Breaking News

မောင်မောင်ငြိမ်းအေး - လူပြား

Art by Than Htay Maung
လူပြား
မောင်မောင်ငြိမ်းအေး
(မိုးမခ) မတ် ၂၄၊ ၂၀၂၃

ကမ္ဘာကြီးက ပြားနေတာပေါ့
ဒါ့ကြောင့် အမှန်တရားရဲ့အလင်းရောင်က
ငါတို့ဆီမှာ မတောက်ပခဲ့ဘူး။

ကမ္ဘာကြီးက ပြားနေတာပေါ့
ဒါ့ကြောင့် ချမ်းသာခြင်းစမ်းချောင်းကလေး
ငါတို့နဲ့ဝေးဝေးမှာ စီးဆင်းသွားတာပေါ့။

ကမ္ဘာကြီးကပြားနေတာပေါ့
ဒါ့ကြောင့်ငြိမ်းချမ်းရေးချိုးဖြူငှက်
ငါတို့ရှိရာမှာမြေသက်ခဲ့တာပေါ့။

ကမ္ဘာကြီးကပြားနေတာပေါ့
ဒါ့ကြောင့်လွတ်လပ်မှုအရုဏ်ဉီးရောင်ခြည်ဟာ
ငါတို့ခေါင်းပေါ်မဖြာကျတာပေါ့။

ကမ္ဘာကြီးက ပြားနေတာပေါ့
ဒါ့ကြောင့် တရားဥပဒေတံတိုင်းကြီး
ငါတို့ဘက်ကိုအကာအကွယ်မဖြစ်ခဲ့တာပေါ့။

ကမ္ဘာကြီးက ပြားနေတာပေါ့
ဒါ့ကြောင့်နိုင့်ထက်စီးနင်းလှံတစ်ချောင်း
ငါတို့ရဲ့နိမ့်နေတဲ့ရင်အုံတွေမှာသာစိုက်ဝင်နေခဲ့ကြပေါ့။

ကမ္ဘာကြီးက ပြားနေတာပေါ့
ဒါ့ကြောင့်အလှည့်ဆိုတာမရှိဘဲ
တသမတ်တည်းဖြစ်နေတာပေါ့လေ
ကမ္ဘာကြီးသာလုံးခဲ့ရိုးမှန်ခဲ့ရင်
နေ့ပြီးရင်ည
ညပြီးရင်နေ့
တစ်လှည့်စီငါတို့တွေ့နိုင်တယ်မဟုတ်လား။

ကမ္ဘာပြားထဲကငါတို့
ကမ္ဘာထက်တောင်ပိုပြားခဲ့ပါတယ်ကွယ်။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar