Breaking News

SNLD ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်က မြန်မာပြည်သူတွေ၏ နိုင်ငံရေးသဘောထားကို ထင်ဟပ်သလား

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၈ မြင်ကွင်း

(မိုးမခ) မတ် ၁၉၊ ၂၀၂၃


SNLD ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်က မြန်မာပြည်သူတွေ၏ နိုင်ငံရေးသဘောထားကို ထင်ဟပ်သလား

မြန်မာနိုင်ငံမှာ တတိယ အင်အားအကြီးဆုံးနိုင်ငံရေးပါတီလို့ ဆိုနိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ လက်ရှိအနေအထားမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းတွေထဲ ဖော်ပြထားကြပါတယ်။ 

စစ်ကောင်စီက ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်အရ လာမယ့် မတ်လ ၂၈ ရက်နေ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ဖို့ နောက်ဆုံးရက် အဖြစ်သတ်မှတ်ထားတာ ဖြစ်ပြီး ဒီဥပဒေအရ မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ နိုင်ငံရေးပါတီ အဖြစ်တရားမဝင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ မှတ်ပုံမတင်ခဲ့ရင် နိုင်ငံရေးပါတီ တရပ်အဖြစ် ရပ်တည်ဖို့ တရားမဝင်တော့မယ့် စိုးရိမ်မှု၊ နောက်တချက် အနေနဲ့  စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ်ပြီး ဘယ်အချိန်မှာကျင်းပမယ်လို့ အတိအကျ မသိရှိရသေးတဲ့ ရွေးကောက်ပွဲလိုမှာ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ရည်ရွယ်ခြင်း စတဲ့အချက်တွေ အပေါ်မူတည်ပြီး အခြားသော နိုင်ငံရေးပါတီတွေ အနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ကြတာ ဖြစ်ပြီး၊ SNLD အနေနဲ့တော့ အခုလက်ရှိ အနေအထားမှာ မှတ်ပုံတင်ဖို မသင့်သေးဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ 

မှတ်ပုံမတင်ရင် စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ မဖြစ်နိင်ဘူးဆိုတာ မှန်ပေမယ့် မှတ်ပုံတင်လိုက်ခြင်းအားဖြင့် နကိုရှိရင်းစွဲ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေကို စစ်ကောင်စီက ပြင်ဆင်ထားတဲ့ ကြပ်တည်းအောင် ထပ်မံလုပ်ထားတဲ့ ကန့်သတ်ချက်တွေ အောက်မှာ  မှတ်ပုံတင်ခြင်းကလည်း နိုင်ငံရေးအရ အလျှော့ပေး လိုက်နာရခြင်း ဖြစ်နေမယ့် သဘောလည်း သက်ရောက်တာ ဖြစ်ပါတယ်။ 

အရင် စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်တုန်းက၊ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဖို့ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ နှိုးဆော်ခဲ့တုန်းကလည်း SNLD အနေနဲ့ မှတ်ပုံမတင်ခဲ့ပဲ ၂၀၁၂ နောက်ပိုင်းမှသာ နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပချိန်မှာ SNLD ခေါင်းဆောင်ပိုင်းတွေ အများစုက အကျဥ်းထောင်ထဲ အကျဥ်းကျခံနေရဆဲ ဖြစ်ခဲ့တာပါ။ အဲဒီကာလမှာ စိုင်းအိုက်ပေါင်း ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ)  ကိုထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁/ ၂၀၁၂ ခုနှစ်တွေမှာ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး လွတ်ငြိမ်းခွင့်ပေးပြီးနောက်ပိုင်း SNLD ကိုပြန်လည် မှတ်ပုံတင်ခဲ့ပြီး SNLD က ရှမ်းပြည်နယ်မှာ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီ၊ မြန်မာတနိုင်ငံလုံးအနေနဲ့ တတိယ အကြီးဆုံး နိုင်ငံရေးပါတီအဖြစ် ပြန်လည်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

အခုကာလဟာလည်း ၂၀၁၀ လို ကာလနဲ့ ထပ်တူထပ်မျှ အခြေအနေချင်း မတူညီပေမယ့် အဆိုပါ ကာလ နိုင်ငံရေးပါတီ မှတ်ပုံမတင်နိင်ခဲ့ ၊ မတင်ခဲ့တဲ့ ကာလနဲ့ ပြန်လည်နှိုင်းယှဥ်စရာ ဖြစ်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီတရပ် အနေနဲ့ နိုင်ငံရေး ဝိညာဏ် soul က တည်ဆဲဥပဒေအရ တရားဝင်ဖြစ်ခြင်း မဖြစ်ခြင်းထက် ပိုအရေးကြီးတယ်လို့ SNLD  က ယူဆတာမျိုး ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိတဲ့ အခင်းအကျင်းအောက်မှာ ပါတီတရပ်အနေနဲ့ မှတ်ပုံတင်ခြင်း၊ ကျင်းပလာနိုင်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ စိတ်အားထက်သန်ခြင်းက နိုင်ငံရေးအရ ရပ်တည်ချက် ခိုင်မာမှုကို ထိပါးစေနိုင်တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ လက်ထက် လက်နက်ကိုင် ပဋိပက္ခတွေ နေရာအနှံ့အပြား ဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးပါတီ တရပ်အနေနဲ့ တရားဝင် ရပ်တည်ခွင့်က အခြားအရာတွေထက် အရေးပါသလား ဆိုတာမျိုးလည်း စဥ်းစားစရာ ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် အနေနဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ကြီးကြီးမားမား ပါဝင် လှုပ်ရှားနေတယ်လို့ မဆိုနိုင်သော်လည်း ရှမ်းတိုင်းရင်းသားတွေ နေထိုင်ရာ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ်ထဲက အချို့သော ဒေသတွေ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ် အစပ်ဒေသတွေ မှာ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြတာ ဖြစ်ပြီးအဲဒီဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

ဒါကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ခုနေအခါ ပါတီမှတ်ပုံမတင်ဖို့  ဆုံးဖြတ်ခြင်းဟာ နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေး ပါတီတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားစည်းရုံးနိုင်ခွင့် ရှိ မရှိအပေါ်မူတည် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် တရပ်ဖြစ်ပြီး ရွေးကောက်ပွဲက ပထမ လား၊ ပါတီတရပ်ရဲ့ ရပ်တည်ချက်၊ လူထုက ယုံကြည်မှုက အဓိကလားဆိုတဲ့ မေးခွန်းကိုလည်း ဖြေဆိုထားတဲ့သဘော ယူဆနိုင်တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar