Breaking News

ရုရှား ၊ တရုတ်၊ အမေရိကန် ပြည်ထောင်စုတို့ ဆက်ဆံရေး လောင်းရိပ်အောက်က မြန်မာ့အရေး

မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၃ မြင်ကွင်း

(မိုးမခ) မတ် ၂၄၊ ၂၀၂၃


ရုရှား ၊ တရုတ်၊ အမေရိကန် ပြည်ထောင်စုတို့ ဆက်ဆံရေး လောင်းရိပ်အောက်က မြန်မာ့အရေး 

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး နဲ့ ဖက်ဒရယ် အရေး ဒီမိုကရေစီအရေး ကိစ္စရပ်တွေဟာ ပြည်တွင်းရေး ကိစ္စရပ်တွေ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လက်တွေ့အဖြစ်အပျက်တွေ ဖြစ်စဥ်တွေမှာတော့ မြန်မာ့ပြည်တွင်းအရေးကိစ္စဟာ ပြည်တွင်းရေး ကိစ္စရပ် သပ်သပ်အဖြစ်နဲ့ သီးခြားရပ်တည် ဖြစ်ပေါ်နေတာ မဟုတ်ဘဲ  ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ပုံသွင်းပြောဆိုမှုတွေအဖြစ် သော်လည်းကောင်း ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာရဲ့ အကျိုးဆက်ရိုက်ခတ်မှုတွေ၊ မြန်မာအရေးမှာ ပါဝင်နေကြတဲ့ လက်နက်ကိုင် နိုင်ငံရေးအင်အားစုတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာရဲ့  အစိတ်အပိုင်းအဖြစ် အသုံးချခံကာ ပြည်တွင်း အာဏာချိန်ခွင်လျှာ အပြောင်းအလဲဖြစ်အောင် ကြိုးပမ်းမှုတွေကြောင့် သော်လည်းကောင်း မြန်မာ့အရေးဟာ ထီးထီးကြီး ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စမဟုတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ 

စစ်အာဏာ မသိမ်းခင်ကတည်းက ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကိုထူထောင်ထားခဲ့ပြီး တိုးတက်အောင် ကြိုးစားနေခဲ့တဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ သံတမန်အရေး ပိုမိုအထီးကျန်ဖြစ်လာပြီး ရုရှားကို ပိုမိုမှီခိုရဖို့ဖြစ်လာတာပါ။ စစ်ကောင်စီခေါင်းဆောင် အနေနဲ့ ရုရှားသမ္မတနဲ့ မကြာသေးခင် လပိုင်းတွေက အရှေ့ဖျားစီးပွားရေး ဖိုရမ်မှာ လူချင်းတွေ့ဆုံခွင့်ရခဲ့ပြီး ဒီသတင်းကို စစ်ကောင်စီရဲ့ မီဒီယာတွေမှာ တခုတ်တရ ဖေါ်ပြခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်နောက်ပိုင်း ရုရှားကို ဥရောပနဲ့ အနောက် နိုင်ငံအများအပြားက စီးပွားရေး ပိတ်ဆို့ကြချိန်၊ ကမ္ဘာမှာ ကျူးကျော်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံရချိန်မှာ စစ်ကောင်စီ ခေါင်းဆောင်က ရုရှားသမ္မတ ပူတင်ကို အလေးအနက်ထား ဖေါ်ပြနေခြင်းဟာ ရည်ရွယ်သည် ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ မြန်မာနိုင်ငံကို ကမ္ဘာ့လုံးဆိုင်ရာ မဟာဗျူဟာရဲ့ သက်ရောက်မှုတွေ ပိုမိုခံရအောင် လုပ်ဆောင်သလို ဖြစ်စေတာ ဖြစ်ပါတယ်။ 

မကြာခင် လပိုင်းတုန်းကလည်း နိုင်ငံတကာအစီရင်ခံစာလိုမျိုးတခုမှာ ရုရှားကို စစ်လက်နက် ဝယ်ယူထောက်ပံ့ပေးနေတဲ့ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားတာတွေ့ရ ပါတယ်။ အစီရင်ခံစာ အနေနဲ့ ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ အထောက်အထား ဘယ်လောက် ခိုင်လုံတယ် မခိုင်လုံတယ်တော့ မသိနိုင်ပေမယ့် မြန်မာနိုင်ငံလို နည်းပညာအရ အဆင့်မြင့်တဲ့ လက်နက်နဲ့ပတ်သက်တာ ဘာမှမထုတ်လုပ်နိုင်တဲ့ နိုင်ငံတနိုင်ငံက ရုရှားကို ဘယ်လို စစ်လက်နက်တွေ ရောင်းချပေးမလဲဆိုတာ နားလည်ရခက်ခဲတဲ့ စွပ်စွဲချက် တခုဖြစ်ပြီး ရုရှားအတွက် မြန်မာစစ်ကောင်စီ အနေနဲ့ ကြားခံ တဆင့်ဝယ်ယူပေးရလောက်တဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်စရာအခွင့်အလမ်းနည်းပါး လှတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် မြန်မာနိုင်ငံဟာ ယူကရိန်း-ရုရှားစစ်ပွဲ၊ ရုရှားနဲ့ အနောက်ဥရောပ အမေရိကန် ပြည်ထောင်စုတို့အကြား ဖြစ်ပွားနေတဲ့ အင်အားပြိုင်ဆိုင်မှာမှာ နာမည်ထည့်သွင်း ပတ်သက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနေတာက လက်ရှိ အခြေအနေ လို့ဆိုရမယ့်သဘော ဖြစ်ပါတယ်။ 

ကမ္ဘာမှာ ရုရှားနဲ့ အနောက်အုပ်စု နိုင်ငံတွေအကြား အားပြိုင်မှု အပြင် နောက်တခုသော အားပြိုင်မှုက အမေရိကန်- တရုတ် အားပြိုင်မှုဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ လက်နက်ကိုင် ပဋိပက္ခအပိုင်းမှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပါဝင်စွက်ဖက်မှု ကြီးကြီးမားမား မတွေ့ရသေးပေမယ့် တဖက်ဖက်က စတင်ပါဝင်လာခဲ့ရင် နောက်တဖက်ကလည်း လက်နက်အကူအညီ၊ လက်နက်အတွက် ငွေကြေးအကူအညီလိုမျိုး တုံ့ပြန်ချေဖျက်တဲ့ အကူအညီမျိုး ပေးလာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ တဆင့်ခံတိုက်ရတဲ့ စစ်မြေပြင် အဖြစ်လည်း အသွင်ပြောင်းကောင်း ပြောင်းသွားနိုင်ခြေရှိတာ ဖြစ်ပါတယ်။ 

မကြာသေးခင် နှစ်ကုန်ပိုင်းမှာ ကြေညာခဲ့တဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ဥပဒေ NDAA အရ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ မဟာဗျူဟာ မြောက် အသုံးစရိတ်တိုးမြှင့်မှုတွေ ပါရှိခဲ့တာတွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ အင်အားချဲ့ထွင်မှုကို တုံ့ပြန်ဟန့်တားဖို့ ရည်ရွယ်ကာ အသုံးပြုတဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ တရုတ်ရဲ့အင်အား သြဇာကြီးထွားလာမှုကို တုံ့ပြန်ဖို့ သုံးစွဲမယ့် သဘောလည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ်များစွာ အမေရိကန် စစ်စခန်း အဖြစ်သုံးခဲ့ပြီး မားကို့စ် လက်ထက်နောက်ပိုင်း ပိတ်သိမ်းခဲ့ရာက အခုတဖန် မားကို့စ်ရဲ့ သားဖြစ်သူ ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဖြစ် လာပြီးနောက် တကျော့ပြန် စစ်စခန်းတွေ ဆောက်လုပ်ဖို့ သဘောတူခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ အားပြိုင်မှု အခင်းအကျင်းတွေ ဖြစ်ပါတယ်။  

စီးပွားရေး အင်အားအရ၊ ကမ္ဘာ့နေရာအသီးသီးမှာ စီးပွားရေးနဲ့ နိုင်ငံရေးသြဇာ ဖြန့်ကျက်မှုအရ အဓိကပြိုင်ဘက် နိုင်ငံ ၂ နိုင်ငံဖြစ်လာတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား မြန်မာနိုင်ငံက ကြားခံအားပြိုင်ရာ နေရာ တခုဖြစ်လာခဲ့ရင် မြန်မာ့ ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးတွေက ပိုပြီး အလှမ်းကွာဝေးသွားနိုင်စရာ ရှိနေတာပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အပေါ် သြဇာရှိနှင့်ပြီး မကြာသေးခင်က မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေရဲ့ တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုတယ်ဆိုတဲ့ ကြေညာချက်ကိုကြည့်ရင် ဒီအချက်ကို သိသာထင်ရှားစေတာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံအနေနဲ့ အခုလိုအနေအထားမှာ မြန်မာ့အရေးကို သတိထားပြီး ကိုင်တွယ်ဆောင်ရွက်နေတဲ့သဘောလို့ အကဲဖြတ်ရပြီး လက်နက်နဲ့ ပါဝင်ကူညီတာ၊ ဘယ်လက်နက်ကိုင် အဖွဲ့တွေကိုဖြင့် ထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင် ဖေါ်ပြတာမျိုး မရှိပဲ၊ လက်ရှိစစ်ကောင်စီနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ လိုလားကြောင်း ပြသတာမျိုးလောက်ပဲ တွေ့ရသေးတာပါ။ 

 မြန်မာနိုင်ငံဟာ မိမိတို့ ပြည်တွင်းအရေးကို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေ ရဲ့ လောင်းရိပ်အောက် ပိုမရောက်ရှိသွားစေဖို့ ၊ မိမိတို့ရဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးကို ပထမ ၊ ဒုတိယ၊ တတိယ ဦးစားပေး အနေနဲ့ မျက်ခြေမပြတ်ဖို့က အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar