Breaking News

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမှု အကျိုးသက်ရောက်မှု၊ ညောင်ရွှေမြို့နယ် တောင်လေးလုံးအကျဥ်းထောင်ဖောက်ဖို့ ကြိုးပမ်း

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၄ မြင်ကွင်း

(မိုးမခ) မတ် ၁၅၊ ၂၀၂၃


ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမှု အကျိုးသက်ရောက်မှု၊ ညောင်ရွှေမြို့နယ် တောင်လေးလုံးအကျဥ်းထောင်ဖောက်ဖို့ ကြိုးပမ်း

မြန်မာ့နိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ ယခုထက်ပိုပြီး ထိရောက်စွာဖြေရှင်းဖို့ ရည်ရွယ်ပြီး မတ်လ ၁၃ ရက်နေ့ လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

အစည်းအဝေးမှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးကိစ္စနဲ့ သက်ဆိုင်တဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဌအင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူတို့က အစီရင်ခံတင်ပြကြမှာ ဖြစ်ပါတယ်။ 

ဘာတွေ တင်ပြပြီးဘာတွေ ဆွေးနွေးချမှတ်ကြသလဲဆိုတာတော့ သတင်းတွေ မထုတ်ပြန်ကြသေးပါဘူး။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ၂၀၂၁ ဧပြီလကည်းက ချမှတ်ထားတဲ့ အာဆီယံ သဘောတူညီမှု မူငါးချက်ကို ထောက်ခံတယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ယူကေ သံအမတ်က ထပ်မံပြောကြားခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ အထူးသံတမန်အဖြစ်ခန့်အပ်ခံရတာ တနှစ်ကျော်ကြာလာပြီ ဖြစ်တဲ့ နိုလင်းဟေဇာက ဘယ်လို အစီရင်ခံတင်ပြသလဲ လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံတွေက ဘာတွေဆွေးနွေးခဲ့ကြသလဲ ဆိုတာတော့ အသေးစိတ် မသိရှိကြရသေးပါဘူး။ 

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေနဲ့ ခန့်အပ်ခံရပြီးနောက် လအတန်ကြာ ၂၀၂၂ ခုနှစ်ထဲမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သို့ပေမဲ့ တွေ့ဆုံပြီးနောက် ကုလသမဂ္ဂဘက်က သတင်းထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က သဘောမကျမှုတွေ ဖြစ်ခဲ့ကာ ဆွေးနွေးမှု အပြည့်အစုံကို စာသားအနေနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂကို သံတမန်ပရိယာယ်တွေ မကျင့်သုံးတော့ပဲ ဆွေးနွေးမှု ပြောစကားအားလုံးကို ထုတ်ပြန်လိုက်တာဟာ တနည်းအားဖြင့် စစ်ကောင်စီ အနေနဲ့ ကုလသမဂ္ဂကို အရေးမထားဘူးဆိုတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ သံအမတ်နေရာကိုယ်စားပြုမှုကို စီဒီအမ် လုပ်သွားတဲ့ ဦးကျော်မိုးထွန်းကို ဆက်လက်ပေးထားခြင်းကို စစ်ကောင်စီဘက်က အခံရခက်တဲ့ သဘောမျိုး လို့ ကောက်ချက်ချနိုင်ပြီး စစ်ကောင်စီဘက်က ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် အထူးသံတမန်ကိုလည်း အရေးမထားဘဲ သံတမန်ပရိယာယ်တွေ ဖယ်ရှားပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့နိုင်ငံနဲ့ပတ်သက်လို့ အစဥ်အလာမရှိဖူးသေးတဲ့ ဆုံးဖြတ်ချက် ချမှတ်မှုကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အချိန် ကာလသတ်မှတ်ချက်၊ အကောင်အထည် မဖော်ရင် ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတဲ့ အချက်တွေ မပါရှိခဲ့တာကလည်း ဝေဖန်စရာတချက် ဖြစ်နေခဲ့ပါတယ်။ 

အခု အစည်းအဝေးက ယမန်နှစ်ကုန်ပိုင်းက ဆုံးဖြတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မယ့် အချိန်ကန့်သတ်ချက်တွေ ပေါ်ထွက်လာမလား ဆိုတာ မသိရှိရသေးပါဘူး။ 

တဘက်မှာလည်း အာဆီယံရဲ့ မူ ၅ ချက်ဟာလည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကဲ့သို့ အချိန် ကန့်သတ်ချက် မပါခဲ့တာကြောင့် ရည်ရွယ်ချက်ကောင်းမွန်သော်လည်း အကောင်အထည် မပေါ်နိုင်တဲ့ ဆုံးဖြတ်ချက် ၊ သဘောတူညီချက်တွေ အဖြစ်သာ ဆက်လက် တည်ရှိနေဦးမလားဆိုတာ တွေးတော စရာဖြစ်နေပါတယ်။ 

မြန်မာစစ်ကောင်စီ အနေနဲ့ကတော့ ကုလသမဂ္ဂရဲ့ အထူး သံတမန်ရဲ့ ထုတ်ပြန် ပြောဆိုချက်တွေ၊ ကုလ အစည်းအဝေးတွေက ဆုံးဖြတ်ချက်နဲ့ တိုက်တွန်းချက်တွေက စစ်ကောင်စီကို တိုက်ရိုက် အရှက်ရစရာတွေ ပါရှိနေတာကြောင့် မကြာခဏ ကုလ ဆုံးဖြတ်ချက်တွေ တိုက်တွန်းချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်ထုတ်ကာ ပြန်လည်တုံ့ပြန်ငြင်းဆိုခဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ အခုလို လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေး ရလာဒ် ထွက်ပေါ်လာခဲ့ရင်လည်း အရေးထား လိုက်နာမယ့်အသွင် သိပ်မတွေ့ရဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂထက်ကို အခုနှစ်မှာ အာဆီယံအလှည့်ကျတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုက ပိုပြီး သက်ရောက်မှုရှိနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ရှမ်းပြည်နယ် တောင်ကြီးထောင်လို့ ခေါ်ဆိုကြတဲ့ ညောင်ရွှေမြို့နယ် တောင်လေးလုံးမှာရှိတဲ့ အကျဥ်းထောင်မှာ နိုင်ငံရေးပုဒ်မ အကျဥ်းသားအချို့ ထောင်နံရံကနေ ကျော်ပြီးထွက်ပြေးဖို့ ကြိုးစားကြရာက အကျဥ်းထောင်ဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အကျဥ်းသား တဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ကနဦး သတင်းတပုဒ်မှာတော့ အကျဥ်းသား ၁၀ ဦးခန့် လွတ်မြောက်သွားတယ်လို့ ဖော်ပြထားပေမယ့် နောက်ပိုင်း သတင်းတွေ ထပ်မံထွက်ရှိလာရာမှာတော့ ၁၀ ဦးခန့် လွတ်မြောက်သွားတဲ့ သတင်းအချက်အလက် ထပ်မံဖော်ပြတာ မတွေ့ရတော့ပါဘူး။ 

တောင်လေးလုံးထောင်ဟာ ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ခြမ်း ခေါင်တိုင်သွားတဲ့ ကားလမ်းနံဘေးမှာ ရှိပြီး တောင်ကြီးမြို့နယ်အတွင်း ဖြစ်ပွားတဲ့ အမှုအခင်းတွေ၊ နိုင်ငံရေးအရ ဖမ်းဆီးခံရသူတွေ နဲ့ ထောင်ဒဏ် ချမှတ်ခံရသူတွေကို ထားရှိတဲ့ အကျဥ်းထောင်ဖြစ်ပါတယ်။ စစ်ကောင်စီလက်ထက် ဖမ်းဆီးမှုနဲ့ ထောင်ဒဏ် ချမှတ်ခံရသူတွေ သောင်းနဲ့ချီရှိလာတာကြောင့် အကျဥ်းထောင်တိုင်းလိုလိုမှာ နိုင်ငံရေးပုဒ်မ လို့ဆိုတဲ့ ၅၀၅-က လို၊ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ စတဲ့ ပုဒ်မတွေ နဲ့ ဖမ်းဆီးခံရသူ ပြစ်ဒဏ်ချမှတ်ခံရသူ သောင်းဂဏန်းကျော်လာခဲ့တာ ဖြစ်ပါတယ်။ တရားစီရင်ရေးက လွတ်လပ်မှုမရှိတာ ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သူတွေကို ဖမ်းဆီးပြီး  မတန်တဆ ပြစ်ဒဏ် ကြီးလေးစွာ ချမှတ်တာတွေက အကျဥ်းထောင်တွေမှာ အကျဥ်းသားနဲ့ ပြည့်လျှံလာစေပြီး အကျဥ်းထောင် ဆူပူမှုတွေ မကြာခဏ ဖြစ်ပွားစေတာ ဖြစ်ပါတယ်။ 

အခု ဖြစ်ရပ်မတိုင်မီ ပုသိမ်ထောင်မှာ နောက်ဆုံး ထောင်ဆူပူမှုဖြစ်ခဲ့ပြီး အဆိုပါ ထောင်ဆူပူမှုမှာလည်း နိုင်ငံရေး ပြစ်မှုနဲ့ ထိန်းသိမ်းခံထားရသူ ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အကျဥ်းထောင်တွေမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဥ်းကျနေသူတွေကို ခွဲခြားပြီး ဖိနှိပ်မှုတွေ ပိုများပြားလာတာကလည်း ထောင်ဆူပူမှုဖြစ်စေတဲ့ အဓိက အကြောင်းတချက် ဖြစ်နေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar