပေါ်သို့ တက်သည်။ ခါတိုင်းဆို သူဖါသာ လာလာ၊ မလာလာ၊ ကျော်တက်ခဲ့တာ ချည်း၊ ဖြတ်တက်ခဲ့တာ ချည်း။ အခုတော့၊ "သူ့ခမျာ့စိတ်ထဲ၊ ငါ့အတွက်ကြောင့် ဟင်ကနဲ ဟာကနဲ ဟိုက်ကနဲ လှိူက်ကနဲ မဖြစ်စေလို" ။ ပြီးတော့၊ ဒါသည် သူ့ယာဉ်ကြော၊ လောလောဆယ် သူပိုင်နေသည်။ 'ရှင်းပြီ'ဆိုမှ လမ်းမ,ပေါ်သို့ တက်ခဲ့သည်။ "ယာဉ်(၏)စည်းကမ်း", "လမ်း(၏)စည်းကမ်း"ကို တန်ဘိုးထား လေးစားတတ်ကြပါစေ။ မေတ္တာခေါင်းပါး၊ ပျက်စီးခြစားနေသော မြန်မာ့ယာဉ်စည်းကမ်း - လမ်းစည်းကမ်းကို၊ ‌မေတ္တာအပြည့်, တိကျလှသည့် ကမ္ဘာ့ယာဉ်စည်းကမ်း - လမ်းစည်းကမ်းနှင့် ထပ်တူပြုနိုင်ပါစေ။ "ချမ်းသာကြပါစေ... လေ။"

အပြန်မှာ လမ်းမကြီးဘေး တစ်နေရာ ဝင်စရာ ရှိသည်။ "လမ်းမကြီးဘေး" ဆိုပေမင့် လမ်း၏ ဟိုဖက်ယဉ်ကြောမှာ။ ခါတိုင်း လမ်းမ,ကြီးမှ ဖဲမဆင်းမီ ခပ်ဝေးဝေးကတည်းကပင် ကိုယ့်ယာဉ်ကြော မဟုတ်ဘဲ လမ်းပြောင်းပြန် စီးခဲ့သည်။ မျက်နှာချင်းဆိုင်က ဘာကြီး လာနေနေပေါ့။ အခုတော့ နူးညံ့တဲ့ စိတ်, နူးညံ့တဲ့ ကိုယ် - 'မုဒု'တို့၊ လျော့ချထားတဲ့ 'အနတိမာနိ' - မာန်မာနတို့ နဲဖို့၊ ပါးဖို့ကို သတိထား အောက်မေ့နေရသည်။ မာနမရှိဖို့၊ မာနကင်းဖို့ကတော့၊ "ဘဝ, မာနာ, အဝိဇ္ဇာ၊ ကင်းကွာ အရဟံ" ကျမှ ပါပဲပေါ့။

မိတ်ဆွေအိမ်မှ ပြန်အထွက်၊ ပါလာသော ကွမ်းယာကို ထုတ်ကာ ဝါးရင်း၊  ပလပ်စတစ်အိတ်ခွံကို လမ်းဘေးက မြောင်းထဲသို့ ပစ်ချမယ်လုပ်ပြီးမှ သတိရမိသည်နှင့် အိတ်ကပ်ထဲ အသာထည့်လာခဲ့သည်။ အိမ်ကျမှ, အမှိုက်ပုံး အမှိုက်ကန်ထဲ စွန့်ပစ်ပါမည် လေ။ စည်းကမ်းမရှိ ပစ်မိလို့ ရေမြောင်းများ ပိတ်ဆို့သွားရင်ဖြင့်...။ ခွေးတွေငှက်တွေများ အစာမှတ်ပြီးမျိုချမိရင်ဖြင့်...။ နောက်ဆုံး လေထဲလွင့်, ယာခင်းထဲများ ရောက်ခဲ့ရင်ဖြင့်...။ အမြစ်ထွက်စ အညွန့်ထွက်စ ပျိုးပင်ပေါက်၊ အမြစ် အညှောက်လေးတွေကို မြင်ယောင်မိသည်။ ခါတိုင်းဆို ပစ်ချပြီးပြီပေါ့။ ပစ်ချခဲ့တဲ့ အကြိမ်ပေါင်းလည်း မရေတွက်နိုင်တော့။

အပြန်လမ်းမှာ သူငယ်ချင်းနှင့် တွေ့သည်။ လမ်းမကြီးပေါ်တွင် စကားပြောရင်း ဆိုင်ကယ်ဘေးချင်းယှဉ် စီးလာသည်ကို အတော်ကြီးကြာမှ သတိရပြီး ရှေ့ဆင့်နောက်ဆင့် စီးလိုက်ရသည်။ ထော်လာဂျီ ဆိုင်ကယ် ဆိုက်တွဲ ကား၊ အများအပြားပင် မိမိတို့ကို ကွေ့ကာဝိုက်ကာဖြင့် ကျော်တက်သွားကုန်ကြပြီ။ ကိုယ့်ကြောင့် သူတို့ခမျာ သွားလာဖို့ ခေတ္တခဏ ခက်ခဲကြရပေလိမ့်မည်။

သူငယ်ချင်းနှင့် လမ်းခွဲပြီး ဆက်အလာ၊ အိတ်ကပ်ထဲမှ ဖုန်းမြည်သံ ကြား၍ သွားရင်းလာရင်း "ဟလို"လိုက်မိသည်။ ပြီးမှ၊ "အများသူငါ လမ်းသွားလမ်းလာများအား အနှောက်အယှက် ဖြစ်နှိုင်သည်"ကို သတိရကာ၊ လွတ်လွတ်ကျွတ်ကျွတ် လမ်းဘေးသို့ ချရပ်ပြီးမှ စကားပြောရသည်။ "လူမှူကူညီရေးကိစ္စ၊ မြို့သို့ လူနာပို့သွားရန်...၊" တဲ့။

မြို့မှအပြန် 'ဖေါ်မေကာပြား'များ ဝယ်လာကြသည်။ နာရေးကိစ္စ အသုံးပြုစရာ ကုန်နေသောကြောင့်ဖြစ်သည်။ အပြန်တွင် အရေးပေါ် မီးလည် နှင့် ဥဩသံကို ပိတ်ကာ မှန်မှန်ပင် မောင်းလာခဲ့သည်။ သည့်အရင်ကတော့ 'အရေးကြီး:'ရော 'မကြီး'ရော၊ 'အသွား'ရော 'အပြန်'ပါ၊ 'တဝီဝီ,တဝူဝူ ဥသြဆွဲကာ' ဒုန်းမောင်းချခဲ့မိသည်။ "ဘဝင်" ၌ကလည်း၊ "ကိုယ်က အလုပ်ပျက်ခံပြီး အကူအညီ ပေးနေရတာပဲလေ၊ လမ်းကလေးတော့ ဖယ်ပေးကြဦးမှပေါ့...၊" ဆိုသည့်စိတ်က မင်းမူနေသည်ကိုး။

ဒီလိုနှင့်၊ 'ကြက်တူရွေးနှူတ်တက်' ရွတ်ရုံသက်သက် မဟုတ်သော၊ လက်တွေ့-သရုပ် ကာယကံမေတ္တာ အလုပ်မှာ၊ မနက် ၈-နာရီ လောက်က စ,ပြီး နေ့ ၁-ချက်တီးသာသာအထိ ရောက်ရှိသွားပြီ။ အားပါးပါး၊ 'လက်တွေ့မေတ္တာ' မလွယ်ပါလား။

အကျင့်ဆိုး စရိုက်ဆိုးများကား မင်းမူချင်ဆဲ။ ယခင် လုပ်ခဲ့လေသမျှ 'လက်တွေ့-မေတ္တာ'နဲ့ ကျတော့၊ 'အလွဲ'တွေ ချည်း၊ 'အချော်'တွေချည်း။

"စစ်အာဏာရှင်အသီးသီး"တို့၏ လက်အောက်၊ နှစ်ပေါင်း ၆၀ ကျော်လောက် 'မေတ္တာမဲ့မဲ့ စည်းမဲ့ကမ်းမဲ့ ဖရိုဖရဲ နေလာခဲ့ရသည်မို့"၊ အခုမှ လက်တွေ့ကျင့်သုံးရသည်က "တယ်-"ကြီး တော့ဖြင့် မလွယ်လှ။ "ဥက္ကဌ -မဇ္ဈိမ -ဟိန"၊ "ကောင်း -သင့် -ညံ့" ဤ ၃-မျိုး တွင် အညံ့စားမေတ္တာ လောက်တော့ဖြင့် "သက္ကော" စွမ်းနိုင်လောက်မည်ထင်ပါရဲ့။

"မေတ္တာအကျိုးငှာ ဖွင့်ကာပြရင်၊ တန်ခိုး အာနိသင်၊ ဗြဟ္မာ့ဘုံ လားရာ တရားပါပဲခင်" … တဲ့။

'ဗြဟ္မာ'ကြီးတွေကတော့၊ စားဖို့ သောက်ဖို့ ဘာကိုမျှ လုပ်ကိုင် ရှာဖွေရတာ မရှိ။ "ခိုး ဝှက်, လိမ်ကောက်၊ စားပေါက် ထွင်စရာ မလို"။ 'နတ်'တွေကမှ နတ်သုဒ္ဓါ မှီဝဲရသေး သည်။ ဗြဟ္မာတွေမှာက၊ ခုနက "အများသူငါ ချမ်းသာပါစေကြောင်း၊" ပြုခဲ့သည့် မေတ္တာ-ကံ၊ အကြောင်းတရားများကိုပင် ပြန်လည်အောက်မေ့ဆင်ခြင်ရင်း ပီတိဖြစ်ကာ အစာ ဝ, နေပြီ။ ဘယ်လောက်များ ချမ်းသာလိုက်လေမည်နည်း။

မဝေးသေးသော ၂-နှစ်ကျော် အတိတ်ကာလဆီက၊ 'တာဝတိံသာ'မှနေ၍ အဆိုပါ ဗြဟ္မာ့ပြည်ကို၊ မှုန်တိမှုန်ဝါး ဝိုးတိုးဝါးတား လှမ်းမြင်ခဲ့ကြရဖူး၏။

ခက်သည်က နတ်ပြည်ကို ကျော်လွန်မှ ဗြဟ္မာ့ပြည်ဆိုတာက ရောက်နိုင်သည်။ တာဝတိံသာ နတ်ပြည်ကြီးတွင်လည်း၊ ပြည်သူအများ မသိနားမလည်ကြမှ 'ဂွင်'ဖန်၍ ရ,ကြသည့်၊ 'အသုရာ' ခေါ် မူးယစ်ရမ်းကား မတရား အာဏာသိမ်း စစ်မိစ္ဆာများ၊ ကြီးစိုးဆဲအခါကာလ ဖြစ်နေသည်။ ၎င်းတို့ကို အသူတရာ နက်လှစွာသော ချောက်ကြီးထဲသို့ ခြေထောက်မှ ဆွဲကာ ပစ်ချကြရပေဦးမည်။ ညစ်ပတ်ပေရေနေသော 'အံဖတ်'များကိုလည်း ဆေးကြောသန့်ရှင်းရပေဦးမည်။ ကိုယ်တိုင် လုပ်၊ မလုပ်နိုင်လျှင် လုပ်နိုင်သူ-လုပ်နေသူများကို ထောက်ပင့် ထောက်ခံ အားပေးကြရမည်။ ဗြဟ္မာ့ပြည် ရောက်ချင်သည် ဆိုမှတော့၊ အခက်အခဲ ဟူသမျှ ကျော်ဖို့လွှားဖို့၊ 'ဇွဲ'ရှိရတော့မည် ပေါ့။

"ကရဏီယ မတ္တကုသလေန"၊ မေတ္တသုတ်၏ အစ၊ "ကရဏီယ နဲ့ (ငါ) ဆွမ်းစားလာတာ ကြာပြီကွ...၊" ဟူ၍ အချင်းချင်း ငြင်းခုံနေကြလျှင်တော့ ...၊ ဗြဟ္မာ့ပြည် အသာထား၊ 'စစ်မိစ္ဆာ အသူရာ'တို့၏ 'အံဖတ်' အနီးအပါး သို့ပင်၊ 'သီ'နိုင်မှာ မဟုတ်ကပြီ။

သည်အတွက်၊ ငြင်းခုံကြသည့် "ကရဏီ"ကို ခဏ အသာထား။ သူ့အစား- ၎င်းအစား- ထိုအစား၊ နောက်က "သက္ကော"အထိ "ဆက်သာ သွား"။

"သက္ကော" - စွမ်းဆောင်နိုင်ရမည်။

"ငါတို့အားလုံး လုပ်နိုင်ရမည်"။

"ဗြဟ္မာပြည်၊ ရောက်ဖို့ရာ ကြာလှချည့်"၊ အသင် ဆိုမိပါသေး၏ လော?

"သုခိတာ ဟောထ၊ ချမ်းသာကြပါစေ"

(မောင်ဘဦး၊ ၈၄၊ ပေါင်း ကွယ်)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar