Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၃ )

(မိုးမခ) မတ် ၆၊ ၂၀၂၃

4/3/23

Diary in darkness


မနက် ၄း၀၀ နာရီမှာ နိုးတယ်။ 

ညကကောင်းကောင်း အိပ်မပျော်။

ကျွန်တော် တလကျော်လောက် စာမရေးနိုင်ခဲ့ပါဘူး။ အခုအခါ ကျန်းမာရေး အရင်လို မကောင်းတော့ပေမယ့်  သက်သာစပြုလာပါပြီ။ ကွန်ပျူတာ ပြုပြင်တာနဲ့ အဆင့်မြှင့်တာ မြန်မာငွေ နှစ်သိန်းနီးပါး ကုန်သွားပါတယ်။

မီးပျက်ချိန် တနေ့တခြား ပိုများလာပါတယ်။ ဘာပဲဖြစ်ဖြစ် အားသစ်မွေးပြီး  အာဏာရှင်ရဲ့နောက်ဆုံးနေ့ရက်များကို ဆက်လက် မှတ်တမ်းတင်ရင်း ကျွန်တော့်ရဲ့ ဘဝနေဝင်ချိန်ကို ဖြတ်သန်းမှာပါ။

အိပ်ရာနိုးနိုးချင်း ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောကြားတဲ့ ဗုဒ္ဓရဲ့ ဝိဝါဒ မူလ ၆ ပါးအကြောင်း တရားနာဖြစ်တယ်။ လူတွေ မသင့်မြတ်ရတဲ့ အကြောင်းရင်း ၆ ပါးအကြောင်းပါ။ https://m.facebook.com/story.php?story_fbid=pfbid02GRDLoSfHnmjkGCnEHzqwBHb1QfRuKt61VgN7oMHFrzCZLk6XbJJMYjBouSigrGesl&id=100039373426604&mibextid=Nif5oz

ကျွန်တော်  နားလည်သလိုပြန်ရေးပြရလျှင် 

၁။ စိတ်တိုခြင်း၊ ရန်ငြိုးဖွဲ့ခြင်း (ကောဓ ဥပနာဟ)

၂။ သူ့ကျေးဇူးကို အသိအမှတ်မပြုဘဲ ကျေးဇူးကန်းခြင်း (မက္ခ ပဠာသ)

၃။ တဖက်သားကြီးပွားရင်မနာလိုဖြစ်ခြင်း သို့မဟုတ် မိမိကြီးပွားသလို မကြီးပွားစေလိုခြင်း (ဣဿာ မစ္ဆရိယ)

၄။ ကောက်ကျစ်စဥ်းလဲခြင်း၊ မိမိအပြစ်ကို ဖုံးကွယ်ခြင်း၊ မိမိမှာမရှိတဲ့ အရည်အချင်းကို ရှိဟန်ဆောင်ခြင်း (သဌ မာယာ)

၅။ အောက်တန်းကျတဲ့စိတ်နဲ့ အောက်တန်းကျတဲ့နည်းကို သုံးခြင်း၊ မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းမပြုဘဲ ဖြတ်လမ်းက အောင်မြင်ရယူလိုခြင်း မှန်ကန်တဲ့ အမြင်မရှိဘဲ မှားယွင်းတဲ့အမြင်သာရှိခြင်း (ပါပိစ္ဆ မိစ္ဆာဒိဋ္ဌိ)

၆။ မိမိအမြင်သာ မှန်တယ်၊ တပါးသူရဲ့ အသိအမြင်ဟာ မှားတယ်လို့ မြင်ခြင်း၊ မိမိ မှားလျှင်လည်း မှားမှန်းသိလျက်နဲ့ ဝန်မခံဘဲ ကြားကြားမီးယပ်လို့ ဆိုခြင်း (သန္နဌိပရာမာသီ)

ဆရာတော်ဘုရားရဲ့ ဟောကြားချက်တွေဟာ သူတပါးကို ချိန်ထိုးဝေဖန့်ဖို့ထက် မိမိကိုယ်ကို ပြန်လည် သုံးသပ်ပြုပြင်နိုင်မယ်ဆိုရင် အလွန်တန်ဖိုးရှိပါတယ်။

လက်ရှိ အခြေအနေမှာ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ပြည်သူတွေ အကြည်ညိုပျက်နေကြပါတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ အမာခံဘုန်းတော်ကြီးတွေကို ပါ။ စစ်ကောင်စီ ဟာ သံဃာအဖွဲ့အစည်းကို စနစ်တကျ ဖျက်ဆီးခဲ့တာ ဦးနေဝင်းလက်ထက်ကတည်းက ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့်ထက်မှာ အအောင်မြင်ဆုံး ဖျက်ဆီးနိုင်ခဲ့တာပါ။ မြန်မာပြည်မှာ အင်အားကြီးပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆိုလို့ စစ်တပ်နဲ့ သံဃာအဖွဲ့အစည်းပဲ ရှိတာမို့ ဦးနေဝင်းဟာ သံဃာ့ဖွဲ့ အစည်းကို ရေရှည်စီမံကိန်းချ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ စိုက်ခဲ့တဲ့ အဆိပ်ပင်တွေဟာ မင်းအောင်လှိုင်လက်ထက်မှာ ဝေဝေဆာဆာ ဖြစ်နေပါပြီ။ ပြည်သူတွေကလည်း သံဃာတွေ အပေါ်မှာ စိတ်ပျက်နေကြပါတယ်။ နွေဦးတော်လှန်ရေးဟာ အာဏာရှင်တွေကိုသာမက အာဏာရှင်ဒေါက်တိုင်တွေကိုပါ အပြတ်ရှင်းဖို့ ယဉ်ကျေးမှုတော်လှန်ရေးကိုပါ တပြိုင်တည်း ဆင်နွှဲနေပုံရပါတယ်။ ရေရှည်မှာ တိုင်းပြည်အတွက်ရော စစ်မှန်တဲ့ ဘာသာရေးတွေအတွက်ပါ ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။  

လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ စစ်အာဏာရှင်နဲ့ ပြည်သူ့ခုခံရေးတပ် (PDF) တိုက်ပွဲတွေ မြန်မာပြည်တဝန်းမှာ ပိုပြင်းထန်နေကြောင်း ရေးသားနေကြပါတယ်။

ဒေါက်တာတင်မောင်သန်းက‌တော့ မြန်မာပြည် အနာဂတ်ကို စိုးရိမ်မိကြောင်းနဲ့  အစွန်းရောက်ဘာသာရေးတွေ လူမျိုးရေးတွေကြောင့် ဒီထက်ပိုမိုဆိုးဝါးဖွယ်ရှိတယ်လို့ အာဖကန်နိုင်ငံကို ကိုးကားပြီး VOA ဆွေး‌နွေးခန်းမှာ ပြောသွားတယ်။ ဦးကျော်စံသာကလည်း အလားတူသဘောမျိုး‌ ပြောပါတယ်။ 

လျှပ်စစ်မီးကလေး ရတုန်း၊ အင်တာနက်ကလေး ကောင်းတုန်း အခုတလော လူပြောများတဲ့ AI (Artificial intelligence)အကြောင်း လေ့လာမိတယ်။ သူ့ရဲ့ စူးစမ်းရေးယန္တရား (browser) ထဲဝင်ကြည့်တာ အဆင်ပြေတယ်။ ကျွန်တော် ဆီးချိုဖြစ်လို့ စားနေရရတဲ့ ပေါင်းဆန် အကြောင်းမေးကြည့်တော့-

“ပေါင်းဆန် (Parboiled rice)ဟာ ကာဘိုဟိုက်ဒရိတ် (carbohydrates) နဲ့ ကယ်လိုရီ (calories) ပါဝင်မှု နည်းတယ်၊ အမျှင်ဓာတ် (fiber) ပါဝင်မှု များတာကြောင့် ဆီးချိုရောဂါသည်တွေနဲ့ ပိုသင့်လျော်တယ်” လို့ ဆိုပါတယ်။ 

ဆီးချိုရောဂါဟာ ဆန်ဖြူကို အားပြုစားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမျိုးသားရေးရောဂါ ဖြစ်နေတယ်လို့ သိရတယ်။ အဲဒါကို တိုက်ဖျက်ဖို့ မြန်မာတွေရဲ့ ဆန် အားပြုစားတဲ့ ရှင်သန်မှုပုံစံ(live style) ကို ပြောင်းလဲဖို့ ပညာရှင်တွေက အကြံပြုထားတယ်လို့ သိရပါတယ်။ ဆီးချိုဖြစ်ပြီဆိုရင် အခြားရောဂါတွေ ဝင်ရောက်ဖို့ အခွင့်အလမ်း ပွင့်သွားစေတယ်လို့ သိရပါတယ်။ 

“ယခုခါ မြန်မာပြည်က ပေါင်းဆန်ကို ရုရှားနိုင်ငံကို တင်ပို့နေတယ်၊ မြန်မာပြည်တွင်းမှာ စားသုံးသူ မရှိသလောက်ရှားတယ်” လို့ ကျွန်တော့်မိတ်ဆွေ ဆန်ကုန်သည်တစ်‌ယောက်က ပြောပါတယ်။

“မြန်မာပြည်က ရိုဟင်ဂျာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောပါဦး”လို့ AI ကို မေးခွန်းမေးမိတော့ “ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပျက်ကွက်ခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုဟာ စစ်တပ်ရဲ့နှောင့်ယှက်မှုကြောင့် ‌အခက်အခဲ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ သူမရဲ့ အောင်မြင်တဲ့ အခြားလုပ်ဆောင်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်”လို့ ဆိုပါတယ်။

ဟုတ်ကဲ့ AI ၊ ခင်ဗျားပြောသလို မစဉ်းစားမိတဲ့ သူဟာ တဖက်သတ် စဉ်းစားနေတယ်လို့ ဆိုလိုတာများလားဗျာ။

AI ကို နောက်ထပ်မေးကြည့်တဲ့ မေးခွန်းကတော့ မြန်မာပြည်သူတွေ ဘယ်တော့ အောင်ပွဲရမလဲဆိုတဲ့မေးခွန်း ပါ။ သူ ဖြေတာက “မြန်မာပြည်ရဲ့အောင်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်တယ်” လို့ ဖြေပါတယ်။ 

AI ရယ် မင်းကတော့ မြန်မာ့အရေး ဆွေး‌နွေးနေသူတွေထက် ပိုပြီး ပညာရှိဆန်နေပါကလား။ သူတို့ကို ဘုံပျောက်အောင် မလုပ်လိုက်ပါနဲ့။ မင်းကတော့ ဆရာကြီးတွေရဲ့ ဆရာကြီးပါပဲကွာ။

အန်ကယ်တူမီး

4/3/23


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar