ကိုပေါက် - လမ်းများ
ကိုပေါက် - လမ်းများ
(မိုးမခ) မတ် ၂၆ ၊ ၂၀၂၃
အရင်က
ကျနော်ချစ်တဲ့ အနုပညာအတွက်
ဘယ်သူ့ ဝတ္ထု
ဘယ်သူ့ ဇာတ်လမ်း
ဘယ် မင်းသား
ဘယ် မင်းသမီး
ဘယ် ထုတ်လုပ်ရေး
အစရှိသော ရွေးချယ်စရာများတဲ့
လမ်းများပေါ်မှာ
ကျနော် ရုပ်ရှင်ရိုက်ခဲ့တယ်။
အရင်က
ဘယ် မြေကွက်
ဘယ် ခြံ
ဘယ် တောင်စောင်း
ဘယ် ချောင်းဘေး
ဘယ် ရေတံခွန်နား
ဘယ် ဘုရားအနီး
အစရှိသော ရွေးချယ်စရာများတဲ့
လမ်းများပေါ်မှာ
ကျနော် စိုက်ပျိုးမွေးမြူရေးအတွက်
အနာဂတ်တွေနဲ့ပေါ့။
အရင်က
ဘယ် ပြည်နယ်
ဘယ် မြို့
ဘယ် ဟိုတယ်
ဘယ် တောင်တန်း
ဘယ် အညာ
ဘယ် စခန်း
အစရှ်ိသော မြန်မာပြည်အနှံ့
နေရာပေါင်းစုံရဲ့ လမ်းများပေါ်မှာ
မိသားစုနဲ့ ကားမောင်းပြီး
ခရီးတွေထွက်ခဲ့။
ကျနော့်မှာ
လမ်းတွေ
လမ်းတွေ
လမ်းတွေ
လမ်းတွေ အများကြီးနဲ့
အိပ်မက်... အိပ်မက်တွေ တပုံကြီး။
ကျနော့်မှာ သား ၂ ယောက် ရှိတယ်။
ချစ်စရာထက်မြက်တဲ့ မိန်းမရှိတယ်။
ဆွေမျိုးတွေ ရှိတယ်။
အပေါင်းအသင်း သူငယ်ချင်းတွေက
ငယ်ပေါင်းရော ကြီးဖော်ရော
အများကြီးရှိတယ်။
လုပ်ဖော်ကိုင်ဖက်တွေက မြန်မာပြည်အနှံ့မှာ ရှိသလို
ထိုင်း ဂျပန် ကိုရီးယားနဲ့ ဩဇီမှာလည်း
အခြားတွေမှာလည်း ရှိခဲ့တယ်။
ကျနော့်မှာ
ချရေးဖို့ ဝတ္ထု ၊ ဇာတ်ညွှန်း၊
ကဗျာ နဲ့ အက်ဆေး
သီချင်းစာသားတွေ
အများကြီး ရှိသေးတယ်။
ကျနော့်မှာ
ပရိသတ်ကို ရိုက်ပြဖို့
ဝတ္ထုကောင်းတွေ
အများကြီး ရှိသေးတယ်။
ကိုယ်တွေ့ဇာတ်လမ်းစစ်စစ်တွေ ရှိတယ်။
ကျနော် လျှောက်ချင်တဲ့ လမ်းများပေါ်မှာ
ကျနော် လျှောက်နေရင်း
လျှောက်ခဲ့ရင်း
လျှောက်နေဆဲ အခိုက်အတန့်မှာ
တခြားလမ်းပေါ်ကို
ခုန်ကူးခဲ့တဲ့အခါ အရင်လမ်းများက
ကျနော့်ကို စွန့်ခွာသွားကြတယ်။
လမ်းဆိုတာ
ကောက်လိုက် ဖြောင့်လိုက်
နိမ့်လိုက် မြင့်လိုက်နဲ့ဆိုတော့
အနုပညာဆိုတာကြီးက
ကျနော့်ဘေးက ခုန်ထွက်။
သူငယ်ချင်း မိတ်ဆွေ ဆွေမျိုးတချို့က
အတိတ်မေ့ရောဂါ အသီးသီးရ။
ကျနော့်ဘေးမှာ
စွန့်ခဲ့ရတဲ့ အရာတွေက
ကျနော့်ထက် မာနတွေ ကြီးသွားတော့
ကျနော်က လမ်းများပေါ်မှာ
တယောက်တည်း။
အခု
အဲဒီလမ်းများပေါ်မှာ
လျှောက်နေရင်း
ကျနော့်အတွက်
ပြန်စရာ မြို့က ဘယ်မှာလဲ။
ကျနော့်အတွက်
နားစရာအိမ်က ဘယ်အရပ်လဲ။
ခိုးပြန်လာရင်တောင် တုန်လှုပ်နေကြမယ့် အရပ်ကို
ဘယ်လမ်းက ဘယ်လိုပြန်ရမလဲ။
အိမ်ခြေရာမဲ့ဖြစ်ခဲ့ရတဲ့ ကျနော့်ဘဝကို
ပုံမှန်ဖြစ်နေတဲ့
မိတ်ဆွေတို့ရဲ့ ပျော်ပွဲရွှင်ပွဲအတွက်
အမြည်းလုပ်ဖို့
လက်ဆောင်ပို့လိုက်တယ်။
ချိုသောသစ်သီးကို စားပါ။
အေးမြသောရေကို သောက်ပါ။
အားရပါးရ သုံးဆောင်ပါ။
ဒီလိုပါပဲလေ
ဘဝဆိုတာ ပုံသေတွက်လို့မှ မရတာ။
လမ်းဆိုတာ ရှိနေသ၍တော့
ကျနော် ဆက်လျှောက်ရအုံးမယ်။
ဆက်လျှောက်နေအုံးမယ်။
မိတ်ဆွေဟောင်းကြီးရေ
ခရီးကြုံလို့ လမ်းမှာဆုံရင်
ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ။
လက်သုံးချောင်းထောင်ပြီး ပျောက်သွားခဲ့တာတွေ၊
လည်းချောင်းသွေးကြောတွေ ထောင်နေအောင်
ကြွေးကြော်သံတွေ အော်ခဲ့ပြီး
ဘယ်လိုက်ရှာရမှန်း မသိတော့တာတွေ၊
ဆိုင်းဘုတ်တွေကို ရှေ့ဆုံးက ကိုင်ပြီး
အခုတော့ ပုံမှန်ဖြစ်သွားကြတာတွေ
အစရှိတာတွေ……
တောင်တောင်အီအီတွေကို
ကျနော်က ပြန်ပြောနေမှာ၊
အပြစ်ဖွဲ့နေမှာ မဟုတ်လို့
ရဲရဲကြီးနှုတ်ဆက်ပါ။
ကျနော် ပြုံးပြဖို့ အသင့်ပါပဲ။
နောက်ဆုံးအနေနဲ့
မိတ်ဆွေတို့အားလုံး
‘‘ဒီတော်လှန်ရေးအတွက်
နှစ် ၅ လုံးတုန်းကလို စိတ်မျိုး
အခုမရှိတော့ရင်တောင် တော်လှန်ရေးကို
စွန့်ခွာမသွားကြပါနဲ့’’။
ကဲ...
နားစရာ အရိပ်မဲ့တဲ့ ဒီလမ်းကို
ကျနော် ဆက်လျှောက်လိုက်အုံးမယ်။
ကိုပေါက်
(မြန်မာပြည်အစွန်အဖျားတနေရာ)