ဒီသစ် - "ပါတော်မူတမ်းချင်းထဲကပိတောက်" နောက်ဆက်တွဲ နွေညများ ...
"ပါတော်မူတမ်းချင်းထဲကပိတောက်" နောက်ဆက်တွဲ နွေညများ ...
ဒီသစ်
(မိုးမခ) မတ် ၆၊ ၂၀၂၃
"အခုလို ..
အပူကဲတဲ့ညမျိုးမှာ
ပွင့်ခြောက်မွမွကို
ဖွဖွလေး မွှေးရင်းနဲ့ ..."
အပူလှိုင်းတို့က ထကြွတလိပ်လိပ်။ လယ်ကွင်းခြောက်ခြောက်တို့အပေါ်မှာကား အပူခိုးအပူငွေ့တံလျှပ်တို့က လက်လက်ထ လှပ်လှပ်တောက်နေဆဲ။
နေပူကဲကဲထဲမှာ ရိုးတံကျိုးကျဲ အရွက်တို့ ကြွေကျလွင့်ပါးဆဲကုက္ကိုပင်တို့အောက်က အပေါ်ကြော တောက်လောင်ဆူပွက်ထနှစ်လမ်းသွားကတ္တရာလမ်းမကြီးခမျာ အလျှားမှောက်လဲကျနေပုံဟာမြင်ရ၊တွေ့ရမချိမဆန့်နိုင်ပါ့။
၁၉၉၀ လွန်နှစ်များရဲ့တခုသောနွေ။ရန်ကုန်-မန္တလေးလမ်းမဟောင်းကြီးပေါ်က "ဆွာမြို့"ကလေးရဲ့လမ်းမဘေး တနေရာ။
ထိုစဥ်ကာလက Express car (ကပရကား)တွေရပ်နားလေ့ရှိတဲ့ နာမည် ကြီး "ရွှေလင်းယုံ-စားသောက်ဆိုင်" တောင်ဘက်ဘေး၊ ကုက္ကိုပင်အိုကြီးရဲ့အောက်မှာ ကျောင်းနေဖက်သူငယ်ချင်း "ကိုဖိုးထောင်" ရဲ့ကွမ်းယာဆိုင်လေးဟာ ဖြတ်သွားဖြတ်လာ တထောက်နားရာ ယာယီဌာနန္တရလေးပေါ့။
ဆိုင်ရှေ့မှာချထားတဲ့သစ်သားတန်းလျားလေးနှစ်လုံးဟာ ကုန်သည်ပွဲစားတွေ၊ ကားသမားတွေ၊ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မိတ်ဆွေအပေါင်းသင်းရောင်းရင်းတွေရဲ့ အလှည့်ကျစုဝေး၊ နားခို၊ သတင်းလှယ်၊ အတင်းဖလှယ်ကြရာ အငှားဧည့်ခန်းလေး တခုပါပဲ။
ပူတဲ့အခါပူ။ ရိပ်တဲ့အခါရိပ်။ ကုက္ကိုရွက်ခြောက်၊ ကုက္ကိုလ်ပွင့်ကြွေ၊ ကုက္ကိုစေးစပ်စပ်၊ ဖုန်တလိပ်လိပ်ကပ်နေလည်း အားလုံးကိုယ်ထူကိုယ်ထဖုတ်ဖက်ခါထိုင်ကြလူပြတ်တယ်ရယ်လို့မရှိကြပေဘူး။
ကွမ်းယာလေးမြုံ့လိုက်။ ကပ်လျက်ဆိုင်က လက်ဖက်ရည်မှာသောက်လိုက်။ ရေနွေးအိုးထဆွဲလိုက်။self-service ပေါ့။ ကိုယ့်ပရိတ်ဿတ်နဲ့ကိုယ် ဟန်ကိုကျလို့။
ရှေ့က နှစ်လမ်းသွား ရန်ကုန်-မန္တလေး ကတ္တရာ လမ်းမဟောင်းကြီးပေါ်မှာတော့ ကုန်ကား၊ လော်လီကား၊ ဆိုက္ကား၊ စက်ဘီး၊ (ကားလွတ်တဲ့အချိန်) နွားလှည်းတွေက တရုန်းရုန်း၊ တဂုန်းဂုန်း၊ တဗြုန်းဗြုန်း။(ထိုကာလများဆီက တဒုန်းဒုန်း ဂွန်ဒေါင်း တို့၊ တဖုန်းဖုန်း ဆိုင်ကယ် တို့က ရှားတားပါးတားပဲရှိသေး။)
ကျောက်အိုပဲ့ထွက်၊ လမ်းလယ်ခွက် ကတ္တရာရည်ကျဲဖျန်း လမ်းမကြီးဘေး မြေသားပြင်ပေါ်မှာတော့ ရပ်ထားတဲ့ လိုင်းကား၊ စျေးကား၊ လူသွားလူလာ၊ ဆိုင်လာစက်ဘီး၊ ဂိတ်ရပ်ဆိုက္ကား တရုန်းရုန်းရှုတ်ကျပ်။ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျားပန်းကိုခတ်နေရော့။
(၅) ရက်တစျေးနေ့များဆို ကျေးလက်ကစျေးလာတက်ဝယ်ကြသူတွေနဲ့ ကြက်ပျံကျမကျကတော့ အာရုံဆေးနဲ့သာ စပ်ဟပ်ကြည့်ကြဖို့သာ။
* * * * * * * * * * * * * * * * * * *
"ရွာထိပ်က..
အိပ်တန်းပျက်သွားတဲ့ငှက်ငယ်တို့
ဒီးလွှားပျံသန်းလို့..."
တူးဖို့၊ တူးဖို့...ခေတ်။
တနွေလုံးရပ်သူရွာသားတွေ၊ ဘယ်သူမှနားခွင့်မရ။
နေပူကျဲကျဲ အရိပ်မွဲမွဲမှာ ဟိုအရပ် ဒီအရပ်၊ ဟိုကန်ဆယ်၊ ဒီကန်ဖို့။ ဟိုမြောင်းတူး၊ ဒီကမ်းဆယ်။ ဟိုလမ်းဖောက်၊ ဒီလမ်းမြေတင် ။ လုပ်အားပေးမြိုင်ထတွေ ထရ ကြွရ ကာလ။
ရွာအဝင်မြေလမ်းအသစ်ကဖို့မြေတွေမညီညာသေး။လုပ်အားပေးတို့ရဲ့ပညာအပေးကြမ်းတဲ့နေရာတွေက ချိုင့်ခွက်အိကျ။ အညှစ်ခံထားရတဲ့ချွေးစတွေ ပေကျံဆဲ။ လယ်ကွက်တွေထဲက ဖြတ်ဖောက်ထားတာမို့ကန်သင်းတို့ပျက်ယွင်း။ လမ်းမလွတ်လို့ လှဲချထားတဲ့ သစ်ပင်တွေက လမ်းဘေးမှာ အတုံးအရုန်းလဲကျ။ ဖုန်ကထူ၊နေပူပူအရိပ်မဲ့မဲ့လမ်းအတိုင်း ဆိုင်ကယ်အစုတ်ကလေးနဲ့ ရွာကနေထွက်လာတော့ ရွာထိပ်က အသက်မဲ့သွားရှာပြီဖြစ်တဲ့ ပိတောက်ပင်ကြီးကို တမ်းဆလွမ်းတမိ။ ခိုရာမဲ့ နားရာမဲ့ အသိုက်ပျက် ငှက်ကလေးတွေမှာတော့ ဟိုဒီပျံသွား ကစဥ့်ကလျှား။ လွှတ်ကျောင်းထားတဲ့ နွားတွေတောင်မှ နှာပူမှုတ် မျက်ရည်စိုရွှဲ မရွှင်မလန်းနွမ်းလျှ။
အပူငွေ့တွေက တကိုယ်လုံးစပ်ဖျဥ်းနေအောင် တိုးဝှေ့ထိုးနှက်ကြဆဲမှာပဲ ရွာ့မြောက်အရပ် (၉)မိုင်လောက်အဝေး "ဆွာ"တိုက်နယ်မြို့ကလေးဆီ ဝမ်းမီးအတွက် ခရီးချိတ်ဆက်ဖူးခဲ့ရာ ထိုပူဆဲ ပူမြဲ ကာလတခုတာ။
* * * * * * * * * * * * * * * * * * *
"မိုးအဖွင့်ဂီတ
နောက်မျာကျနေပြီလား
ပတ်ကြားအက်လယ်ကွင်းများ
နားစွင့်နေကြရဲ့..."
ရိုးတံကျိုးကျဲညောင်ပင်အိုကြီးသာကွင်းခေါင်ခေါင်မှာ ထီးတည်းရပ်လို့။
ခါးကျဥ် လဲကျနေတဲ့ နေညှဥ်းခံရိုးပြတ်ကွင်းပြင်ပေါ်က ဝေ့ချင်သလိုဝေ့၊ မွှေ့ချင်သလိုမွှေ့နေတဲ့ နွေမူး လေရူးဟာ အပူလူးလူးပေကျံလျက်။
ချောင်းတွေ၊ မြောင်းတွေမှာတော့ ငါးလူး၊ ဖားလူး ရေစပ်စပ်လေးတောင်မကျန်၊ ကြမ်းပြင်တွေချောက်ကပ် ကွဲအက်နေပုံက ငါးကြင်းကွက်လက် လက်ထလို့။
ရှုနိုင်စွမ်းအဆုံးထိပြင်ကျယ်ကြီးကား အပူလှိုင်းပင်လယ်သေကြီးဖြစ်။ မြေကွဲလွှာချပ်တွေ ပရမ်းပတာဖြန့်ချထားသလို အက်ကြောင်းအကွက်တွေက မဲနက်ညိုမှောင်၊ ကွဲအက်ပြိုမရောင်။ တောင်ခိုးတွေဆိတ်။ လောကဓာတ်ကြီး တခုလုံး တိုးတိုးရယ်တဲ့ကမှ တိတ်လို့ပေါ့။
"ပိတောက်သုံးကြိမ်ပွင့်မှ၊ မိုးကျသတဲ့..." တောရဲ့ မိုး/ဇလဗေဒအရသားမွေးကြရဦးမယ့် မြက်မျိုးစေ့လေးတွေတောင်မှ လယ်ပင်းညောင်ရေအိုးဖြစ်။ အပူသိုင်းက ရင်တမမနဲ့။
* * * * * * * * * * * * * * * * * * *
"’ရွှေရည်လူးခဲ့ပေါ့’..တဲ့
‘နတ်ရှင်နောင်' ရဲ့
စိုလက်ခဲ့ပန်းချီကား
ပိုး ဖောက်သွားပြီ..."
"အဆိုကျော်ကြီး ပြည်လှဖေ"ရဲ့ စူးမြတမ်းလျ တေးအလင်္ကာတစပင်လျင် လွမ်းတရတော့မည်ပင်။
"မျှော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျံခဲ၊ ရွှေရည်စွဲက၊ .........." အစရှိတဲ့ "မင်းနတ်ရှင်" ရဲ့ ဆွံ့ပျံ့ဖွယ် နှလုံးရည် စာပန်းချီအလှ "ပေါ်နွေလလျင်"...ချီ ရတုရသသည်ပင် အင်္ဂါမညီတော့မည့်အလား။ "ရွှေရည်စွဲ" တို့ကင်းပနေပုံ အပူငြီးငြီးနွေ။
"ကိုဖိုးထောင်-ကွမ်းယာဆိုင်"ရှေ့ လွတ်တဲ့နေရာမှာ ဆိုင်ကယ်လေးထိုးဆိုက်။ ဒေါက်ထောက်။ စက်သတ်။သော့နှုတ်။ဆိုင်ကယ်ပေါ်ထိုင်လျက်က ဆိုင်ကယ်စီးဦးထုပ်မေးသိုင်းကြိုးဖြုတ်ပြီး ခြင်းထဲလှမ်းထည့်နေတုန်းမှာပဲ ကွမ်းယာယာနေတာကို မတ်တပ်ရပ်စောင့်နေတဲ့ "ကိုစောမောင်"ဆီက အသံခပ်စာစာနဲ့ပြောလိုက်တဲ့ မှတ်ချက်ပြုစကားဆန်းဆန်တခွန်းက ရင်ဘတ်ရဲ့အကြားကို ဝုန်းကနဲလာဆောင့်သွားတယ်။
"ကိုစောမောင်" ဆိုတာက သစ်တောဝန်ထမ်း။ တောအုပ် (သစ်တောရာထူး တပွင့်)။ သစ်ခွဲသားတို့၊ သစ်လုံးတို့ တနေရာကတနေရာ သယ်ယူခွင့်(မျှောစာ)အတွက် စစ်ဆေးပြီး သစ်ပေါ်မှာအသားတံဆိပ်တုံး (အကောက်) ထုရတဲ့တာဝန်ရှိသူ။
* * * * * * * * * * * * * * * * * * * *
"အထီးကျန် သင်္ကြန်မရဲ့
ပွင့်ဖတ်မဲ့
ပင်စည်မဲ့
တခြမ်းဖဲ့ခံခဲ့ရအလှ၊ ဘယ် လို မှ ..........."
ထိုစဥ်ကက ပိတောက်သစ်လုံးတွေ နိုင်ငံခြားပို့ဖို့ တပြည်လုံး အုံးအုံးထနေကြတဲ့ကာလ။ ဘီလ် သပ်သပ်။ သစ်လုံးသပ်သပ်။ ရသလို၊ ကြုံသလိုဆွဲကပ်ကြ။ ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတွေ၊ ပွဲစားတွေ ခြေချင်းလိမ်၊ အလုပ်ချင်းလိမ်။ အလိမ်အပေါင်း တောထနေကြကာလ။
တောတွင်း၊ တောစပ်တွေမှာဆိုလည်း "ကုမ္ပဏီတခုခုက စုပုံပြီး၊ သစ်လုံးထိပ်နှစ်ဘက်မှာ ကိုယ်ပိုင်တံဆိပ်ထုထားပြီးတာတောင်မှ ခိုးသယ်၊ နေရာရွှေ့ပုံ၊ (တံဆိပ်ပါရုံမျှ) ထိပ်နှစ်ဖက် နည်းနည်းစီဖြတ်ပြီး တခြားကုမ္ပဏီတံဆိပ်ပြောင်းရိုက်" ပြဿနာပေါင်း သောင်းခြောက်ထောင် ရှုတ်ယှက်ခတ်။ ပိတောက်လောဘဇောတစ္ဆေခြောက်ကြ။
ဘယ်လောက်တောင် များလည်းဆို ရွာထိပ်၊ ရွာ့တံဆိပ် သဘာဝအရိပ်ပင်ပါမချန်၊ ခိုးလှဲပြီး အပျောက်ဆွဲကြ ထိုကာလ။
ကွမ်းယာဆိုင်မြောက်ဘက်ဘေးကပ်လျက် "ရွှေလင်းယုံ" ဆိုင် ဆောင်းဘောက်ဆီက သင်္ကြန်စောစောကြို သီချင်းသံက စားပွဲထိုးအသံတွေ၊ လူအသံတွေနဲ့ရောနှောလျက် အပူတဟူးလမ်းမပေါ်ပျံ့ထွက်နေဆဲမှာ..."ကိုစောမောင်" ပြောလိုက်တဲ့ စကားက....
" ဒီနှစ်သင်္ကြန်အတွက် ပွင့်စရာပိတောက်ပင်တွေ မရှိတော့ဘူး ဖိုးထောင်...ရေ..." တဲ့......။
* * * * * * * * * * * * * * * * * * *
“အေးလေ..တကယ်တော့
ပြတင်းချပ်အပွင့်
ဝေးလွင့်ထွက်သွားခဲ့
လေရိုင်းတအုပ်ရဲ့စီးကြောင်းထဲမှာ
သင်းမြရနံတွေ .. မျောပါသွားခဲ့ပြီကိုး ... ။
အနှစ်သားရဲရဲ။အကာသားဖွေးလျှလျှ။အခေါက်စညိုမြမြ။အစေးနီကျဥ်ကျဥ်စီးကျ။ မွှေးရနံ့ထုံသင်းလွဆဲ လွှစာမှုန့်တို့ကြားနေပူကျဲကျဲမှာတော့ "ပိတောက်ငုတ်တိုကလေး” ရဲ့အထီးကျန်မှုဟာ စိမ်းဆတ်ဆတ်သာရှိနေတုန်းရယ်။
ခိုရာမဲ့၊ နားရာမဲ့ရွာဦးရသယွင်းခဲ့ရ။ အိပ်တန်းပျက်၊ အသိုက်ပျက်၊ငှက်ကလေးတွေခမျာမျက်ရည်အပူစတွေပေကျံနစ်မူး။ ဥဩကလေးတွေမှာလည်း ရင့်ညောင်းကျူးရာ တေးစင်သာကား နတ္ထိ။
“ဆွာမြို့လေး" မှအပြန် (၉)မိုင်အပူခရီးကို ဘယ်နည်းနဲ့ကျော်ဖြတ်ခဲ့ပါလိမ့်။ အာရုံတို့ထွေပြားနောက်ကျိ။ လန်းဆတ်မှုတို့ပျောက်ကွယ်နွမ်းရိလျက်အတွေးစက်တို့လူးလွန့်ဆယ်မတားမရနိုင်တော့ရာ...ကဗျာ။
ပါတော်မူတမ်းချင်းထဲကပိတောက်
အခုလို ..
အပူကဲတဲ့ညမျိုးမှာ
ပွင့်ခြောက်မွမွကို
ဖွဖွလေး မွှေးရင်းနဲ့ ...
ရွာထိပ်က..
အိပ်တန်းပျက်သွားတဲ့ငှက်ငယ်တို့
ဒီးလွှားပျံသန်းလို့...
မိုးအဖွင့်ဂီတ
နောက်များကျနေပြီလား
ပတ်ကြားအက်လယ်ကွင်းများ
နားစွင့်နေကြရဲ့...
"ရွှေရည်လူးခဲ့ပေါ့"..တဲ့
"နတ်ရှင်နောင်" ရဲ့
စိုလက်ခဲ့ပန်းချီကား
ပိုးဖောက်သွားပြီ...
အထီးကျန် သင်္ကြန်မရဲ့
ပွင့်ဖတ်မဲ့
ပင်စည်မဲ့
တခြမ်းဖဲ့ခံခဲ့ရအလှ၊ ဘယ် လို မှ ...
အေးလေ..တကယ်တော့
ပြတင်းခြပ်အပွင့်
ဝေးလွင့်ထွက်သွားခဲ့
လေရိုင်းတအုပ်ရဲ့စီးကြောင်းထဲမှာ
သင်းမြရနံတွေ ..မျော ပါ သွားခဲ့ ပြီကိုး ... ။
ဒီသစ်
* * * * * * * * * * * * * * * * * * * *
"ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း "(နှစ်၊လ၊အတွဲမမှတ်မိ) မှ "ပါတော်မူတမ်းချင်းထဲကပိတောက်" ကဗျာလေးရဲ့ ၁၉၉၀- လွန်နှစ်များဆီကစလို့အပူနဲ့ကျွမ်းလောင်ဆဲနွေပေါင်း (၃၀) ကျော်သို့ ...
ဒီသစ်
( ၅၊ ၃၊ ၂၀၂၃)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar