Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၅ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၅ )

(မိုးမခ) မတ် ၁၅၊ ၂၀၂၃


14/3/23

Diary in the darkness


မနက်ပိုင်း ရာသီဥတုက မှုန်မှိုင်းနေတယ်။

လေထုညစ်ညမ်းမှုက အနီရောင်အဆင့် ရောက်နေတယ်လို့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တွေ့ရတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ ညီလေး ဖိုးလွမ်း အသက် (၄၀) တနေ့က ဆုံးပါတယ်။  ဒီနေ့ နေ့လယ် အသုဘပို့ရမှာမို့ တောင်ဒဂုံ ယုဇန အိမ်ရာကို သွားရမယ်။ သူက HIV ဖြစ်နေတာ ဆယ်နှစ်ကျော်ရှိနေပြီ။ ART ဆေး သောက်နေရတယ်။ လွန်ခဲ့တဲ့  ၇ နှစ်လောက်က အလုပ်ကောင်းကောင်းပြန်လုပ်နိုင်ခဲ့တယ်။ အာဏာသိမ်းပြီးနောက် ဆေးပြတ်သွားလို့ မသောက်ရတော့ဘူး။ ခုတော့ အခြေအနေက ထိန်းမရ‌တော့ပဲ အဆုတ်တခုလုံး ပျက်စီးပြီး ဆုံးသွားတာပါ။ သူ့လိုပဲ ဆေးမသောက်ရလို့ ဆုံသွားတဲ့ HIV တွေ အတော်များနေပါတယ်။ တနေ့က ဆရာဝန် တစ်ယောက်က လူမှုကွန်ရက်ပေါ်ကတဆင့် HIV ရောဂါတွေ ပိုမိုပျံနှံ့နေကြောင်း သတိပေး ပြောကြားတာ နားထောင်လိုက်ရပါသေးတယ်။ အာဏာမသိမ်းခင်က လူတရာမှာ ၈ ယောက်သာ တွေ့ရပေမယ့် အခုအာဏာသိမ်းပြီးနောက်  ၂ နှစ်ကြာတဲ့ အခါ လူတရာမှာ ၁၃ ယောက်ထိ ရောဂါပိုးတွေ့နေရတယ်လို့ ဆိုပါတယ်။ စစ်တပ်က ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့် အောက်မှာပဲ KTV တွေ အရှိန်အဟုန်မပျက် ဖွင့်ထားတာကြောင့် ခုလို HIV တွေ အထွက်တိုးလာတာလို့ ဆိုပါတယ်။ လူငယ်လူရွယ် အမျိုးသမီး အမျိုးသားတွေဟာ အလုပ်အကိုင်ရှားပါးသွားတာကြောင့် KTV မှာ လုပ်ကိုင်ရင်း ခုလို ရောဂါတွေ ပျံ့နှံ့ ကူးစက်ကုန်တာလို့လည်း ဆိုပါတယ်။

အသုဘပို့တဲ့ အခမ်းအနားမှာ မိတ်ဆွေတစ်ယောက်က ပြောတယ်။ သူတို့ လှိုင်သာယာမှာပေါ့ ၊  သူ့မိတ်ဆွေ အမျိုးသမီးတစ်ယောက် မင်္ဂလာဆောင် အသွားလမ်းမှာ ကားတိုက်ခံရတယ်။ သူ့ရဲ့ လက်ဝတ်လက်စားတွေ၊ ငွေ အနည်းငယ်နဲ့ လက်ကိုင်ဖုန်းကို လမ်းသွားလမ်းလာတွေက ကောက်ယူသွားခဲ့ကြတယ်တဲ့။ ဒဏ်ရာနဲ့ လဲနေသူကိုတော့ မကူကြဘူးတဲ့။ သူ့အတွင်းအိတ်ထဲက ရွှေဘောက်ချာကို ယာဉ်ထိန်းရဲက တွေ့လို့ သူ့အလောင်းကို မိသားစုက ပြန်ရလိုက်တာလို့ ဆိုပါတယ်။ ခုချိန်မှာ တစ်နေ့ တစ်နေ့ ဆေးရုံမှာ ပိုင်ရှင်မဲ့ အလောင်းတွေ ပိုများများလာတယ်လို့ ဆိုပါတယ်။ 

မနက်လင်းလို့ သတင်းဖွင့်လိုက်ရင်လည်း မြန်မာပြည်အနှံ့က လယ်ယာသမားတွေရဲ့ အိမ်နဲ့ယာတွေတွေကို စစ်တပ်က မီးရှို့တဲ့သတင်းတွေ စဉ်ဆက်မပြတ် ကြားရပါတယ်။ ကယားပြည်နယ်ကဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ပစ်ခတ်လို့ သံဃာတော် သုံးပါးအပါအဝင် လူ နှစ်ဆဘ်ကျော် အစုလိုက်အပြုံလိုက် သေနေပုံတွေကို သူငယ်ချင်းတစ်ယောက်က ပို့လို့ တွေ့လိုက်ရတယ်။  အာဆီယံနဲ့ နိုင်ငံတကာက ဒီလိုလုပ်ရပ်တွေကို ကန့်ကွက်နေတဲ့ကြားက စစ်တပ်က ဂရုမစိုက်ပဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်။

စစ်တပ်က သူ့ထုံးစံအစဉ်အလာအတိုင်း ရွေးကောက်ပွဲ ရက်ရွှေ့ဖို့ ကြိုးစားနေပုံရတယ်။ အကြောင်းပြချက်က လူဦးရေသန်းခေါင်စာရင်း တိတိကျကျကောက်ဖို့တဲ့။ လူတွေကတော့ သူတို့ရွေးကောက်ပွဲကို စိတ်ဝင်စားပုံမရပါဘူး။ ရွေးကောက်ပွဲဝင်ဖို့ တာစူနေတဲ့ နိုင်ငံရေးပါတီတွေကတော့ ‘နင်’ နေတာပေါ့ ။ 

၁၀ တန်းစာမေးပွဲရှိလို့ လျှပ်စစ်မီး အချိန်ပိုပေးမယ်လို့ ကြေညာထားပေမယ့် တနေ့ကို ၈  နာရီ အပြည့်မပေးနိုင်တာ တွေ့ရတယ်။ ဒါတောင် လျှပ်စစ်မီးပေးချိန်ကို အချိန်မှန် မပေးနိုင်ဘူး။ 

အသုဘ အိမ်မှာ လူစုံတော့ စီးပွားရေးဘာတွေ လုပ်နေကြလဲလို့ မေးတော့ ပွဲစားလုပ်ငန်းတွေပဲ လုပ်နေကြတာ တွေ့ရတယ်။ လိမ်လည်မှုတွေနဲ့ လုံးထွေးနေတာတဲ့။ 

မန္ထလေး မေမြို့လမ်းဘေးက အကျဉ်းဦးစီးဌာနပိုင် ကျောက်ထုစခန်းကို လူလိမ်တစ်ယောက်က ဌာနဆိုင်ရာ တံဆိပ်တုံး အစစ်တွေ ထုတားတဲ့ စာရွက်စာတမ်း ဂရန်အတုတွေလုပ် ပြီး တရုတ်သူဌေးကို သိန်းတစ်သောင်းကျော်နဲ့ ရောင်းတဲ့ အမှု မန္တလေးမှာဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်ကတော့ အဖမ်းမခံရအောင် မနည်းကြိုးစားရုန်းထွက်ခဲ့ရတယ်လို့ သိရပါတယ်။ သူဌေးဆောက်ထားတဲ့ ကျောက်ထုစက်ရုံနဲ့ နန်းတော်သမျှကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦ တခုကိုတော့ အစိုးရကို လှူတယ်လို့ သူဌေးက လက်မှတ်ထိုးလိုက်ရတယ်တဲ့။ ငွေလိုချင်လို့ စီးပွားရေးလုပ်တာ ကုသိုလ်တွေ ရသွားတဲ့ တရုတ်သူဌေး မျက်နှာ ဘယ်လိုများနေလဲကို တွေးမိတယ်။ 

နောက်တွေ့တဲ့ မိတ်ဆွေ တစ်ယောက်ကတော့ ဂျပန်ပစ္စည်းအဟောင်းတွေကို ထိုင်းနိုင်ငံဘက်က ကွန်တိန်နာနဲ့သွင်းပြီး ပြည်တွင်းမှာ ပြန်ရောင်းတာ အစပိုင်း တော်တော် အဆင်ပြေတယ်၊ နောက်ပိုင်းတော့ တရုတ်ပစ္စည်းအ‌‌ဟောင်းတွေကို ကွန်တိန်နာထဲ ထည့်ပြီး ထိုင်းဘက်က ရောင်းနေလို့ လူကြိုက်နည်းပြီး ဝယ်အားကျသွားတယ်လို့ ဆိုတယ်။ 

ပတ်စ်ပို့ရုံးကလည်း ဖွင့်လိုက် ပိတ်လိုက်မို့ နိုင်ငံခြားသွား အလုပ်လုပ်ဖို့ ကြိုးစားသူတွေလည်း အရင်းအနှီး တော်တော်များနေတယ်။ ပညာတတ် မြန်မာလူငယ်တွေ ဂျပန်က အလုပ်ခေါ် ပြီး သူ့နိုင်ငံမှာ အလုပ်ခန့်တာ အတော်အဆင်ပြေနေတယ်လို့ အလုပ်သမား မိဘ တစ်ယောက်က ပြောပါတယ်။

တနေကုန် စိတ်ညစ်စရာတွေပဲ ကြားနေရတယ်။ 

ည အိပ်ချိန် ပါချုပ်ဆရာတော်‌ဒေါက်တာ မာလာဘိဝံသရဲ့ “ဆက်ဆံရေး”လို့ ခေါင်စဉ်တတ်ထားတဲ့ တရားနာပြီးအိပ်ရတယ်။ အိပ်မက်ကောင်းကလေးများမက်မလားလို့ပါ။ 

ဆက်ဆံရေး မာလာဘိဝံသ https://youtu.be/W9q6Ed4Zf3c တရားတော်ထဲမှာတော့ မိသားစုဆက်ဆံရေး၊ မိတ်ဆွေ အချင်းချင်းဆက်ဆံရေး၊ ဆရာ တပည့်ဆက်ဆံရေး။ မင်းနဲ့ ပြည်သူ ဆက်ဆံရေး အအကြောင်းတွေနဲ့ ကျင့်ဝတ်တွေကို ဟောကြားဆုံးမသွားတာပါ။ 

ကျနော် နာမိသလောက် အားလုံးခြုံပြီးပြောရင် ကောင်းသောဆက်ဆံရေးနဲ့ မကောင်းသော ဆက်ဆံရေး နှစ်မျိုးရှိတဲ့ အကြောင်း။ ကောင်းသော ဆက်ဆံရေးဆိုတာ တဦးနဲ့တစ်ဦး ကောင်းကျိုးလိုလားတဲ့ စိတ်နဲ့ မေတ္တာစိတ်ကို အခြေခံ ဆက်ဆံတာကို ခေါပြီး မကောင်းသော ဆက်ဆံရေးက လောဘ ၊ ဒေါသ ၊မောဟ အပေါ်မှာ အခြေခံထားတဲ့ အကြောင်းတွေ အကျယ်တဝင့် ‌‌ဟောကြားသွားတာပါ။ 

မကောင်းတဲ့ ဆက်ဆံရေး ထူထောင်သူတွေဟာ မနာလိုစိတ်၊ ရန်လိုစိတ်တွေ လွှမ်မိုးနေပြီး တယောက်ပြောစကားကို တယောက် လက်မခံဘဲ အကြောင်းမဲ့ တိုက်ခိုက် အပုပ်ချနေကြတယ်လို့ ပြောပါတယ်။ ကောင်းသောဆက်ဆံရေး ရှိသူတွေကတော့ တယောက်နဲ့ တယောက် ယုံကြည်ကြတယ်၊ အမှားတွေကို ထောက်ပြရင်လည်း လက်ခံပြုပြင်ကြတယ်၊ တယောက်နဲ့ တယောက်အမှားတွေကို ထောက်ပြရင်လည်း မှန်ကန်ယဉ်ကျေးပြီး အချိန်အခါနဲ့လည်း သင့်လျော်တယ်လို့ ဆိုပါတယ်။ 

ကျွန်တော် မှတ်မိပြီး နားလည်သလောက် ပြန်ပြန်ပြောရရင် ကောင်းသောဆက်ဆံရေး (သူတော်ကောင်း ဆက်ဆံရေး)မှာ အပြန်အလှန် လေးစားကြတယ်။

အပြန်အလှန် ယုံကြည်ကြတယ်။

အခြေခံရိုးသားဖြူစင်ကြတယ်။

အမြင်မတူရင် ညှိနှိုင်းအဖြေရှာတယ်။

မာန မထားကြဘူး။

မျှမျှတတ နဲ့ အပြန်အလှန် အပေးအယူလုပ်ကြတယ်။

ကိုယ်ဘက်က အသာစီးရဖို့ တခုတည်းကို မကြည့်ကြဘူး။

ဆွေးနွေးပွဲ မှာ ပြောမှားဆိုမှား ရှိရင်လည်း ဒေါသကို ထိန်းပြီး ပြေပြေလည်လည် ပြောကြတယ် လို့ သိရပါတယ်။ 

တကယ်တော့ မွန်မြတ်တဲ့ လူ့အဖွဲ့ အစည်းတခု ထူထောင်ရာမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး (သူတော်ကောင်းဆက်ဆံရေး) ဟာ အလွန်ကြီးမားတဲ့ ဩဇာနဲ့ အင်အားရဲ့ အရင်းအမြစ်တခုလို့ မြင်မိပါတယ်။

မွန်မြတ်တဲ့ ဆက်ဆံရေး ထူထောင်မိတဲ့ လူမှုအဆောက်အဦဟာ တနေ့တခြား ဖွံဖြိုးတိုးတက်လာပြီး ယုတ်ညံ့တဲ့ ဆက်ဆံရေး ထူထောင်သူတွေဟာ တနေ့တခြား စုတ်ပြတ်သွားမှာပဲလို့ တွေးမိပါတယ်။

လျှပ်စစ်မီးပျက်လို့ မှောင်မည်းနေတဲ့ အချိန်၊ ခြင်တဝီဝီမြည်သံကြားက ဒီစာကိုရေးနေရတာပါ။

လက်တဖက်က စာရေး၊ လက်တဖက်က  ယပ်ခတ်ကာ ခြင်တွေနဲ့ ကျနော်ရဲ့ အကြား ဆက်ဆံရေးကို ကြိုးစားပမ်းစားထူထောင်ရင်း ဒီနေ့တော့ ဒီလောက်ပါပဲ။

အန်ကယ် တူမီး

14/3/23



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar