Breaking News

ကိုအောင်မှိုင်း - အနီထဲက ကြယ်ဖြူပွင့်


ကိုအောင်မှိုင်း - အနီထဲက ကြယ်ဖြူပွင့်

(မိုးမခ) မတ် ၁၅ ၊ ၂၀၂၃


တင်းတင်းဆုပ်ထားတဲ့ တူမီး
ချင်းပျိုသူတစ်ဦးရဲ့ အံကြိတ်သံ
နာခံကြလော့ ကမ္ဘာသားအပေါင်းတို့။



ထန်တလန် ဆိုတဲ့ တေးသစ်
စနစ်ဆိုးကို တော်လှန်ပစ်ဖို့
တောင်ဇလပ်တို့ တွန်းလှန်
တိုက်ပွဲအသံဟာ နွေဦးအလံဖြစ်ခဲ့။


မီးလျှံတွေကြား ပြာပုံကြား
တိုက်ပွဲသစ်ရှာ ဒီတောင်ကြောမှာ
တူမီးထမ်းရင်း ခွေးဖမ်းရင်း
တောနင်းနေတာ ၂ နှစ်ကျော်ခဲ့ပြီ။


ရှို့လိုက်စမ်းကွ ရှို့လိုက်ကြ
မီးတောက်တွေ မြေခတဲ့ခါ
ထန်တလန်ဟာ ဒါထက်ကြီးတဲ့
မြို့သစ်ကြီးတခု ဖြစ်လာလိမ့်မယ်
တောင်ဇလပ်တို့ရဲ့ တော်လှန်သမိုင်းပဲ။


တော်လှန်သမိုင်း စစ်ကိုင်းတဲ့
မီးတောက်ရဲရဲ ပြာပုံတွေထဲ
တွန့်ကြေနေတဲ့ အညာမြေမှာ
ခွေးမောင်းပွဲဟာ ဆူညံခဲ့ပြီ။


တိုက်ပွဲတွေကြား ခြေတဖက်ပါသွား
အိမ်သားအစား အိမ်သူကသေနတ်လွယ်။
တိုက်ပွဲတွေကြား လက်တဖက်ပါသွား
အကို့အစား နှစ်မကသေနတ်လွယ်။
တိုက်ပွဲတွေကြား အသက်ပါသွား
အဖေ့အစား သားကသေနတ်လွယ်။


ထိခိုက်နာကျင်ဖွယ်အစား
အသက်တွေနဲ့ကျားကန်ခဲ့
သက်မဲ့ရုပ်များတွက် ဂတိ
တိုက်ပွဲများစွာ ရှိကိုရှိလာစေရမယ်။


" ဝချက်ဝ"ရဲ့ သားတွေနေတဲ့
ကချင်မြေက ပေါမှိုင်းတွေဟာ
မနောပွဲတွက် ပြင်ဆင်နေကြပြီ
ထုံးဓလေ့တွေနဲ့ ဆင်ယင်နေကြပြီ
အနန့်ပါက ရုပ်ကြွင်းကြွေးတွက်
စစ်မောင်းသံပေး စစ်တေးကိုဆို
တိုက်ပွဲကြိုတဲ့ ကြွေးတောင်းပွဲမှာ
ပလွေသံတွေဟာ စစ်ထိုးသံဖြစ်
မောင်းသံတွေဟာ စစ်ကြေညာသံဖြစ်။


ဆွမ်ပရာဘုံက စီးခဲ့တဲ့မျက်ရည်
ကချင်ပြည်သူတွေ နှစ်လုံးအိမ်ထဲ
စွဲမြဲကာစိမ့်ဝင် နာကျည်းစွာခံစား
တေးသီချင်းတွေ ခါးသီးကုန်ခဲ့
ရိုင်းစိုင်းမှုတွက် ဓားသိုင်းကဘို့
မဒိုင်နတ်မင်းကြီးထံ တိုင်တည်
ရောင်နီမျှော် အောင်စည်ဆော်ဘို့
တိုက်ပွဲအရှိန်တွေမြှင့်ကြစို့။


ကိန္နရီ ကိန္နရာတို့ ပျော်ရာ
ကရင်နီဒေသမှာ ကယန်း
ကယား ဂေခို ဂေဘား
ဇယိန် ကယော မနူမနော
ယင်းတလဲ ယင်းဘော်
လူမျိုးစုံစွာ နေထိုင်ကြ
ကူးထိုဘိုးပွဲမှာ ပျော်ရွှင်ကြ
လွိုင်နန်းဖဟာ ထာဝရလှ။


ဘီလူးချောင်းကရေစီးသံ
တော်လှန်နာခံရန်အသင့်
မိုဆိုလူသတ်ပွဲနဲ့ဒီမော့ဆိုပြာပုံ
ရှမ်းကယားက နန်းနိမ်းရွာ
လ္ဘက်ကောင်းထွက်တဲ့ရွာ
အေးချမ်းသာယာလှတဲ့ရွာ
ဘုန်းတော်ကြီး ၃ ပါး
ရွာသား နှစ်ဆယ်ကျော်
စုလိုက်ပြုံလိုက်သတ်ဖြတ်
အောင်ပွဲခံရက်နေကြပုံများ
ရင်နဲ့အမျှမကြေ စွန်းထင်းပေခဲ့
လူ့မိစ္ဆာတွေ လူ့တိရစ္ဆာန်တွေကြောင့်
ပင်လောင်းဒေသဟာ သွေးစွန်းခဲ့ရပြီ။


ခန္ဓာက သွေးစက်တွေ
ပေါက်ထွက်လေမလား
ရင်တခုလုံး နာကျင်စွာခံစား
ဘုန်းကြီးတွေကို သတ်စရာလား
ပြည်သူတွေကို သတ်စရာလား
တိုက်ပွဲကြားက တောက်ခေါက်သံ
တိုက်ပွဲကြားက ကြုံးဝါးသံဟာ
တောတောင်ရေမြေ အဆုံး
မျက်ရည်တွေနဲ့ဖုံး ယူကျူံးမရ
ဘဝများစွာတွက် ရှမ်းရိုးမဟာ
အားမာန်ပြည့်နဲ့ တွန်းလှန်ကြဘို့
တိုက်ပွဲအရှိန်တွေမြှင့်ကြစို့။


ခွေးတကောင်
လမ်းပေါ်ထွက်ဟောင်ရုံနဲ့
လူဆိုသူတွေ လိုက်ဟောင်တာ
တခုခုမှားနေပြီလား စဥ်းစား။


ခွေးတကောင်
လမ်းပေါ်ထွက်အူရုံနဲ့
လူဆိုသူတွေ လိုက်အူကြတာ
တခုခုမှားနေပြီလား စဥ်းစား။


နွေဦးဆိုတာ
ဖက်ဆစ်တွေကို
အမိမြေက ရှင်းထုတ်ရမဲ့
ခွေးမောင်းတဲ့ပွဲ။


အူတဲ့ခွေးရော
ဟောင်တဲ့ခွေးရော
ချစ်တဲ့မြေက ရှင်းထုတ်ရမဲ့
ခွေးမောင်းတဲ့ပွဲ။


နွေဦးမှာ
အသံရှိတယ်
နွေဦးမှာ
အလံရှိတယ်
နွေဦးမှာ
အောင်လံထူမယ်။


တသံထဲညီ တချီထဲရုန်း
စစ်ခွေးနိဂုံး နှစ်ဆယ့်သုံး
စစ်ဘောင်ချဲ့လို့ ရုန်းကြစို့
ရောင်နီလာပြီ အရှေ့ဆီမှာ
အနီထဲကကြယ်ဖြူပွင့်ဟာ အောင်ပွဲ။


" ဝချက်ဝ "။ ။ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ဝချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက်ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။

" ပေါမှိုင်း "။ ။ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလန် ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလန် ကို " ပေါမှိုင်း "ဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း၊ သာရေး နာရေးကိစ္စများ၌ ဦးဆောင်ကြလေသည်။

" မဒိုင်နတ်မင်း "။ ။အာကာသစိုးနတ်ဖြစ်သော မဒိုင်နတ်မင်းကြီးသည်ကား ကချင်နတ်တို့တွင် လူအပေါင်းတို့၏အသက်ကို စောင့်ရှောက်၍ ကြွယ်ဝချမ်းသာမှုကို အများဆုံးအကျိုးပြုနိုင်သည် ဟူ ၍ ယုံကြည်ကြသည်။

" ကူးထိုဘိုးပွဲ "။ ။ကရင်နီဒေသ၏ကျော်ကြားသော တံခွန်တိုင်ပွဲ ကိုခေါ်သည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar