Breaking News

အိုက်နီ(ဖြူး) - အရေအတွက်မှ အရည်အချင်းအဆင့်နေရာ

အိုက်နီ(ဖြူး) - အရေအတွက်မှ အရည်အချင်းအဆင့် နေရာ

(မိုးမခ) မတ် ၂ ၊ ၂၀၂၃


ဒီကနေ့ တော်လှန်ရေးရေချိန်ဟာ မြစ်လက်တက်များစွာကနေ တော်လှန်ရေးပင်မ မြစ်မကြီးအဖြစ်တသွင်သွင် စီးဆင်းနေတဲ့ကာလ ဖြစ်တယ်ဆိုတာ ရဲဘော်တို့ သိရှိထားရပါမယ်။ နိမ့်ရာကမြင့်ရာ၊ မရှိရာက ရှိရာကို ရောက်ရှိလာနေပြီဖြစ်တယ်။ ဒါဟာ တော်လှန်ရေးရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းတရားမျိုးကမှ တားဆီးလို့ မရပါဘူး။ တပြိုင်နက်တည်းမှာပဲ စိတ်ဓာတ်ကျဆင်းမှုတွေ အားမလိုအားမရမှုတွေ၊ တော်လှန်ရေးအပေါ် ယုံကြည်ချက် လျော့ရဲအားနည်းမှုတွေ ဖြစ်ပေါ်တတ်တာဟာ တော်လှန်စစ်ရဲ့ သဘောသဘာဝပဲ ဖြစ်တယ်ဆိုတာ နားလည်ထားရပါမယ်။ အဆုံးစွန်ဆုံး ပြောရရင် မိခင်တပ်ကို စွန့်ခွာမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ တော်လှန်စစ်ကြာမြင့်လာတာနဲ့အမျှ ဖြစ်ပေါ်လေ့ရှိတဲ့ ဓလေ့ပါ။ ဒါကို စိတ်ဓာတ်ကျဆင်းစရာမလိုဘဲ အရေအတွက်အခြေအနေကနေ အရည်အချင်းအဆင့်နေရာကို ရောက်ရှိလာတယ်ဆိုတာ နားလည်ထားရပါမယ်။ တော်လှန်စစ်ရဲ့ အချိန် ဆန်ကာနဲ့ စစ်ချလိုက်တဲ့အင်အား ဖြစ်တယ်။ ဒီအင်အားကပဲ တော်လှန်ရေး ဒီရေမြင့်သစ်အဖြစ် ကူးပြောင်းပြီး အောင်ပွဲခံမယ့် နေ့သစ်ကို ဖန်တီးမယ့်အင်အားပဲ ဖြစ်ပါတယ်။

ဒီကနေ့ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ စစ်ယန္တရား ဆိုတဲ့ စစ်သုံးစစ်ကို အပြီးတိုင် ချုပ်ငြိမ်းသည်အထိ ခရီးရှည် ချီတက်ရမယ်ဆိုတာ အားလုံး နားလည်ပြီးသား ဖြစ်တယ်။ လက်တွေ့ကနေ သင်ကြားပေးလိုက်တဲ့ ကျနော်တို့ ဘာလုပ်ရမလဲဆိုတာနဲ့ ပက်သက်ပြီး ဆွေးနွေးချင်ပါတယ်။ အမေရိကန်ရဲ့ သင်္ကေတဟာ သိန်းငှက်ကို ဘာကြောင့်သုံးပါသလဲ။ ဘာလို့ အသုံးပြုရလဲဆိုရင် သိန်းငှက်မဟာ ဥ အုမယ်ဆိုရင် အမြင့်ဆုံးတောင်ထိပ်ရဲ့ သစ်ပင်ကြီးမှာ အသိုက်ဆောက်ပါတယ်။ အသိုက်ဆောက်တဲ့အခါမှာ သစ်ကိုင်းသစ်ခြောက်တွေရယ်၊ သစ်ရွက်ခြောက်တွနဲ့ ဆောက်ပါတယ်။ သိန်းငှက်မရဲ့ ခန္ဓာကိုယ်ရဲ့ အမွေးနုတွေကို သူမရဲ့ နှုတ်သီးဖြင့် ဆွဲနုတ်ပြီး အသိုက်အိမ်ထဲမှာ နေရာချထားပြီးမှ ဥကို အုပါတယ်။ အချိန်တန်တော့ အကောင်ပေါက်လာရင် အမွေးအမှင်ပေါက်တဲ့အထိ ရှာဖွေကျွေးမွေးတယ်။ သိန်းငှက်ပေါက်တွေက အမွေးပေါက်လာရင် အသိုက်လုပ်ထားတဲ့ အမွေးအတောင်ပံကို ဖယ်ရှားပစ်တယ်။ အဓိပ္ပာယ်က လောကဓံ ဆိုတဲ့ သစ်ကိုင်း သစ်ရွက်ခြောက်တွေနဲ့ ထိတွေ့ဖို့ပါ၊ ပြီးတဲ့အခါ အသိုက်ကနေ အတောင်အမွှေးစုံတဲ့ ငှက်သားပေါက်ကို တွန်းချပစ်တယ်။ လက်တွေ့ဘဝ ဆိုတဲ့ ပျံသန်းနိုင်အောင် သင်ကြားတာပါ။ မပျံသန်းနိုင်ရင် အသိုက်ကို ပြန်ခေါ်တယ်၊ အကြိမ်ကြိမ်အခါခါ ပြန်တွန်းချပြီး ပျံသန်းတတ်တဲ့အထိ သင်ကြားပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ရှင်သန်အောင် သင်ကြားတာ ဖြစ်တယ်။ ဒါကြောင့် အမေရိကန်လူမျိုးတွေဟာ ကိုယ့်အားကိုယ်သုံးပြီး ဘဝကို ရှင်သန်စေနိုင်တဲ့ စိတ်ဓာတ်ပိုင်ရှင် သိန်းငှက်ကို အမေရိကန်နိုင်ငံရဲ့ သင်္ကေတအဖြစ် အသုံးပြုလာတာပဲ ဖြစ်တယ်။ ရဲဘော်တို့အနေနဲ့လည်း တော်လှန်ရေးရဲ့ အစကနဦးမှာ သိန်းငှက်မကြီးနဲ့တူတဲ့ အလှူရှင် ပြည်သူတွေရယ်၊ Erosတွေရဲ့ ပြုစုပျိုးထောင်မှုကို မှီခိုရပါတယ်။ အချိန်ကာလဆိုတဲ့ အမွှေးအတောင်ပေါက်လာရင် လက်တွေ့ဘဝထဲ အကြိမ်ကြိမ်အခါခါတွန်းချခံရပါလိမ့်မယ်။ အတွန်းချခံရတဲ့အခါ ခံနိုင်ရည်မရှိတဲ့ ရဲဘော်အချို့ဟာ ပျံသန်းတတ်အောင် မကြိုးစားရင် မိခင်တပ်ကို စွန့်ခွာခြင်းဆိုတဲ့ သားရဲတွေရဲ့ စားသုံး ကိုက်ဖြတ်ခြင်းခံရလိမ့်ပါမယ်။ ပြန်တတ်အောင် အားထုတ်ကြိုးစားတဲ့ ရဲဘော်တွေဟာ အရည်အချင်းရှိတဲ့ တိုက်ရည်ခိုက်ရည်ရှိတဲ့ ဉာဏ်အမြော်အမြင်ရှိတဲ့ ရဲဘော်အဖြစ် ရောက်ရှိလာမှာပဲဖြစ်ပါတယ်။

အရေအတွက်အဆင့်ကနေ အရည်အချင်းအဆင့် နေရာကို ရောက်ရှိလာတဲ့ရဲဘော်တို့ဟာ မိုးပေါ်က ကျလာတာ မဟုတ်သလို မြေကြီးထဲက ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ လောကဓံ ဆိုတဲ့လက်တွေ့ကနေ ပေါ်ထွက်လာတာပဲ ဖြစ်တယ်။ ဒီကနေ့ အခင်းအကျင်းကို စိတ်ဓာတ်ကျဆင်းမှုအလျှင်းမရှိဘဲ ရန်သူကို ချေမှုန်းရန် အရည်အသွေးပြည့်မီတဲ့ တပ်မှူးကောင်းရဲဘော်အဖြစ်နားလည်ကြရမှာပါ။ ရန်သူကို ချေမှုန်းရန်အသင့်ရှိတဲ့ တိုက်တိုင်းအောင် တပ်မှူးအဖြစ် ရောက်ရှိလာပြီပဲ ဖြစ်တယ်။ ရန်သူကို ချေမှုန်းတယ်ဆိုတဲ့ နေရာမှာ ကျင့်သားရှိပြီးသားဖြစ်တဲ့ တိုက်စွမ်းရည်ပြည့်ဝလာပြီဖြစ်တဲ့ ပြည်သူ့သားကောင်းများ ပီသစွာ အဆင်အခြင်မဲ့ စစ်ဆင်ရေးမဖော်ဆောင်ဖို့အရေးကြီးတယ်။ စစ်ဆင်ရေး ဖော်ဆောင်တဲ့နေရာမှာ ရန်သူ့ရဲ့ အခြေအနေ၊ မိမိရဲ့အခြေအနေ၊ ပထဝီမြေပြင် တောတောင်ရဲ့ အခြေအနေကို နားလည်ကျွမ်းဝင်ပြီးမှသာ စစ်ဆင်ရာတွင် အောင်မြင်ရာ၏လို့ စစ်ရေးပါရဂူဆွန်ဇုက သင်ကြားထားပါတယ်။ 

ရန်သူ့ရဲ့ အခြေအနေကို မျက်ခြည်မပြတ် စူးစမ်းထောက်လှမ်းပြီး မိမိရဲ့ အားသာချက်ကို လက်တွေ့ မြေပြင် ပထဝီနဲ့ ပေါင်းစပ်ပြီး ရန်သူလူတန်းစား စစ်အုပ်စုကို အမြစ်ပြုတ်အောင် ချေမှုန်းကြ။ အောင်ပွဲက လက်တကမ်းအလိုမှာ ဖြစ်တယ်။ ညီညွတ်စည်းလုံးတဲ့ အမိန့်ပေးဌာနကို တည်ဆောက်ပြီး ပြည်သူ့သမိုင်းမုခ်ဦးသစ်ကို ဖွင့်လှစ်ကြပါစို့ ။

တပ်ပေါင်းစုနဲ့ အောင်ပွဲခံကြ။

အရေးတော်ပုံအောင်ရမည်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar