ဒီမိုကရေစီ မသင်ရဆိုတဲ့ စစ်ကောင်စီ၊ လူမျိုးတုံးရာဇဝတ်မှုတွေ တိုးပြီး ကျူးလွန်လာ
မြန်မာနွေဦး ခရိုနီကယ် - မတ် ၁ မြင်ကွင်း
(မိုးမခ) မတ် ၂၊ ၂၀၂၃
ဒီမိုကရေစီ မသင်ရဆိုတဲ့ စစ်ကောင်စီ၊ လူမျိုးတုံးရာဇဝတ်မှုတွေ တိုးပြီး ကျူးလွန်လာ
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ ဒီမိုကရေစီ ထည့်သွင်းသင်ကြားမှုအပေါ် တားမြစ်တာဟာ ကျောင်းသားတွေ ဒီမိုကရေစီစံနှုန်း သိရှိနေတာက စစ်ကောင်စီအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပညာရေးအသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ သံလွင်တိုင်းသတင်းက ရေးသားထားတာမှာ - စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားနေတဲ့အတွက် ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ စည်းကမ်း၊ ဥပဒေတွေကို ထုတ်ပြန်ဖို့ ကရင်ပြည်နယ်၊ ခရိုင်ပညာရေးမှူးတွေအားလုံးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က အကြောင်းကြားစာ ညွှန်ကြားခဲ့တာပါ။
၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကို လက်နက်နဲ့ ပစ်ခတ်ချေမှုန်း နှိမ်နင်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို စတင်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ မဆလလက်ထက်က တပါတီစစ်အာဏာရှင်နေဝင်းကိုယ်တိုင်ကလည်း ဆိုရှယ်လစ်ဆိုတဲ့ စကားကို အလွဲသုံးစား အသုံးပြုပြီး တပါတီအာဏာရှင်စနစ်ကို မြန်မာပြည်မှာ သွတ်သွင်းခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို တောက်လျှောက်ကိုင်စွဲပြီး အာဏာရှင်အကျင့်တွေ ကျင့်သုံးနေသူ စစ်ခေါင်းဆောင် အဆက်ဆက်ကနေ အခု မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက အနောက်တိုင်းဒီမိုကရေစီကို သင်ကြားမှု ကန့်သတ်ချုပ်ချယ်ဖို့ ခြေလှမ်းကတော့ ဘယ်အတွက်မှ အကျိုးရှိတဲ့လုပ်ရပ် မဟုတ်သော်လည်း စစ်ကောင်စီကိုယ်တိုင်က သူတို့အုပ်ချုပ်မှု အဆင့်ဆင့်မှာ ပရမ်းပတာ ဖြစ်နေတဲ့အချက်ကို သက်သေပြတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကိုယ်တိုင်က သူ၏ နံပါတ်တစ် ဦးစားပေးအလုပ်က စစ်ရေးနဲ့ အတိုက်အခံအားလုံးကို နှိမ်နင်းရန် ထိန်းချုပ်ရန်က အဓိကဖြစ်တယ်ဆိုတာ အားလုံးက သိထားပြီး ဖြစ်ပါတယ်။ NUG နဲ့ ERO တွေ မဟာမိတ်တွေ PDF တွေကိုယ်တိုင်က စစ်ရေးမှာ အတူပူးပေါင်း ချိတ်ဆက်တိုက်ခိုက်မှုတွေ ဖော်ဆောင်နေကြတယ်လို့ သတင်းများ ထွက်ပေါ်နေဆဲမှာ စစ်တပ်ကတော့ သူတို့ စစ်ကြောင်းတွေကို လေတပ်အားကိုးနဲ့ အတင်းထိုးဖောက်ပြီး ရွာတွေ၊ ကျေးလက်ဒေသတွေကို မီးတင်ရှို့ မြေလှန်တာ ဖမ်းဆီး သတ်ဖြတ်တာတွေ အစွမ်းကုန် တိုးကျူးလွန်လာတာကို တွေ့နေရပါတယ်။ အညာဒေသက ကျေးလက်တွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စစ်ကောင်စီ၏ တပ်တွေ လုပ်ဆောင်တာဟာ လူမျိုးတုံး ရာဇဝတ်မှုတွေလို့ အထပ်ထပ် စွဲချက်တင်ရမယ့် အခြေအနေ ဖြစ်နေပါတော့တယ်။
သတင်းများအဆိုအရ - စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကုန်းရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်ခွဲ၍ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။ "ယင်းမာပင်မြို့နယ် ကုန်းရွာကို ရန်သူစစ်ကောင်စီအုပ်စုက ယမန်နေ့ညပိုင်းနှင့် မတ်လ ၁ ရက်နေ့တွင် နှစ်ကြိမ် ခွဲ၍ ရွာလုံးကျွတ်နီးပါး မီးရှို့သွားခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း "ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မုဆိုးချုံကျေးရွာနဲ့ လယ်ကိုင်းကျေရွာအား ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းတွင် လည်းကောင်း၊ ဘင်တဲကုန်းကျေးရွာအား မတ်လ ၁ ရက် ယနေ့မနက် လက်နက်ကြီး လက်နတ်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်မီးတိုက်နေပါတယ်"လို့ဝက်လက်တော်လှန်ရေးအင်အားစုများက အတည်ပြုဆိုပါတယ်။ မုဆိုးခြုံရွာမှ ပြည်သူလယ်သမားတစ်ဦးအား စကစစစ်ကြောင်းမှ ရက်စက်စွာ သတ်ဖြတ်ခဲ့ပါသေးတယ်။
စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုတွေကို ခုခံစစ် ဖြစ်ပွားနေရာ ကျေးလက် ဒေသနေရာအနှံ့မှာ ကျူးလွန်လျက်ရှိရာမှာ အဆိုပါဒေသတွေမှာ စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေ ဖော်ဆောင် ကြိုးပမ်းနတယ်ဆိုတဲ့ NUG ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ Local PDF အင်အားစုတွေက နယ်မြေခံပြည်သူလူထုတွေကို ပိုမိုထိရောက်တဲ့ အကာအကွယ်ပေးမှု စောင့်ရှောက်မှု သတင်းအချက်အလက် ဆက်သွယ် မျှဝေပေးမှုတွေ တိုးပြီးဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။
နောက်ထပ် သတင်းတပုဒ်ကတော့ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ညီလာခံကို အခုရက်ပိုင်းအတွင်း စတင် ကျင်းပတဲ့အကြောင်း ဖြစ်ပါတယ်။ (၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက်ညီလာခံကို တပ်မဟာ (၅) ကိုယ်စားလှယ်တွေ တက်ရောက်လာခြင်းမရှိဘူးလို့ KNU သတင်းရင်းမြစ်တွေက ပြောတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ KNU ကွန်ဂရက် မကျင်းပမီက ကရင်တိုင်းရင်းသား အရပ်ဘက်အဖွဲအစည်း ၆၀ ကျော်က လက်မှတ်တွေထိုးပြီး KNU ကို ဝေဖန်တဲ့ ထုတ်ပြန်ချက်တခုလည်း ထွက်ခဲ့ပါသေးတယ်။ KNU ၏ ဗဟိုကော်မီတီဝင် ခေါင်းဆောင်ပိုင်းထဲမှာ တရားမဝင်လောင်းကစားနဲ့ ကာစီနိုမြို့သစ်တွေ စီမံကိန်းတွေလုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။ သူတို့ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုတဲ့ စာတွေ ထုတ်ပြန်ခဲ့တာပါ။ KNU ခေါင်းဆောင်ပိုင်းက စာပြန်ထုတ်ပြီး ငြင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီ၏ သွေးခွဲ သပ်လျှိုမှုတွေအပြင် အချင်းချင်းအဖွဲ့အစည်း အင်အားတွေကြားထဲမှာလည်း နားလည်မှု တည်ဆောက်ဖို့ သံသယတွေ ဖြေရှင်းကြဖို့ လိုအပ်ချက်ရှိနေတာကို တွေ့ကြရတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar