Breaking News

ဖိုးရွှေညီမှိုင်း - ဘဝများ

ဘဝများ
ဖိုးရွှေညီမှိုင်း
(မိုးမခ) မတ် ၁၇၊ ၂၀၂၃

မတွန့်နဲ့
ဆုတ်သွားတတ်တယ်
မဆုတ်နဲ့
နစ်သွားတတ်တယ်
ဘယ်နေရာ ရောက်ရောက်
ဘာ ဖြစ်ဖြစ် ...
ချည်တိုင်ဆီ ပြန်လာတတ်တဲ့ နွား
သခင်ဆီ ပြန်လာတတ်တဲ့ ခွေး
မွေးရာဆီ ပြန်လာတတ်တဲ့ ငါး
သိုက်မြုံဆီ ပြန်လာတတ်တဲ့ ငှက်
မီးတိုင်ဆီ ပြန်လာရဲတဲ့ဖလံ
နွေဆီကို ပြန်လာရဲတဲ့ မြူ
မိုးဆီကို ပြန်လာရဲတဲ့ တိမ်
ဆောင်းဆီကို ပြန်လာရဲတဲ့ နှင်း
သမုဒယတွေ
ဗီဇသတ္တိတွေနဲ့
မကြောက်တရားတွေကို
လှလှပပကြီး
စကားလုံးမပါ
ဖွင့်ဆို ပြနေကြ။

၂၀၂၃ မတ်လ ၁၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar