Breaking News

မာတီနာ - ကောက်ရိုးတမျှင်

ကောက်ရိုးတမျှင် 
မာတီနာ
(မိုးမခ) မတ် ၁၅၊ ၂၀၂၃

ကောက်ရိုးဆိုတာစပါး၊ ဂျုံစတဲ့ ကောက်ပင်တွေကအရိုးလေးဖြစ်သည်။ တုတ်ချောင်းလေးတခုလိုမြင်ရပေမဲ့ ခိုင်မာမှုမရှိသလိုအလေးချိန်လည်းမရှိသလောက် ပေါ့ပါးသည်။ ရေနစ်သူအဖို့ ကောက်ရိုးမျှင်ကလေးတခုကိုပင် အားကိုးတကြီးဆွဲယူမိတယ်ဆိုတာမျိုးဥပမာပြုသုံးနှုန်းပြောဆိုကြသည်။ ထို့အပြင် ကုလားအုပ် ကျောရိုးကိုကျိုးစေခဲ့တဲ့ နောက်ဆုံးကောက်ရိုးတမျှင်ဆိုတာလဲရှိသေးသည်။ 

“ဝေါ၊ ဘရော၊ ဝုန်း” 

တိုက်ခန်းမျက်နှာကြက်မှ အင်္ဂတေအကျိုးအပဲ့အစအနများပြုတ်ကျလာသည်။ ဒါမျိုးအဖြစ်ကသက်တမ်းလွန် ကံထရိုက်တိုက်ခန်းများတွင် နေထိုင်ရသူတို့ အဖို့ အဆန်းမဟုတ်။ 
မျက်နှာကျက်မှ ခွာချလိုက်သောဘိလပ်မြေအခဲများ၊ ကျောက်စရစ် အခဲများ၊ အမှုန်များသည် ကြမ်းပြင်တွင် အပုံလိုက်ဖြစ်နေသည်။ ဖုံးကာထားသောဘိလပ်မြေတို့ မရှိတော့သောအခါ ပေါ်လာသောသံချောင်း၊ သံတန်းများမှာသံချေးကြောင့် ပါးလျနေသည်ကိုတွေ့ရသည်။ တိုက်ခန်း၏ အလယ်ကောင် ရက်မတွင် ထည့်ထားသောသံချောင်းများကိုထုပ်ချည်ထားသည့် သံမျှင်များကသံချေးကြောင့် ပြတ်ထွက်နေပြီ။ 
မျက်နှာကြက်မှသည် ရက်မ၊ ရက်မမှသည် တဆက်တည်းထောက်မထားသောတိုင်အထိရောက်သွားသောအက်ကြောင်းသည် မြေပုံပေါ်မှမြစ်တစင်းလိုကွေ့ကောက်ဖြာထွက်လျက်။ 
နံရံများ၏ အထက်ပိုင်းနားရှိအက်ကြောင်းရာကအခန်းတခုလုံးကိုပတ်၍ မျဉ်းကြောင်းတခုမသေမသပ် ရေးဆွဲထားသကဲ့သို့ ရှိလေသည်။ 

အဖြူရောင်ပတ်တီးများ၊ အပေါ်မှ အဝါရောင်သုတ်ဆေးများဖြင့်မွမ်းမံလိုက်သောအခါ ထိုသံချေးများအက်ကြောင်းများသည် ပုန်းလျိုးပျောက်ကွယ်သွားလေသည်။ 
ပြတင်းပေါက်မှနေရောင်သည် အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ ကြမ်းတွင်ခင်းထားသောပါကေးပြားများသည် အရောင်မှိန်စပြုသော်လည်းပွတ်တိုက်မှုများသောကြောင့် ပြောင်၍နေသည်။ နောက်ဖေးမီးဖိုချောင်နေရာဘက်တွင်ခင်းထားသောကြွေပြားများကဝင်းလက်နေသည်။ ယေဘုယျအားဖြင့်ကြည့်လျှင်တော့ တိုက်ခန်းသည် လှပရှင်းသန့်၍ နေလေသည်။ 
နောက်ဆုံးကောက်ရိုးတမျှင်၊ ကုလားအုပ်ကျောရိုးကိုကျိုးစေသောကောက်ရိုးတမျှင် မတင်မိခင် ...
တိုက်ခန်းရောင်းမည်။ ပိုင်ရှင်တိုက်ရိုက် ဆက်သွယ်ရန်…

မာတီနာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar