Breaking News

မဟာသင်္ကြန်စာ

မဟာသင်္ကြန်စာ

(မိုးမခ) မတ် ၁၉ ၊ ၂၀၂၃


ဇေယျတုသဗ္ဗမင်္ဂလံ

အရပ်၄ပေ၊ ဉာဏ်ချီးပေနှင့် အတွင်းကား အကောက် အပကား အညစ်အတိပြီးသော မှောင်ခြည်တစ်ထောင်ဆောင်သော စောရရာဇာမည်သော စစ်ရာဇဝတ်ဂိုဏ်းချုပ် သေမင်းသည် အရပ်ဖက်ဖြစ်သော NLDရာသီ ဒီမိုကရေစီနက္ခတ် တတိယပါဒ် ဒေါက်ဖိနပ်နဝင်းမှ စစ်ဖက်ဖြစ်သော စောက်ပုရာသီ ကြောင်စီနက္ခတ် အရူးပါဒ် ဘီလူးနဝင်းထက်သို့ တွက်စစ် ကောဇာ နှစ်သင်္ချာကား ၁၃၈၄ ခုနစ် နှောင်တန်ခူးလဆုတ် ၁၀ ရက် သောကြာနေ့ မြန်မာဗဟိုရ်နေ့ ၃ ချက်တီးအချိန် အာဏာငန်းရာသီလဂ်၊ ပလ္လင်ခိုးရာသီစန်း၊ တနင်္ဂနွေဂြိုဟ်မွှေဟောရက်၊ သောကြာဂေါက်နာတြင်း၊ ဗုဒ္ဓဟူးအရူးနဝင်း၊ အင်္ဂါဒေဝဒတ်ဒွါဒသင်း၊ ဖွတ်နက္ခတ် ၁၃ လုံး၊ စုန္ဒသားသတ်သမားလဂ်စီးလျက် ထိုနာရီ၏ အနိဌဖဝါးကား ပြည်သူသန်းငါးဆယ်၊ စပါးသုည နှမ်းသုညတွင် မတော်လောဘကရိုဏ်းနှင့်ယှဉ်လျက် စောရရာဇာအမည်ရှိသော စစ်ရာဇဝတ်ဂိုဏ်းချုပ် သေမင်းသည် တရုတ်သရဲအဆင်းနှင့်တူသော သွေးညှီရောင်အဝတ်တန်ဆာကို ဝတ်ဆင်လျက် လျှပ်စစ်ထိုင်ခုံကိုစီး၍ လက်တဖက်ကား ပုဆိန် လက်တဖက်ကား မီးဒုတ်ကိုင်လျက် ချင်းတောင်မှသည် မကွေး စစ်ကိုင်းသို့ ဝင်၏။ ကြိုင်နန်းဒေဝီနတ်သမီးကား အလှည့်စေ့၍ နေဝင်းတပ်မင်း၏သား အဓမ္မ အမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် ခေါဘနီဒေဝီနတ်သမီးကား ဆောင့်ကြောင့်ထိုင်၍ လှမ်းလင့်၏။ ဗိုလ်ကတော်ဒေဝီနတ်သမီးကား သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသအားဖြင့် ငါးပါးသော ဆင်းရဲဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သေမင်းကို စောင့်လင့်၏။ 

ထို့ကြောင့် တပ်ဦး တပ်လယ် စန့်အံ့။ တပ်နှောင်း ဂန့်အံ့။ ကတော်တို့ ပရိတ် ပဌာန်း ဓမ္မစကြာ အနတ္တလက္ခဏသုတ်ရွတ် ဖြန့်အံ့။ ယုတ်သော ဘောင်းဘီဝတ်ကြောင့် မြတ်သော ပုဆိုးထမီသင်္ကန်းဝတ်တို့ ပျက်စီးကုန်အံ့။ ကျွဲ နွားစသော အခြေလေးခုတို့ ဥပါဒ် ဖြစ်အံ့၊ ပြည်နယ် ပြည်မ ချောက်ချားအံ့။ ရိက္ခာရှားအံ။ 

(ဤကား မဟာသင်္ကြန်အကျအဟောတည်း)

သင်္ကြန်သုံးပါးတို့တွင် မရဏသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် ၂၄ မိနစ်တွင် ဦးခေါင်းဆေးမင်္ဂလာ ပြုရာ၏။ ဤကား အများနှင့်သက်ဆိုင်သော သာမညအခါပေတည်း။ အသီးအသန့် ဝိသေသအခါပေကား သင်္ကြန်ကျသည့်အချိန်တွင် သင်္ကြန်ကျ မြေခံသည် အနိဋ္ဌ ကြာသပတေးမြေခံဖြစ်သည်။ သင်္ကြန်ကျသည့်ရက်မှာ သရေကြိုးသောကြာနေ့ ဖြစ်၏။ သို့ဖြစ်ရာ မိမိတို့၏ နေ့အလိုက် ဂဟပတိ အရပ်ကား...

တနင်္ဂနွေနေ့ဖွား သားသမီးများအတွက် မိတ္ထီလာလေတပ်၊ သောကြာနေ့ဖွား သားသမီးများအတွက် တံတားဦးလေတပ်၊  တနင်္လာနေ့ဖွား သားသမီးများအတွက် မင်္ဂလာဒုံလေတပ်၊ အင်္ဂါနေ့ သားသမီးကား နမ့်ဆန်လေတပ်၊ ဗုဒ္ဓဟူးနေ့ သားသမီးကား ပုသိမ်လေတပ်၊ ကြာသပတေးနေ့ သားသမီးကား တောင်ငူလေတပ်၊  စနေနေ့ သားသမီးကား မြစ်ကြီးနားလေတပ်၊ ရာဟုနေ့ သားသမီးကားဟုမ္မလင်းလေတပ်များသို့ မျက်နှာမူပြီးလျှင်... 

မိမိတို့ နံ၏ အမြစ်ဖြစ်သော တနင်္လာကား စနိုက်ပါ၊ အင်္ဂါကား မိုင်း၊ ရာဟုကား တူမီး၊ ဗုဒ္ဓဟူးကား မိုင်တဲမမ၊ စနေကား ဒရုန်း၊ ကြာသပတေးကား လက်လုပ်၊ တနင်္ဂနွေကား မောင်းပြန်၊ သောကြာကား နာနတ်သီး။ အမြစ်နှင့် နံတူ ခဲယမ်းတို့ကို နင်းကြမ်းပြု၍ မိမိတို့၏ အညွှန့်ပန်းဖြစ်သော 

တနင်္ဂနွေသားသမီးများ မိုင်တဲတာဝါတိုင်ဖြို၊ တနင်္လာ သားသမီးများ ယမ်းချက်၊ အင်္ဂါ သားသမီးများ မိုင်းလုပ်၊ ဗုဒ္ဓဟူး သားသမီးများ ကင်းစောင့်၊ ရာဟု သားသမီးများ မိုင်းထောင်၊ စနေ သားသမီးများ မိုင်းဆွဲ၊ ကြာသပတေး သားသမီးများ ရံပုံငွေရှာ၊ သောကြာ သားသမီးများ ရိက္ခာစု။

အညွန့်နှင့် နံတူပန်းတို့ကို အသီးသီး ဆောင်လျက် မိမိတို့ကိုးကွယ်ရာ ရတနာသုံးပါး မိဘဘိုးဘွား ဆရာသမား တော်လှန်စစ်ကြောင်း CDMနှင့် မြေပြင်သပိတ်တပ်အပေါင်း၊ PDFနှင့် LDFအပေါင်း  EAO အပေါင်းတို့ကို သရဏံ ဂစ္ဆာမိကြပြီး မိမိတို့ လိုရာဆန္ဒကို ဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုရာကုန်၏။ 

ဦးခေါင်းဆေးရသောအကျိုးကား

သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော နွေဦးတော်လှန်ရေးသည်။ ပုဏ္ဏမေ၊ PDF သုံးရာကျော် လေးရာ ရသဖြင့် COC ပြည့်၍ ခံစစ်ရာသီ အာဝသန်နဝင်းမှ တိုက်စစ်ရာသီ အာဒိနဝင်းသို့ ပြောင်းခဲ့သည်ရှိသော်။ ဣဓ၊ ဤလူ့ပြည်၌။ မဏဝါ၊ ဂလေနေဝင်း ဖွတ်မင်းသန်းရွှေ သရေကြိုးမင်းအောင်လှိုင်ဟု အသတ်ပြိုင်သည့် ကပ်သုံးကောင်တပ်ကို မပုန်းရှောင် ဗုံးထောင်မပြတ် သတ္တဝါဟု ခေါ်ဝေါ်အပ်ကုန်သော။ မနုဇာ၊ မြန်မာပြည်သူ နွေဦးသူရဲကောင်းအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ တေသံ၊ ထိုဦးခေါင်းဆေးကုန်သော သူတို့အား။ သဋ္ဌိဘာဝီ၊ ခြောက်ဆယ်နှစ်က ဖြစ်ကုန်သော။ ရောဂီ၊ စစ်အာဏာရူး ဘီလူးရောဂါ အနာမျိုးတို့သည်။ ဝိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဝီ၊ ချမ်းသာခြင်း၏ အဖို့ဖြစ်ကုန်သော။ သတသဟဿာနိ၊ တစ်သိန်းသော အကျိုးတို့သည်။ ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။

တော်လှန်သင်္ကြန် ရှောင်ကြဉ်ရန်ကား မင်္ဂလာစကား လင်္ကာကြားအံ့။

ကြောင်းလျားစုံစေ့ သင်္ကြန်နေ့မှ စ၍ဝေးစွာ ရှောင်ကုန်ရာသား လနာသိုးပုတ် ကြမ်းကျုတ်ရက်စက် သဘက်သူခိုး ငကြင်စိုးနှင့် ဆိုးရွားညစ်ထပ် သူ့စစ်တပ်နှင့် လူသတ်မီးရှို့ ပြည်ဖျက်ဖို့ကို ထောက်ပို့ဝိုင်းကူ ပျူစောထီးနှင့် ငတ်ကြီးလွန်ကျ စစ်ဘောမသည့် ဝိသမပုတ်ညှီ ခရိုနီနှင့် ပြည်သူ့နှလုံး ညှိုးချုံးစိုးရိမ် မငြိမ်ငိုကြွေး ဘေးကြီးကျခိုက် ပျော်ပိုက်နေသူ လူမဟုတ်နှင့် ပုဂ္ဂိုလ်တသီး ထေရ်ကြီးထေရ်ငယ် မယ်သီလယ်နှင့် အရွယ်မရွေး ဝေးလေကောင်းလေ ရှောင်ကြစေဟု ကျမ်းချွေစကား လင်္ကာကြားသည်။

(ဤကား မဟာသင်္ကြန်အကျအလိုတည်း)

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား တော်လှန်နှစ်တည်း။ နှစ်ကို ထောက်ပို့စောင့်၏။ မြေကို EROစောင့်၏။ ကောင်းကင်ကို ဒရုန်းစောင့်၏။ ရေကို CDMစောင့်၏။ မိုးကို SPစောင့်၏။ တောကို PDF, LDFစောင့်၏။ 

လူတို့အဓိပတိကား နွေဦး၊ သူခိုးတို့အဓိပတိကား မအလ၊ ပျူတို့အဓိပတိကား မဘသ၊ ခရိုနီတို့၏ အဓိပတိကား စစ်ရာဇဝတ်ဂိုဏ်း၊ Non CDMတို့၏ အဓိပတိကား မိုးကျရွှေကိုယ်၊ ဒုက္ခတို့၏ အဓိပတိကား စစ်အာဏာရှင်။

နက္ခတ် ၆ လုံး ငုပ်၏။ ၆ လုံး ပေါ်၏။ တော်လှန်ရှိန်တက်အံ့။ တပ်တွင်း တပ်ပြင် နာအံ့။ တပ်ရင်း ပျက်အံ့။ တော်လှန်မိုး အမျိုးမျိုး ရွာအံ့။ တပ်နေ မကောင်း။ တပ်ပြေး ကောင်း၏။ တပ်ထွက်အကောင်ကြီးများ ကောင်း၍ ကြံ့ဖွတ်မကောင်း။ တပ်နှင့်ပတ်သက်သမျှ လုပ်ငန်းနာအံ့။ အခက်ပွေကြအံ့။ ပျူနဲ့စစ်တပ် မီးပတ်ရှို့အံ့။ မြို့ရွာပျက်အံ့။ လူတို့ အနာအဖျားများလွန်းကုန်အံ့။ ပြည်သူတို့ အချင်းချင်း ကူကြအံ့။ အစဉ်မပြတ် စစ်ဖြစ်အံ့။ ခွေးအူသံ တန့်ရပ်အံ့။ ပြည်သစ်တည်အံ့။ 

(ဤကား အတာစက္ခုအလိုတည်း)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar