Breaking News

မြဝတီမြို့နယ်၊ ကျုံဒိုး တို့မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွား

မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၅ မြင်ကွင်း

(မိုးမခ) မတ် ၂၆၊ ၂၀၂၃


မြဝတီမြို့နယ်၊ ကျုံဒိုး တို့မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွား

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးမြို့နယ်ထဲမှာ ၂ လနီးပါးအကြာမှာ နောက်တကျော့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာပါတယ်။ အခုတကြိမ်မှာတော့ ကျုံဒိုးမြို့နယ်ထဲက ကျေးရွာတချို့မှာ ဖြစ်ပွားတာမဟုတ်ဘဲ၊ ကျုံဒိုးမြို့နဲ့ ဆက်စပ်လျှက်ရှိတဲ့ အမှတ် ၅၄၆ စစ်ကောင်စီ တပ်ရင်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြဝတီ ကော့ကရိတ်ကားလမ်း နဘေးမှာရှိတဲ့ မြဝတီ ကုန်သွယ်ရေးဇုန် ၊ သင်္ဃန်းညီနောင်၊ မဲကနယ် အစရှိတဲ့နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြဝတီမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို ထိုင်းမြန်မာနယ်စပ်တံတားကိုလည်း ယာယီပိတ်ထားလိုက်တဲ့ သတင်းတွေ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ မြဝတီ မြို့အထွက် ကုန်သွယ်ရေးဇုန်၊ မဲကနယ်၊ သင်္ဃန်းညီနောင် စတဲ့နေရာတွေနဲ့ ကော့ကရိတ်-ဖားအံ ကားလမ်းပေါ်မှာရှိတဲ့ ကျုံဒိုးမြို့တို့မှာ တိုက်ပွဲတွေ တပြိုင်နက်ထဲ စတင်ခဲ့တာ ဖြစ်ပြီး ကေအန်ယူပူးပေါင်းတပ်ဖွဲ့လို့သုံးနှုန်းထားကြတာလည်း ဖြစ်ပါတယ်။ 

အခု ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေကတော့ ယခင် ကေအန်ယူ လက်အောက်ခံ ဗိုလ်ချုပ် နယ်ဒါးမြဦးဆောင်တဲ့ အသစ်ဖွဲ့စည်းထားတဲ့ ကော်သူလေတပ်မတော်က လက်နက်ကိုင်အဖွဲ့တွေ၊ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေလို့ သိထားကြတဲ့  ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ကျားဖြူစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဆင်ဖြူစစ်ကြောင်း စတဲ့အဖွဲ့တွေ ပါဝင်နေပြီး ယေဘုယျအားဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့လို့လည်း ခေါ်ဆိုကြပါတယ်။ သို့သော် ပင်မ အဖွဲ့အစည်းကြီးဖြစ်တဲ့ ကေအန်ယူ အနေနဲ့တော့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာနဲ့ ထုတ်ဖေါ်ပြောဆိုတာ ၊ သဘောထားပေးတာမျိုးတွေ မတွေ့ရပဲ အထက်က ဖေါ်ပြတဲ့ စစ်ကြောင်းတွေက ဦးဆောင်သူတွေကသာ သတင်းမီဒီယာတွေနဲ့ ဆက်သွယ် ပြောဆိုကြတာ တွေ့ရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့၊ ထိုင်းနယ်စပ် တလျှောက်ဖြစ်တဲ့ ဝေါ်လေ၊ လေးကေ့ကော်၊ ဖလူး စတဲ့ဒေသတွေမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကုန်ပိုင်းမှာ ကော့ကရိတ် မြို့သိမ်းတိုက်ပွဲလို့ သတင်းမီဒီယာအချို့က ဖေါ်ပြကြတဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကော့ကရိတ်က အမြှောက်တပ် အပါအဝင်တပ်ရင်းတချို့နဲ့ မြို့ ရဲ့ စုပေါင်းရုံးတွေရှိတဲ့ နေရာတွေကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကော့ကရိတ် မြို့က ရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့ပြီး အချုပ်သားတွေကို လွှတ်ပေးခဲ့တဲ့ သတင်းတွေ ဖေါ်ပြခဲ့ကြပါတယ်။ 

ယခု တကြိမ် ကျုံဒိုးမြို့ကို တိုက်ခိုက်ရာမှာလည်း ကျုံဒိုးရဲစခန်းနဲ့ ခလရ ၅၄၅/ ၅၄၆ တို့ကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်တာတွေကြောင့် အရပ်သားအချို့ သေဆုံးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံထဲ လတ်တလော လက်နက်ကိုင် တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားနေတဲ့ဒေသတွေ အနေနဲ့ ဖေါ်ပြရရင် အခုဖေါ်ပြခဲ့တဲ့ ကရင်ပြည်နယ်ဒေသအချို့၊  ကရင်နီဒေသ၊ ဒီးမော့ဆို အရှေ့ဘက် အခြမ်းက ကျေးရွာတွေ ၊ စစ်ကိုင်းတိုင်း ရဲ့ဒေသအချို့ နဲ့ ချင်းပြည်နယ်က ဒေသအချို့ တို့ ဖြစ်ပါတယ်။ 

စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁ ရက်နေ့ သက်တမ်းတိုးအပြီး ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးတိုးချဲ့ ကြေညာပြီးနောက် တိုက်ပွဲဖြစ်ပွားမှု ပိုမိုများပြားလာနေပြီး စစ်ကိုင်းတိုင်း ကရင်နီဧရိယာ နဲ့ ချင်းပြည်နယ်ကို ပိုမိုစိုးမိုးနိုင်ဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်ကထက် စစ်အင်အား ပိုမိုသုံးပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

ခု ရက်ပိုင်းအတွင်း ကရင်နီဒေသက စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အင်အားစုတွေက စစ်ကောင်စီ စစ်ကြောင်းအချို့ကို ဝိုင်းပိတ်တိုက်ခိုက်နိုင်ခဲ့တဲ့ သတင်းတွေလည်း မနေ့က နဲ့ဒီနေ့ သတင်းတွေထဲဖေါ်ပြထားကြပါတယ်။ KNDF တပ်ဖွဲ့တွေက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ကို ဝိုင်းပတ်တိုက်ခိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေ နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို သတင်းတွေထဲ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကို အဖြေရှာဖို့ ကမ္ဘာက တိုက်တွန်းနေကြချိန်မှာပဲ လက်တွေ့အခြေအနေက တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် ပိုမိုမြင့်တက်လာနေတာ ဖြစ်ပါတော့တယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar