Breaking News

နမ်းနိမ်းကျေးရွာ သတ်ဖြတ်ခံရမှု လက်သည်တိတိကျကျ ဖော်ထုတ်ဖို့နဲ့ ထပ်မဖြစ်စေဖို့

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၃ မြင်ကွင်း

(မိုးမခ) မတ် ၁၄၊ ၂၀၂၃


နမ်းနိမ်းကျေးရွာ သတ်ဖြတ်ခံရမှု လက်သည်တိတိကျကျ ဖော်ထုတ်ဖို့နဲ့ ထပ်မဖြစ်စေဖို့

ရှမ်းပြည်နယ်ထဲက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်ထဲက နမ်းနိမ်ကျေးရွာက ဘုန်းကြီးကျောင်းမှာ ၊ ဘုန်းတော်ကြီး ၃ ပါး၊ အမျိုးသမီးတဦးအပါအဝင် အရပ်သား အနည်းဆုံး ၂၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်ရပ်က ပြည်တွင်းစစ်နဲ့ပတ်သက်လို့  နေ့စဥ် သတ်ဖြတ်ခံရမှု၊ သေဆုံးမှု၊ ဖမ်းဆီးမှု နှိပ်စက်ညှဉ်းပန်းမှု သတင်းတွေအကြားထဲ ရပ်တန့်ပြီး ဖတ်ရလောက်အောင် ရုတ်တရက် အံ့အားသင့်စေတဲ့ သတင်းတပုဒ် ဖြစ်ပြီး ဘာလို ဖြစ်ခဲ့တာလဲ၊ လက်သည်တရားခံက ဘယ်အဖွဲ့လဲ၊ အခုလို အဖြစ်အပျက်တွေ နောက်ထပ်ဖြစ်လာဦးမလား၊ ဘယ်လိုတားဆီးနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ 

အခုအချိန်ထိ သိရှိရတဲ့ အချက်အလက်တွေအရ၊ အဖွဲ့အစည်းတချို့က ထုတ်ပြန်ချက်နဲ့ သတင်းဓါတ်ပုံဖေါ်ပြချက်တွေကို ကြည့်ရှုအကဲခတ်မှုအရ သေဆုံးသူ အရေအတွက်က အနည်းဆုံး ၁၉ ဦးနဲ့ အများဆုံး ၂၄ ဦးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘုန်းကြီးကျောင်းရဲ့ အုတ်တိုက် အဆောက်အဦအပြင်ဘက်ကို နောက်ခံထားပြီး ပစ်ခတ်ခဲ့တဲ့ အနေအထားဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဘုန်းကြီးကျောင်း နံရံမှာ သေနတ်ကျည် ထိမှန်လို့ ကျည်ဆံရာတွေ ဒါဇင်နဲ့ချီတွေ့ရတာကြောင့် သေဆုံးရသူတွေ ထွက်လာစဥ်မှာ ပစ်ခတ်တာ၊ သို့မဟုတ် တန်းစီကာ ရပ်ခိုင်းပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

အဖြစ်အပျက်က မတ်လ ၁၁ ရက် နံနက် အစောပိုင်း သို့မဟုတ် နံနက်လင်းပြီးမှ ဖြစ်ပျက်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရန်အကောင့်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံမှာ ဖုန်းပါရက်စွဲနဲ့ နာရီအရ မတ်လ ၁၁ ရက်နေ့နံနက် ၈ နာရီကျော်မှာ ရိုက်ယူထားတဲ့ ဓာတ်ပုံတချို့ ပါရှိပြီး ဖြစ်ရပ်ဖြစ်ပွားအပြီး မိနစ်ပိုင်းအကြာ သို့မဟုတ် နာရီ အနည်းငယ်အကြာမှာ ရိုက်ယူထားတာလို့ ယူဆရပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် အကောင့်မှာ ဖော်ပြတဲ့ အချို့ဓာတ်ပုံတွေမှာ သေဆုံးသူတွေမှာ ဘာလက်နက်မှ မတွေ့ရပေမယ့် အလားတူ တယ်လီဂရန် အကောင့်တွေမှာ ဖော်ပြတဲ့ အချို့သတင်းဓာတ်ပုံမှာတော့ သေဆုံးသူတွေ ကိုယ်ပေါ်မှာ တူးမီးသေနတ်နဲ့ ကာဘိုင်သေနတ်လို လက်နက်တွေ နဲ့ တွဲဖက်ရိုက်ယူထားတာတွေ့ရတာ ဖြစ်ပါတယ်။ အချို့သော တိုက်ပွဲဖြစ်ပွားပြီးနောက် ရိုက်ယူတဲ့ ဓာတ်ပုံတွေလို သေနတ်တွေက သေဆုံးသူတွေရဲ့ လက်ထဲ သို့မဟုတ် လက်မှ လွတ်ကျထားတဲ့ အနေအထားမျိုး မဟုတ်ဘဲ သေဆုံးသူတွေ ကိုယ်ပေါ်မှာ သွားရောက်တင်ထားပြီး ရိုက်ယူထားတဲ့ သဘောမျိုး ယူဆရပါတယ်။ တိုက်ပွဲဖြစ်ပွားလို့ သေဆုံးတဲ့အခါမျိုးမှာ လက်နက်ကိုင် အဖွဲ့ဝင်တွေ ဖြစ်ခဲ့ရင် အခုလို တနေရာတည်း လူအများအပြား စုဝေးနေတာမျိုးမဟုတ်ဘဲ အနှံ့အပြား ဟိုနေရာ သည်နေရာမှာ ထိမှန်သေဆုံးတာမျိုး ဖြစ်လေ့ရှိပေမယ့် အခု ဓာတ်ပုံတွေမှာတော့ သေဆုံးသူ တဒါဇင်ကျော်က နီးနီးကပ်ကပ် ပူးကပ်နေတဲ့ အနေအထားဖြစ်လို့ လက်နက်ကိုင် ခုခံမှုထက်ကို လက်နက်မဲ့တဲ့သူတွေကို စုဝေးထားခိုင်းပြီး ပစ်ခတ်တဲ့အနေအထားမျိုးလို့ ကောက်ချက်ချစရာ ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေ ကိုယ်ပေါ်မှာ လက်နက်ကိုင် အဖွဲ့ဝင်တွေ ဝတ်ဆင်တဲ့ ဝတ်စုံ၊ ကျည်ဆံ၊ ဓါးတို့လို ထည့်တဲ့ခါးပတ်၊ ကျောပိုးအိတ်၊ အသုံးအဆောင်တခုမျှ မပါရှိပဲ ရိုးရိုး အရပ်သားအင်္ကျီတွေနဲ့သာ ဖြစ်တာလည်း တွေ့ရတာပါ။ ဒီအချက်အလက်တွေကို ထောက်ပြီး ကောက်ချက်ချက်ချရရင် သေဆုံးသူတွေက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ပစ်ခတ်သတ်ဖြတ်ပြီးနောက်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ပြောက်ကျား တပ်ဖွဲ့ဝင်တွေ သဖွယ် လုပ်ကြံပြီး သတင်းဓါတ်ပုံအဖြစ် ရိုက်ယူတာမျိုး ဖြစ်နိုင်ချေ များတာတွေ့ရပါတယ်။ 

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့အချို့က ကြေညာထားသလို၊ စစ်ကောင်စီဘက်ကလည်း ဝါဒဖြန့်တုံ့ပြန်ပြောဆိုချက်တွေ ထွက်ပေါ်လာနေတာ တွေ့ရမှာဖြစ်ပါတယ်။

ပအိုဝ်း အမျိုးသားကာကွယ်ရေးတပ် PNDF Kham Koung အဖွဲ့က ထုတ်ပြန်တဲ့ သတင်းဓါတ်ပုံ၊ ဗီဒီယိုတွေအရ စစ်ကောင်စီတပ်ရဲ့ သုံးတဲ့ ကျည်ဆံခွံ၊ ကျည်ဆံထည့်တဲ့ ဗူးခွံ၊ လက်နက်ကြီးကျည် အစိတ်အပိုင်းတွေကို ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာတွေ့ ရပါတယ်။ 

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ PNLO လို့ အတိုကောက်ခေါ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာတော့ အခုလို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့ အဖွဲ့အစည်းက တာဝန်အပြည့်အဝ ယူရမယ်လို့ ဆိုထားပြီး လူမျိုးရေး ဘာသာရေး မတူညီသူတွေအကြား အမုန်းတရားဖြစ်ပွားအောင် လုပ်ဆောင်မှုတွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပါရှိပါတယ်။  

ဒီဒေသဟာ ပအိုဝ်းလူမျိုးစုတွေ နေထိုင်တဲ့ဒေသဖြစ်ပြီး လတ်ရှိ အဖြစ်အပျက်ဖြစ်ပွားချိန်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KNDF တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေမျိုးအောက်မှာ စစ်ကောင်စီတပ်တွေက အခုလို နမ်းနိမ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ဝါဒဖြန့် တယ်လီဂရန်တွေက ဒီသတ်ဖြတ်မှုကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တယ်ဆိုတာကို ဖြစ်ရပ်ဖြစ်ပွားပြီး ညတွင်းချင်းနဲ့ နောက်တရက်နံနက်မှာကတည်းက ဝန်ခံထားပြီး ဘုန်းတော်ကြီးကျောင်းကနေ ခုခံတဲ့ PDF တွေလို့ ပုံဖော်ပြထားသလို စစ်ကောင်စီတပ်က စနိုက်ပါ တပ်ဖွဲ့နဲ့ ပစ်ခတ်ခဲ့ရတယ်ဆိုတဲ့ သဘောမျိုးလည်း ရေးသားထားတာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုနဲ့ပတ်သက်လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်ပြီးနောက်မှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ဖြေကြားရာမှာ စစ်တပ်က အဲဒီကျေးရွာကို ဝင်ရောက်တာမှန်ပေမယ့် ပြန်ထွက်သွားပြီးနောက်မှာ အခုလို သတ်ဖြတ်မှုတွေ ဖြစ်တာလို့  အဖြစ်အပျက်ကို ရောချပြီး ဖြေကြားခဲ့ကာ KNDF နဲ့ KNPP တို့က သတ်ဖြတ်ခဲ့တာလို့ တုံ့ပြန်စွပ်စွဲ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မှာ လူအများအပြားသတ်ဖြတ်ခံရမှုကို မျက်မြင်သက်သေ မြင်တွေ့သူ၊ တနည်း လွတ်မြောက် အသက်ရှင်ကျန်ရစ်သူ တဦးမျှ မရှိသော်လည်း အဖြစ်အပျက် အထောက်အထားတွေအရ စစ်ကောင်စီတပ်က ကျူးလွန်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘဲ ဘယ်လို ကျူးလွန်သလဲ ၊ ဘယ်တပ်ရင်း တပ်ဖွဲ့က ဘယ်လိုအမိန့်ပေး ပစ်သတ်ခဲ့သလဲဆိုတာ မကြာခင် အချိန်တခုအတွင်း အထောက်အထား သက်သေခံချက်တွေ ပေါ်ထွက်လာနိုင်ခြေရှိပြီး တာဝန်ခံမှုကို တောင်းဆိုဖို့ မှတ်တမ်းတွေ ရှိနေပြီဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar