Breaking News

လင်းလက်နွေဦး - ဇီးရိုးမှသည်

Photo - frontiermyanmar.net
ဇီးရိုးမှသည်
လင်းလက်နွေဦး
(မိုးမခ) မတ် ၂၄၊ ၂၀၂၃
 

ဘယ်ကနေဘယ်လို ဆက်စပ်စဉ်းစားမိလဲမသိတော့ပါဘူး၊ Zero နဲ့ Absolute Zero ဆိုတာကို ခေါင်းထဲရောက် လာတယ်။ တက္ကသိုလ်မှာတုန်းက သင်ခဲ့ဖူးတာလား၊ စာအုပ်တစ်အုပ်အုပ်မှာ ဖတ်ဖူးတာလားဆိုတာတောင် မမှတ်မိပါဘူး။ ဒါအပြင် ကျနော် တွေးထင်သိမြင်ထားတာဟာ မှန်၏မမှန်၏ ဆိုတာလဲ ကျနော်မသိတော့ပါဘူး။ ဂျပန်နိုင်ငံမှာ စားသောက် ဆိုင်တစ်ဆိုင် ရှိသတဲ့၊ ‘မှာချင်သလို မှာ၊ ချချင်ရာ လာချမယ်’ ဆိုတဲ့ ဆိုင်။ စားသုံးသူတွေအပေါ် အလေးမထားတဲ့သဘောတော့ မဟုတ်ပါဘူး၊ ချက်ပြုတ် တည်ခင်းရောင်းချသူတွေခမျာ ‘အယ်လ်ဇိုင်းမား‌ရောဂါ’ ခံစားနေရသူတွေ ဖြစ်နေလို့ပါတဲ့။ အယ်လ်ဇိုင်းမားဆိုတာ ခုပြောခုမေ့ မဟုတ်လား၊ ဒီတော့ ခင်ဗျားတို့မှာတဲ့စားဖွယ်တွေကို ဘယ်မှတ်မိတော့မလဲ။ ကျနော်လေ ထိုနည်းလည်း ကောင်းမို့ အရင်တောင်းပန်ထားပါ့မယ် ခင်ဗျား။

ကျနော် ထင်တာက Zero ဆိုတာဟာ Absolute Zero ဆိုတာနဲ့ လုံးလုံးမတူဘူး ဆိုတာပါပဲ။ ရှေ့မှာ Absolute ဆိုတာ ပါတယ်လေလို့ ခင်ဗျားက ကွန့်မှာပေါ့။ မှန်ပါတယ်၊ ဆရာတစ်ယောက်ကလည်း အဲလို ပြောဖူးပါတယ်၊ အဓိပ္ပာယ်မတူလို့ကို စာလုံးပေါင်းသတ်ပုံတွေ ကွဲနေတာပေါ့တဲ့။ ဥပမာဆိုပါတော့၊ Odor နဲ့ Smell ဆိုတာလေ။ Odor ဆိုတာလည်း အနံ့၊ Smell ဆိုတာလည်း အနံ့ပဲမဟုတ်လား။ ဒါပေမယ့် Unpleasant smell ဆိုပြီးတော့ တွဲသုံးကြပါတယ်။ မကောင်းတဲ့အနံ့အသက်ဆိုတဲ့ နေရာမှာလေ။ အနံ့မရှိဘူးဆိုတာကြတော့ Odorless လို့ ‌ပြောကြပါတယ်။ Smell ဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေသလား လို့ ကျနော် တွေးမိပါတယ်။

Zero ဆိုရာမှာလည်း လုံးလုံးကြီး ‘သုည’ ဖြစ်နေတာတော့ မဟုတ်ဘူးဗျ။ လုံးလုံးကြီးသုညဆိုတာက အမြဲတမ်း ဗလာပဲလို့ ဆိုလိုချင်တာပါ။ ကျနော်တို့ အပူချိန်စကေးမှာ သုညအမှတ်အောက် အနှုတ်ဘယ်လောက်ဆိုပြီး ပြောကြတယ်နော်။ သုညအထက်ဆို တဖြည်းဖြည်းပူလာမယ်၊ သုညအောက်ဆို အေးလာမယ် ဒီလိုမဟုတ်လား။ ပြောင်းလဲနိုင်တယ်ပေါ့။ Zero ဆိုတာ ယာယီအားဖြင့်သာ တန်ဖိုးမဲ့နေတာမျိုး၊ ရှေ့မှာ ဂဏန်းတိုးလို့ပဲ ဖြစ်ဖြစ်၊ ပိုယုတ်လျော့လို့ပဲဖြစ်ဖြစ် ပြောင်းလဲသွားနိုင်တာမျိုးပေါ့။ လောကဥပမာပေါ့လေ၊ မြန်မာနိုင်ငံမှာဆိုရင် (၁၉၀၆- ၁၉၄၈) မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ (၄၂)နှစ်၊ (၁၉၄၉- ၁၉၈၈) ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင် စနစ်ကာလ အနှစ် (၄၀)၊ (၁၉၈၈- ၂၀၁၂) ဘောင်းဘီချွတ်ကာလ (၂၄)နှစ်၊ အဲနောက် ပြည်သူ့ အစိုးရ၊ အဲနောက် အာဏာအသိမ်းခံလိုက်ရတယ် ဆိုတော့၊ အနှုတ်ကနေ အပေါင်း၊ အပေါင်းကနေ ပြန်နှုတ်၊ ပြန်နှုတ်၊ ပြီးတော့ ပေါင်းမလိုလိုနဲ့ ပြန်နှုတ်သွားတယ်ဗျ။ ဒီလိုမျိုး Zero ဆိုတာ မငြိမ်တဲ့ ကိန်းဂဏန်းမျိုးပါပဲ။

Absolute Zero ကတော့ ဆယ်တန်းဓာတုဗေဒနဲ့ ပြောရရင် Nobel gas ဆိုတာတွေနဲ့ တူတယ်၊ အငြိမ်ပဲ။ သွေးဆုံးပြီးသား အပျိုကြီး လေဖြတ်နေတာနဲ့ တူတယ်၊ စိတ်တောင် မကစားတော့ဘူး။ Absolute Zero လို့ ပြောလိုက်တာနဲ့၊ ထပ်တိုးလာဖို့လည်း မရှိတော့ဘူး၊ နောက်လျော့သွားဖို့လည်း မရှိတော့ဘူး။ အမြဲတမ်းဇီရိုး၊ တသက်လုံးဇီရိုးပါပဲ။ ဘုန်းကြီးတစ်ပါး ဟောတာ နာဖူးပါတယ်၊ စေတီတည်တဲ့အခါဆိုလားပဲ၊ ဝလုံးအဝိုင်းလေးတွေ ထည့်ဆွဲရသတဲ့။ ဒါက ဘာသဘောလဲဆိုရင် ‘သုညတ’ ဖြစ်သွားတာကို ရည်ညွှန်းတာပါ တဲ့။ သုညတ = နိဗ္ဗာန်။ ဇာတိ၊ ဘဝအသစ်စခြင်းလည်း မရှိ၊ မရဏံ၊ သေခြင်းလည်း မရှိပေါ့။ ဘာမှ မရှိတော့တဲ့အခြေ အနေ။ အက်ဆစ်လည်း မဟုတ်၊ ဘေ့စ်လည်းမဟုတ် ဓာတ်ပြယ်သွားတဲ့ သဘော။

လောကုတ္တရာတန်ဖိုးနဲ့ဆိုရင်တော့ ‘ရဟန်းကိစ္စ ပြီးသွားခြင်း’လို့ ဆိုနိုင်ပါတယ်။ ရှေးခေတ်တုန်းက ရဟန်းပြုတယ်ဆိုတာ၊ လူဝတ်ကြောင်ဘဝထက် နိဗ္ဗာန်ရောက်ကြောင်းတွေကို ပိုမိုဖြည့်ကျင့်နိုင်ကြလို့ မဟုတ်လား။ အခုလို ကလိယုတ်ခေတ်လိုမျိုး နာမည်ကြီးဖို့၊ ဇိမ်ခံဖို့၊ အိုင်ဖုန်းကိုင်နိုင်ဖို့၊ တစ်တော့ဆော့ဖို့မှ မဟုတ်တာ။ ‘နိဗ္ဗာန်မျက်မှောက်ပြုခြင်း’ဆိုတာကို ရဟန်းကိစ္စပြီးသွားခြင်းလို့ ညွှန်းဆိုကြပါတယ်။ ဘုရားစေတီရဲ့ ထီးတော်ထိပ်ဖူး၊ စိန်ဖူးတော်ဟာ ဒါကို ရည်ညွှန်းတယ်လို့ဆိုပါတယ်။ ‘စိန်’ ဟာ ကာ ဗွန်ဓာတ်ဖြစ်တယ် ဆိုပေမယ့်၊ လိုအပ်တဲ့အပူနဲ့ ဖိအားကြောင့် မာခြင်း (၁၀)ရှိတဲ့ စိန်ဘဝကို ပြောင်းသွားပါတယ်။ ‘စိန်’ ဖြစ်ပြီးမှတော့၊ ကျောက်မီးသွေး ပြန်မဖြစ်တော့ဘူး၊ လောင်စာမဖြစ်တော့ပါဘူး။ အဲသဘောပါပဲ၊ လုံးဝဇီးရိုးဖြစ်သွားပြီ၊ ပေါင်းလို့ နှုတ်လို့ မရတော့ပါဘူး။

ဒါပေမယ့် လောကီတန်ဖိုးနဲ့ချိန်ထိုးကြည့်မယ်ဆိုရင် ဘာမှသုံးစားမရတော့တဲ့အခြေအနေပါပဲ။ ဖွတ်ကျောပြာစုပါပဲ။ ဦးပုညစကားနဲ့ ပြောရရင် ‘အမွဲတကာ့ထွတ်ခေါင် ဖွတ်မင်းနောင်မှာ ပြာတောင်ကြီး ပေါက်ကရော့’ ပေါ့လေ။ ကြည့်လိုက်တိုင်း သုညပဲ၊ အချိန်ပေးပြီး စောင့်နေလည်း သုညပဲ၊ ကြိုးစားပမ်းစား အားဖြည့်ပေးလည်း သုညပဲ ဖြစ်နေတယ်ပေါ့။ ကျနော်ဟာ လောကီလူသားဖြစ်တဲ့အတွက် ပြောင်းလဲနိုင်တဲ့ သုည’ တွေကိုပဲ မြတ်နိုးပါတယ်။ သူ့ဘာသာ ‘အမတေ’ မကလို့ သိဒ္ဓိအပါးတရာ ပေါက် ပေါက်ပေါ့ဗျာ။ အဆိုတော်ကြီး မာမာအေးဆိုသလို ‘သံသရာ... ဆွဲဆန့်လို့...ဘယ်လောက်ပင် ရှည်ရှည်...’၊ ဗလာကြီး ဖြစ်နေတာမုန်းစရာကောင်းတာမရှိပါဘူး။ ခေတ်လူငယ်တွေပြောနေတဲ့ Dynamic ဖြစ်နေတာကို သဘောကျပါတယ်။

ထပ်ချဲ့ရမယ်ဆိုရင် ‘ငြိမ်’ ပြီး ‘သေ’ နေရမှာမျိုး မကြိုက်ဘူး။ ‘ငတ်’နေပါစေ၊ လတ်တလော ငတ်နေပါစေ၊ လှုပ်ရှားနေရတာမျိုးဆို မဆင်းရဲဘူး။ မိတ်ဆွေတို့ ကြုံဖူးမှာပေါ့၊ နေပူထဲ ထိုင်စောင့်နေဆို ထိုင်နေချင်ပါ့မလား။ ဟော... စက်ဘီးနဲ့ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ဘယ်အချိန်ခေါ်ခေါ် သွားနိုင်တယ်။ နေပူထဲကို ဆိုင်ကယ်စီးသွားရတာ ပင်ပန်းသလို မခံစားရဘူးနော်။ ဒါဟာ ကျနော်တို့စိတ်သဘောထားပါပဲ။ ကိုရီးယား ဇာတ်ကားထဲ ပြောကြသလို ‘စိတ်ရင်းအတိုင်း’ ပါပဲ။ ဘယ်အချိန်မှာ (၁) ဖြစ်လာမလဲ၊ ဘယ်အချိန်မှာ(-၁) အဖြစ် လျော့သွားမလဲ၊ ရင်တထိတ်ထိတ်နဲ့ပေါ့။ အဲလို စွန့်စားချင်စိတ်တွေဟာ လူတိုင်းမှာ ရှိနေပါတယ်။

ကြောက်တတ်တယ်ဆိုတဲ့သူတွေတောင် စွန့်စားချင်စိတ်ကတော့ ကိန်း အောင်းနေဆဲပါပဲ။ ဒါကြောင့် တချို့သော ဆိုရှယ်မီဒီယာတွေမှာ အခမဲ့ နှစ်လုံးသုံးလုံးဂိမ်းတွေ ထည့်ပေးထားတာပေါ့။ အပြင်မှာ ချဲထိုး နှစ် လုံးထိုးနေကြတာကလည်း ဒီသဘောပါပဲ။ နွားရိုင်းနဲ့ မသတ်ရဲတော့၊ ပေါ့ပေါ့ပါးပါး အလောင်းကစား လုပ်နေ ကြတာပါ။ ပြောရမယ်ဆိုရင် ကျွန်တော်အပါအဝင် လူတော်တော်များများ ထင်ပါရဲ့၊ အဖော်ခေါ်လိုက်အုံးမယ်၊ ပြောင်း လဲမှုကိုနှစ်သက်ကြပါတယ်။ တိုးတက်တဲ့ပြောင်းလဲမှုဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ကောင်းဆိုးနှစ်တန် လောကဓံလို့ ပြောကြတဲ့အတိုင်း မတိုးတက်ဘဲ ဆုတ်ယုတ်တဲ့အခါမျိုးလည်း ကြုံရမှာပါပဲ။

ဒီနေရာမှာ ပြောင်းလဲမှုကို လက်ခံနိုင်စွမ်း ရှိခြင်းဟာ ‘ရင့်ကျက်မှု’ကို ပြသတာပါပဲ။ အမြဲတမ်း ကောင်းနေရမယ်၊ အမြဲတမ်းတိုးတက်နေရမယ်ဆိုတာ မရှိနိုင်ပါဘူး။ မြန်မာ့နိုင်ငံရေးလို အမြဲတမ်း ‘ဆုတ်ပြီး ရင် ဆုတ်’ ဆိုတာမျိုးလည်း မဟုတ်သေးပါဘူး။ ဒါလည်း ပြောင်းလဲတာပဲလေ၊ အရင်က (၅၀)ဖိုး မွဲတယ်၊ အခု (၁၀၀)ဖိုး မွဲလာပြီတော့ မလုပ်နဲ့ပေါ့။ ဗုံလုံတလှည့် ငါးပျံတလှည့်တော့ ဖြစ်သင့်ပါတယ်နော်။

ဆရာအော်ပီကျယ်က ကာတွန်းဆွဲပြဖူးတယ်၊ အိမ်နှစ်အိမ်၊ လူနှစ်ယောက်ပေါ့။ အစကတော့ အတူတူ၊ တဲအိမ်လေးတွေ။ တယောက်က ပင်ပင်ပန်းပန်း အလုပ်ကြိုးစားတယ်၊ တယောက်က အေးဆေး။ အတူတူပါပဲ၊ ဘာထူးလို့လဲဆိုတဲ့ ပုံစံ။ နောက်ကြိုးစားသူက အိမ်ကို ဖျက်ချလိုက်တယ်၊ တိုက်ဆောက်ဖို့ ဖောင်ဒေးရှင်းချနေတုန်း မိုးမလုံ လေမလုံပေါ့။ ဟိုလူက ကဲ့ရဲ့တယ်။ ကြိုးစားသူက တိုက်နဲ့တာနဲ့ဖြစ်နေချိန် ဟိုလူ့တဲလေး က ခရိုးခယိုင်အဆင့်ရောက်သွားပေါ့။ ဒါတောင် ဟိုလူက ကြုံးဝါးသေးတယ်၊ နေရိပ်ထဲနေရခြင်း အတူတူပါပဲ တဲ့။ ဟုတ်မှာပါ။ လေကြမ်းကြမ်း မတိုက်ခင်အထိပေါ့။

သူများတွေတော့ ဘယ်လိုမြင်လဲ မသိပါဘူး။ ကျနော်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တန်ဖိုး ကြီးတဲ့ သုညကနေ အပေါင်းလက္ခဏာတွေ ဆောင်နေပြီလို့ ထင်ပါတယ်။ စစ်အာဏာရှင်တွေ လိုချင်တဲ့ လုံးလုံးကြီးသုညတော့ မကတော့ဘူး။ လက်ဗလာနဲ့ တော်လှန်နေကြသူတွေကလည်း အော်တိုတွေ မောင်းပြန် တွေနဲ့။ လေထဲက အစိုးရကလည်း နိုင်ငံ တကာမှာ ရုံးကန်ကန္နားတွေနဲ့။ စီဒီအမ်ဝန်ထမ်းတွေကလည်း အားတင်းထားဆဲ၊ ကျရာတာဝန် ကျေပွန်နေဆဲ။ တန်ဖိုးမဲ့သွားလို့ ပြန်နန်းသွားသူ အနည်းအကျဉ်းတော့ ရှိတာပေါ့လေ။ ပြည်သူတွေကလည်း တသံတည်းညီ တချီတည်းရုန်းနေကြတာ၊ တော်လှန်ရေးဟာ သုညကနေ (၁၀)၊ (၂၀)၊ (၇၀- ၈၀) ထိ တန်ဖိုးတွေ တက်နေပါပြီ။

ခဏလေးနဲ့ ရာနှုန်းပြည့်အောင်မြင်သွားမှာ၊ သိနေတယ်လေ။

လင်းလက်နွေဦး
၂၃.၃.၂၀၂၃ ညနေ ၃နာရီ ၅၃မိနစ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar