မောင်ဘဦး - ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း၏ ကြီးလေးလှသည့် အပြစ်ဒဏ်
မောင်ဘဦး - ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း၏ ကြီးလေးလှသည့် အပြစ်ဒဏ်
(မိုးမခ) မတ် ၇ ၊ ၂၀၂၃
'ဆိုရှယ် ပန်းနစ်ရှမင့်'။
'လူမှအသိုင်းအဝိုင်းက နောက်နောင်ခါဝယ် ဤလိုပြစ်မှူ့မျိုး မကျူးလွန်မိလေအောင်၊ နောင်ကြဥ်အောင်၊ ဝိုင်းဝန်း၍ အပြစ်ပေးကြသည့် ဒဏ်'။
သာမန် ဥပမာ။
"ဇစ်ပြုတ်နေတယ် ဟေ့"။
"မျောက်ကြီးကွ"။
"ဝါးဟား ဟား ဟားဟား"။
လွန်လေပြီးသော နှစ်ပေါင်း ၄၀ ကျော်၊ တက္ကသိုလ် နယ်မြေအတွင်း၊ ညနေခင်း အဆောင်မပိတ်မီ 'ကင်တင်း'ဖက်ဆီမှ အသံများ။
ထဘီ လုံချည်ကွင်းဝတ် ကျောင်းသူများကြားမှ ဂျင်းဘောင်းဘီရှည် ဝတ်ဆင်လာမိသည့် တစ်ဦးတည်းသော ကျောင်းသူကို လှောင်ပြောင် ဝိုင်းဟားကြခြင်း။ ယနေ့ခေတ်လို တိုနှန့်နှန့်ပင် မဟုတ်။
ထိုခေတ် ထိုအခါ၊ ဂျင်းဘောင်းဘီရှည် ဝတ်ဆင်လာမိသည့် အနှီအနှာ ကျောင်းသူမှာ ငိုယူရပါသည်။ နောက်ရက်များ၌ မဝတ်ရဲတော့။ ဝတ်ခဲ့လျှင်လည်း အဖော်သူငယ်ချင်းများက အတူသွားဖို့ ခေါ်ကြတော့မည် မဟုတ်။
"ဟဲ့ ဘုန်းကြီးကျောင်းသွားတာ စကတ်ကြီးနဲ့ အမြင်မတော်၊ သွားလဲချေ၊ မိန်းလေးတန်မဲ့ ဣန္ဒြေမရှိ သိက္ခာမရှိ"။
လွန်လေပြီးသော နှစ်ပေါင်း ၄၀ ကျော်၊ ကျောင်းကန်ဘုရားအသွား၊ မိဘမောင်ဘွား ဦးကြီးဦးမင်းများက ဝိုင်းဝန်းကာ ကန့်ကွက်ကြ၊ ငေါက်ငမ်းကြ၍ ပြန်လည်လဲလှယ်ဝတ်ဆင်ကြရပါသည်။
တက္ကသီလာ၊ ဘုရားကျောင်းကန်၊ ထိုထိုနေရာတို့တွင်သာမက ရပ်ထဲရွာထဲ ဝတ်ဆင်ခဲ့ပါလျှင်လည်း 'ထိုခေတ်ထိုအခါ၏ ယဉ်ကျေးမှူ ထုံးတမ်းစဉ်လာ' အရ၊ အားလုံးက ကဲ့ရဲ့ပြစ်တင်၊ တက်ညီလက်ညီ ဝိုင်းဝန်း၍ ဖယ်ကြဉ်ကြပါလိမ့်မည်။ 'ဆိုရှယ် ပန်းနစ်ရှမင့်' အပြည့်။ 'ကြားနေ' လုံးဝ မရှိ။
ဖက်ရှင်ဒီဇိုင်းက သာမန်ဥပမာမျှသာ။ အတွင်း မနော၊ စိတ်၏ အရိပ်၊ ပုံနှိပ််ပြခြင်းပါ။ ဝတ်စုံဒီဇိုင်းတွင်သာမက အကျင့်စာရိတ္တပိုင်းတွင်လည်း၊ မသင့်တော်လျှင် လွဲမှားနေလျှင် ထိုခေတ် ထိုပတ်ဝန်းကျင် ထိုလူ့အဖွဲ့အစည်းက အပြစ်တင် ကန့်ကွက်ကြ၊ ထိုခေတ်ထိုအချိန်၏ ဆိုရှယ်ပန်းနစ်ရှမင့် ဒဏ်ခတ်ချက်က ပြင်းထန်လှပါသည်။
"သူ့ဖအေ သူ့မအေ၊ သူ့ဘိုးအေတွေက၊ ခိုးတတ် ဝှက်တတ် လိမ်ပြောတတ်တဲ့ အမျိုးနော်၊ အိမ်ထောင်ဖက်ဖို့များ သွားစိတ်မကူးလေနဲ့"။
မည်ရွေ့မည်မျှပင် ကျိကျိတက် ချမ်းသာချမ်းသာ၊ အကျင့်စာရိတ္တ မကောင်းရှာသည့် ထိုထိုအမျိုးကိုမူ မိမိတို့အသိုင်းအဝိုင်းထဲကိုဖြင့် အဝင်မခဲ။ 'ဆိုရှယ် ပန်းနစ်ရှမင့်'၏ ဒဏ်ချက်က ထိုမျှလောက် ပြင်းထန်ခဲ့ကြပါသည်။ လက်လုပ်လက်စား 'စာရင်းငှား'ပင် ဖြစ်ပါစေ၊ အလုပ်ကြိုးစား အကျင့်စာရိတ္တ ကောင်းမွန်ငြားက၊ သမီးသားနှင့် လက်ဆက်၊ မိမိတို့ အသိုင်းအဝိုင်းထက်တွင် ရွှေပေါ်မြတင်၊ နေရာ ပေချင်ခဲ့ကြသည်။
စင်စစ်၊ ဤ လူမှုရေးအပြစ်ဒဏ်မျိုးကို၊ ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းများမှာသာ ကျင့်သုံးနိုင်စွမ်းကြသည်။ အပြစ်ပေးနိုင်စွမ်းကြသည်။
ထိုသို့ ကျင့်သုံးကြရာတွင်လည်း 'ကြားနေ' ဟူ၍ မရှိ။ 'ကြားနေ' ဟူသည်ကား ဘက်လိုက်ခြင်းတစ်မျိုး။ 'ကြား အနေ'များလျှင် ထိုထို အပြစ်ဒဏ်မျိုး၊ ဘယ်သောခါမှ မအောင်မြင်။ မိဘမောင်ဘွား ဦးကြီးဦးမင်း နတ်နေကိုင်းများမှ အစ၊ မိတ်ဆွေသင်္ဂဟ အလယ်၊ သူစိမ်းသူရံစာ အဆုံး၊ "ဒို့တော့ စကားနားမထောင်မယ့်အတူတူ အမုန်းခံပြီး ပြော,မနေတော့ဘူး" ဟူ၍ 'မသိမသာ ဘက်လိုက်', 'ကြားနေသူ'ဟူ၍ လုံးလုံး မရှိ။
"ဤ ရဟန်းမိုက်တို့ကြောင့် ဗုဒ္ဓဘုရားရှင်ကို ဝါတွင်းကာလပတ်လုံး၊ ငါတို့ သာဝတ္ထိတစ်မြို့လုံးက မဖူးမမြင်ကြရချေ။ ကဲ့ရဲ့ပြစ်တင်၊ ဆွမ်းတစ်ဇွန်း တစ်ယောက်မ, မျှပင်လျှင် မလောင်းလှူပဲ နေကြကုန်အံ့"။
ဆရာတကာ 'အားနာပါးနာ'လေး သော်မျှ 'ခါး'အပါ မခံကြ။ ညီညွတ်လှစွာ ဆိုရှယ်အပြစ်ဒဏ် ခတ်ကြပါလေတော့သည်။ ဒို့တော့ ဘယ်ဖက်ကမှ မပါ၊ 'ကြားနေမည်' ဆိုတာ ဝေး၊ လူမှူ့ရေးအပြစ်ဒဏ်ကို သာဝတ္ထိတစ်မြို့လုံးက တညီတညွတ်ထဲ ပေးကြလေကုန်သည်။
အကျိုးဆက်ကား၊ ထိုရဟန်းများသည် မိမိတို့၏ မှားယွင်းမှု အပြစ်ကို သိမြင်၊ ဘုရားရှင်ကို ဝန်ချ တောင်းပန်၍ ပြန်လည် ပင့်ဆောင်ချင်ကြပါလေတော့သည်။
ဘုရားရှင်ကလည်း၊ ဝါကျွတ်သည်အထိ ဘယ်သူ့ကိုမှ အတွေ့မခံ။ သာဝတ္ထိပြည်သူတို့၏ အပြစ်ဒဏ်ကို၊ 'ဆက်လက်' စေပြန်သည်။ ဘုရားရှင်ပင်လျှင် 'ကြားမနေ'။
ငါ့-လုပ်ငန်းခွင် မလာချင်မှာ ကြောက်၊ ငါ့-ဆိုင် ဈေးလာမဝယ်မှာ ကြောက်၊ ငါ့-ဖောက်သည် ပျက်မှာကြောက်၊ ငါ့-အလုပ်ဆိုဒ် နောက်လိုက် မရှိမှာကြောက်၊ ငါ့-ကျောင်း လာမလှူမှာ ကြောက်၊ သူခိုးဓားပြ လူလိမ်မ,မှန်း၊ ခိုးမှန်း လိမ်မှန်း သိလျှက်ကြီးနှင့်ပင်၊ ဟန်မပျက် ဆက်လက်၍ ပေါင်းဖေါ်လျှက်ရှိကြသည့် ယနေ့ခေတ် ယနေ့ကာလသည်ကား 'ကြားနေ'လူစား များလှချေသည်။ ဤ ဆိုရှယ်ပန်းနစ်ရှမင့် - လူမှုရေးအပြစ်ဒဏ်သည်ကား၊ ကြားပဲ နေသလိုလို၊ ဟိုလိုလိုသည်လိုလို၊ ခြံစည်းရိုး ခွ,ထိုင်၊ 'တစ်ဘို့'ကိုသာ ကြည့်သူ၊ 'ငို့ဘ'ပုဂ္ဂိုလ် များလျှင် ရာနှုန်းပြည့် မအောင်မြင်။
အလွန်အင်မတန် ခက်ထန်,မာနကြီးလှသည့်၊ 'မြင်းမြီးဆွဲ မောင်ဆန်'၊ 'ဖွားဘက်တော် အရှင်ဆန္ဒ'၊ ဘုရားရှင်၏ ညီတော်လို ပုဂ္ဂိုလ်မျိုးကိုပင်၊ ရဟန္တာမထေရ်ရှင်မြတ်ကြီးအပေါင်းတို့သည် အရေးလုပ်-ဖက်မတန်၊ "အဖက်လုပ်၍ စကားမပြန်ကြေး"၊ "စကား မပြောကြေး"၊ တုံဏှိသာဝေ နှုတ်ပိတ်နေကာ၊ လူမှုရေးအပြစ်ဒဏ်ကို တက်ညီလက်ညီ 'ကြားနေ'မရှိ ကျင့်သုံး ဒဏ်ခတ်တော်မူခဲ့ကြလေသည်။
အကျိုးကား၊ "ကျွန်ုပ် မှားခဲ့ပါ၏ အရှင်ဘုရားတို့"။ "ကျွန်ုပ်အား အရေးယူ အဖက်လုပ်ကာ စကားပြောကြားကြပါကုန်"။ "နောက်နောင် အပြစ်ကြီးငယ်ရှိက ဆုံးမ ပဲ့ပြင်တော်မူကြပါကုန်"ဟု ငိုယိုဝန်ချ တောင်းပန်ရသည်အထိ အောင်မြင်ခဲ့သည်။
အနှီ၊ ဤမည်သော လူမှုရေးအပြစ်ဒဏ်သည်ကား၊ ယဉ်ကျေးသိမ်မွေ့ လှစွာသော လူအဖွဲ့အစည်း, လူ့အသိုင်းအဝိုင်း၊ ညီညွတ်လှစွာသော လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းတို့၌သာလျှင် ကျင့်သုံးနိုင်စွမ်း ရှိပါချေသည်။
ညီညွတ်သော၊ ယဉ်ကျေးသော၊ ကျွန်ုပ်တို့ လူ့အသိုင်းအဝိုင်း၏ နွေဦးတော်လှန်ရေး ခေါ် စစ်အာဏာရှင် လုံးဝ ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာစေရေးတို့တွင်လည်း ဤ ဆိုရှယ်ပန်းနစ်ရှ်မင့် ခေါ် လူမှုရေးအပြစ်ဒဏ်ကို 'ကြားနေ' (လုံးဝ) မရှိစေဘဲ ကျင့်သုံးကြမည်ဆိုပါလျှင်၊ အဘယ်သို့သော ဒုစရိုက်-ပုဂ္ဂိုလ်မျိုးတို့သည် ကြံ့ကြံ့ခံ နေနိုင်ပါအံ့နည်း။
ထိုထို လူမှုရေးအပြစ်ဒဏ်၊ ပျက်ပြယ် လျော့ကျစေရန်အတွက်၊ ဘက်မလိုက်-'ကြား'မှာ နေ၊ အနှီအနှာ ပုဂ္ဂိုလ်တွေအတွက် နေရာလည်း မရှိစေရ။
ကျွန်ုပ်တို့အားလုံး ညီညွတ်ကြပါစို့။
သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။
မောင်ဘဦး
(၈၄၊ ပေါင်း၊ ဆန်း ၁၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar