Breaking News

မင်းအောင်လှိုင်၏ စစ်ဘီလူးတပ်တွေနဲ့ အကာအကွယ်မဲ့ ပြည်သူတွေ

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၆ မြင်ကွင်း

(မိုးမခ) မတ် ၁၇၊ ၂၀၂၃


မင်းအောင်လှိုင်၏ စစ်ဘီလူးတပ်တွေနဲ့  အကာအကွယ်မဲ့ ပြည်သူတွေ

မတ်လဆန်းကစပြီး PDF တွေနဲ့ ERO တပ်တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေအားလုံးမှာ မင်းအောင်လှိုင်၏ စကစ စစ်တပ်တွေက ထိုးစစ်တွေ အပြင်းအထန် တိုးမြှင့်လာပါတယ်။ စစ်တပ်က ဓါးဓါးချင်း လှံလှံချင်း တိုက်တာ မဟုတ်တဲ့အပြင် အဆမတန်တဲ့ ပြင်းထန်တဲ့ လက်နက်အင်အားနဲ့ တိုက်ခိုက်တာ ဖြစ်တဲ့အပြင် လက်နက်မဲ့ စစ်ဘေးသင့်ပြည်သူတွေကိုပါ နယ်မြေတလျောက် ရက်စက်စွာ ညှင်းပန်းပြီး သတ်ဖြတ်မှုတွေကိုပါ ကျုးလွန်နေတာ ဖြစ်ပါတယ်။ သူတို့စကကစစ်တပ်တွေကို ဘီလူးတပ်လို့ ခေါ်တဲ့အကြောင်း အညာဒေသက မျက်မြင်တချို့က မှတ်ချက်ပေးပါတယ်။ ဘီလူးတွေလို ရက်စက်ကြမ်းကြုတ်တဲ့သက်သေကတော့  မတ် ၁၁ ရက်နေ့က ပင်လောင်းမြို့နယ်ထဲက နမ်းနိမ်ကျေးရွာက ဘုန်းကြီးကျောင်းမှာ ၊ ဘုန်းတော်ကြီး ၃ ပါး၊ အမျိုးသမီးတဦးအပါအဝင် အရပ်သား အနည်းဆုံး ၂၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်ရပ်က ပြသနေပါတယ်။

စစ်ဘီလူးတွေက လက်နက်ကိုင် ခုခံတဲ့ PDF တွေ ပကဖ၊ ပအဖ၊ ပလဖတွေကို ခေါင်းဖြတ်သတ်ဖို့၊ ပြည်သူတွေကိုလည်း မီးရှို့ပြီး သတ်ဖြတ်ဖို့ အမိန့်တွေ ရထားတယ်လို့ အတည်မပြုရသေးတဲ့ သတင်းပေးတွေကနေ သိရပါတယ်။ စကစ စစ်ကြောင်းတွေက ၁၀၀ ၊ ၁၅၀ အထိ အင်အားရှိပြီး ရှေ့က အယောင်ပြ တပ်စိတ် တခုလောက်နဲ့ ချီလာပြီး ဒေသခံတွေက ခုခံကြတဲ့အခါ နောက်ကနေ ဝန်းယံ ဖြတ်တောက်ပြီး ဒေသခံ PDF တပ်တွေကို ချေမှုန်းတယ်လို့ သူတို့က ပြောပါတယ်။ အချို့ ဒေသခံ Local PDF တွေကတော့ မိမိတို့ ရပ်ရွာကို ကာကွယ်ရင်း အသက်စွန့်သွားကြရပြီး လက်နက်အင်အားချင်း မမျှလို့ ဆုတ်ခွာရင်လည်း ကျန်ရစ်တဲ့ ရွာတွေကို အရှင်ထားမှာ မဟုတ်တဲ့အတွက် ရွာခံတွေအတွက် အလွန်ကြီးလေးတဲ့ စိတ်ဖိဆီးမှုတွေ တာဝန်ရှိမှုတွေ ခံစားရတယ်လို့  အညာဒေသက ဒေသခံ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

ပင်လောင်းမြို့နယ် နမ်းနိမ်ကျေးရွာ အရပ်သားများကို စကစနဲ့ နောက်လိုက် ပြည်သူစစ်အဖွဲ့ဝင်တွေ သတ်ဖြတ်မှုကျုးလွန်ခဲ့တဲ့ ဖြစ်ရပ်မှာ ခုခံစစ် ဆင်နွှဲနေတဲ့ KNDF နဲ့ PDF တပ်တွေဘက်က သူတို့အတွေ့အကြုံပြောကြားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအရ အဆိုပါရွာက အခြားသူများနဲ့အတူ မတိမ်းရှောင်ဘဲ ရွာမှာ ကျန်ရစ်ခဲ့သူတွေကို အချိန်မီတိမ်းရှောင်ကြဖို့ သတိပေးခဲ့တဲ့အကြောင်း၊ နောက်ချန်ခဲ့တဲ့ ရွာသားတွေကလည်း စကစ တပ်နဲ့အတူ သူတို့ဒေသခံ ပြည်သူ့စစ်အဖွဲ့တွေလည်း လိုက်ပါလာမှာမို့ ဘာမှ မဖြစ်လောက်ဖူးဆိုတဲ့ သဘောထားတဲ့ နေခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့သော်လည်း မင်းအောင်လှိုင်၏ စစ်တပ်နဲ့ သူတို့နောက်လိုက်လက်နက်ကိုင်အဖွဲ့တွေက ရက်စက်စွာ လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် ဒေသခံတိုင်းရင်းသားတွေအချင်းချင်းကြား အထင်အမြင်လွဲမှားပြီး သွေးကွဲ မုန်းတီး တိုက်ခိုက်မှုတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာဝါဒဖြန့်မှုတွေ လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ ဒေသခံ ပအိုဝ်းတွေကို အခြားတိုင်းရင်းသားတွေက အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ စစ်ကောင်စီက လိမ်ညာထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဧရာ၀တီကရေးတဲ့ သတင်းဆောင်းပါးတခုအဆိုအရ စကစက အပစ်ရပ်ထားတဲ့ ဒေသတွေ (အထူးသဖြင့် ရှမ်းပြည်အချို့နယ်မြေများ) က စစ်တပ်တွေကို ထုတ်ယူပြီး နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေဆီကို ပို့ဆောင်ပြီး ထိုးစစ်တွေ မြှင့်လာတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကယား(ကရင်နီ)၊ ကရင်နဲ့ တနင်္လာရီမှာ စစ်ပွဲတွေ ဖြစ်ပွားလာတဲ့ဆီမှာ အညာဒေသက local PDF တွေ၏ အဓိက စိုးရိမ်ပူပန်မှုကတော့ ဒေသခံပြည်သူတွေကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင်တာ၊ လက်နက်လုံလောက်မှုမရှိတာ၊ မိုင်းလက်နက် ဒရုန်းလက်နက်ချည်းနဲ့ စကစ စစ်ကြောင်းတွေကို ခုခံဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိနေတာ ဖြစ်ပါတယ်။ 

အဲသည်နေရာမှာ  စုဖွဲ့မှု သဘာ၀မတူတဲ့ PDF တွေ ကာကွယ်ရေးအဖွဲ့တွေအကြောင်းကလည်း စကားပြောတယ်လို့ ဆိုပါတယ်။ ERO လို့ခေါ်တဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် တပ်မှုးတွေ ကွပ်ကွဲတဲ့ PDF တပ်ရင်းတွေ ရှိသလို ကာကွယ်ရေးဝန်ကြီးဌာနမှာ စည်းကမ်းစည်းမျဉ်းနဲ့အညီ မှတ်ပုံတင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအသိအမှတ်ပြု PDF တပ်ရင်းတွေလည်း ရှိလာပါတယ်။ နောက်ပြီးတော့ တပ်ရင်းအဆင့်အတန်းမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့အဆင့်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ လက်တွဲပြီး ဆောင်ရွက်နေကြတဲ့ ဒေသခံအဖွဲ့တွေ၊ ပကဖအဖြစ် မဖွဲ့ဘဲ သီးခြား local PDF အမည်တွေနဲ့ ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။  အခြား စုဖွဲ့မှုသီးသန့်ရှိနေတဲ့ လက်နက်ကိုင် ခုခံစစ်ဆင်နွှဲနေသူ အဖွဲ့အများအပြားလည်း အညာဒေသမှာ ရှိနေတယ်လို့ ဒေသခံသတင်းထောက်တဦးက သုံးသပ် ပြထားပါတယ်။

သည်တော့ အခုလို စကစ၏ ထိုးစစ်ပြင်းထန်လာတဲ့ဆီမှာ စစ်လက်နက် ထောက်ပို့နဲ့ သင်ကြားမှု အားနည်းတဲ့ အဖွဲ့အစည်းတွေ အထိနာကြပြီး NUG လက်အောက်ခံ တပ်ရင်းတွေအနေနဲ့ကလည်း အမိန့်ကို စောင့်ပြီး တောင်းပြီး လှုပ်ရှားရတာ ဖြစ်တာမို့ အခြားအဖွဲ့အစည်းများနဲ့ ချိတ်ဆက်မှု ပူးပေါင်းမှုတွေ အနည်းနဲ့ အများ ကွာဟမှု ရှိလာတယ်လို့ သူက မှတ်ချက်ပေးပါတယ်။ အထက်က တင်ပြခဲ့သလို ဒေသခံရွာတွေ ဘေးလွတ်ရာ ပြောင်းပြေးနိုင်ဖို့ စောင့်ရှောက်ဖို့ဆိုတာကလည်း ဘီလူးတပ်တွေ၏ ကြမ်းကြုတ်ရက်စက်မှုတွေအောက်မှာ အကန့်အသတ် အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မတ်လ ၁၆ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၃)မှာ အကြမ်းဖပ်စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုး ခံရချိန်မှာ ဒေသခံများစနစ်တကျ နေရပ်စွန့်ခွာရှောင်တိမ်းရေး ပြင်ဆင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကြောင်းထိုး ခံရချိန်မှာ စနစ်တကျ နေရပ်စွန့်ခွာရှောင်တိမ်းရေး၊ လူသားတံတိုင်းအလုပ်ခံရခြင်းမှ ရှောင်ရှားနိုင်ရေး ဆိုင်ရာ အစီအမံတွေ၊ လမ်းညွှန်အကြံပြုချက်တွေကို Emergency Operation Centre ရဲ့ လုပ်ငန်းတွေမှာ ထည့်သွင်းပြီး ဒေသအလိုက်/ကျေးရွာအလိုက် ပြင်ဆင်ထားနိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

NUG ဝန်ကြီးချုပ်က အခုလို ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် NUG လက်အောက်ခံ PDF တပ်ရင်းတွေ ပကဖအဖွဲ့တွေက အခုထက်ပိုပြီး ပြင်ဆင်မှုတွေ လူထုကို အသိပေးလမ်းညွှန်မှုတွေ တိုးမြှင့်လာလိမ့်မယ်လို့ မျော်လင့်မိပါတယ်။ ဒါ့အပြင် သူတို့တွေချည်းပဲ မဟုတ်ဘဲ ဒေသခံ တည်ရှိနေပြီးသားပြီးတဲ့ local PDF တွေ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက် ညှိနှိုင်း လှုပ်ရှားမှုလည်း ပိုမုပြီး လုပ်ကိုင်ရမယ် ဖြည့်စွမ်းရမယ်လို့ ဆိုချင်ပါတယ်။

အဲသည်အတွက် ဝန်ကြီးချုပ်က မတ်လ၁၆ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာပဲ ဒီအချက်ကို ထပ်ပြောထားတာ ကြားလိုက်ရပါတယ်။

"လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDFတွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပကဖ များ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ်(၂၂)မှာ ဖော်ပြထားတဲ့အတိုင်း LDFနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း တိုးမြှင့်ဆောင်ရွက်ကြမှသာ ကျွန်တော်တို့ဆောင်ရွက်ချင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှု တွေ၊ စနစ်ကျန ခိုင်မာအားကောင်းပြီး ဖက်ဆစ်စစ်တပ်နေရာမှာလည်း အသင့်အစားထိုးဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ပြီး ပြည်သူကအားကိုးတဲ့ စစ်ရေး/ကာကွယ်ရေးယန္တရားများ ဖြစ်မှာဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

အဲသည်အတိုင်း လက်တွေ့မြေပြင်မှာ ဖော်ဆောငဖို့ဆိုရင်တော့ အချင်းချင်းကြားထဲ ဆက်သွယ်ရေးလမ်းကြောင်းတွေ တည်ဆောက်ထားပြီး အဆက်မပြတ် ချိတ်ဆက် သတင်းမျှဝေနေဖို့ကလည်း အရေးတကြီးလိုအပ်နေပါတယ်။  လွန်ခဲ့တဲ့ တပတ်က NUG ၏ ဆက်သွယ်ရေးသတင်းအချက်အလက်ဝန်ကြီး ဦးထင်လင်းအောင်နဲ့ မေးမြန်းခဲ့စဉ်က ဆက်ကြောင်းတွေ ရှိဖို့ ဖွင့်နိုင်ဖို့ ဆက်သွယ်ရေးကိရိယာတွေကို အဆင့်အတန်းတခု သတ်မှတ်ပြီး encryption ကြားဖြတ်နားထောင်လို့မရတဲ့ စနစ်သတ်မှတ်သုံးစွဲကြဖို့၊ ဖြန့်ချိကြဖို့ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။ သည်တော့ အခုအချိန်မှာ စစ်ပွဲပြင်းထန်နေချိန်မှာ လက်နက်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်ချက်တွေ ပြင်ဆင်ချက်တွေကို နွေဦးတော်လှန်ရေးဘက်တော်သားများက အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက်နေကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar