Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၈ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၈ )

(မိုးမခ) မတ် ၂၇၊ ၂၀၂၃


23/3/23

Diary in the darkness

မနက် ၉း၀၀ နာရီရှိပြီ။ အပူချိန်က တရက်ထက် တရက် သိသိသာသာ တိုးလာတယ်။ 

သူငယ်ချင်း ဖုန်းခေါ်လို့ အိပ်ရာက နိုးလာတယ်။ သူငယ်ချင်းရဲ့  ပဲခူးဘက်က ယောက္ခမတွေနဲ့  ဆွေမျိုးတစု စစ်ပြေးနေရလို့ သွားခေါ်ဖို့  သူက ဖုန်းဆက် တိုင်ပင်တာပါ။ ဘာလုပ်ရမှန်း မသိလို့ ကျနော့်ကို အားကိုးတကြီး တိုင်ပင်တာဖြစ်မယ်။ ရေနစ်နေသူအတွက် ကျနော်က မြက်ပင်ကလေး တပင် ဖြစ်မယ်ထင်တယ်။ ကျနော်ကလည်း ဘာမှ မပြောတတ်။  ကျနော်တို့ ကိုယ်တိုင်လည်း ရေနစ်နေတဲ့ မြက်ပင်တပင် ဖြစ်နေတဲ့ ဘဝ။ အသက်ရှင်ဖို့ မနည်းကြိုးစားနေရတဲ့ အချိန်ပါ။ 

အခုတလော  စစ်ရှောင်တွေ များသည်ထက်များလာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း သတင်းတွေ ဖတ်ရတယ်။ ကိုယ်နဲ့နီးစပ်တဲ့ ကယားနဲ့ မြန်မာပြည် အလယ်ပိုင်း ကန္နီမြို့နယ်က သူငယ်ချင်းတွေကလည်း သူတို့ကို တတ်နိုင်သလောက် ကူညီပေးဖို့ ဖုန်းဆက်ပြောလာပါတယ်။ ကျနော် ဆွံ့အနေပါတယ်။ ဘာမှ ပြန်မပြောနိုင်ပါ။ သူ့ဖုန်းသံကို နားထောင်ရင်း အသက်ရှူရပ် ရပ်သွားတယ်လို့ ခံစားရတယ်။

မင်းအောင်လှိုင် ရဲ့ မုံရွာ ခရီးစဥ်မှာ PDF တွေက တိုက်ခိုက်တာကြောင့် ထိပ်တန်းရဲအရာရှိတစ်ဦးနဲ့ ရဲသားတချို့ သေတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ တက်နေတာ တွေ့ရပါတယ်။ စိတ်မကောင်းပါဘူး။ သေတာ နည်းလို့ပါ။ ‌ဪ ငါ ဘာတွေ တွေးနေမိနေပါလိမ့်၊ အလကားနေရင်း အကုသိုလ်တွေ ယူမိနေပါကလားလို့ တွေးမိတယ်။ သတင်းတွေ ဖတ်ရ၊ ကြားရတာ အကုသိုလ်တွေပါပဲ။ ဒါ‌ပေမဲ့ မဖတ် မဖြစ် မသိမဖြစ်တော့ ဖတ်ရ နားစွင့်ရပြန်ပေါ့။ 

ဘာတွေဖြစ်နေပါလိမ့်။ 

တရုတ်သမ္မတ ရှီကျင်းပင်က ရုရှားသမ္မတ ပူတင်နဲ့ သွားတွေ့တဲ့ သတင်းဖတ်မိပြန်တယ်။ 

တရုတ်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုတာ ကျူးကျော်သူ သမ္မတ ပူတင်ဘက်က အလေးပေးဆောင်ရွက်နေတာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ဝေဖန်နေတာ တွေ့ရပါတယ်။

နောက်ပြီး မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ရပ်ဟာလည်း စစ်ကောင်စီကို စစ်ရေးအသာရဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက  စွပ်စွဲကြတာ ဖတ်ရတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့ခေါင်းဆောင်တွေရဲ့ မျက်နှာကို ပြေးမြင်ချင်မိတယ်။ သူတို့မျက်နှာတွေ ဘယ်လိုများဖြစ်နေမလဲ။ 

မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို စိတ်ရောကိုယ်ပါ ကူညီနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲဘော်ဟောင်းတစ်ယောက်ကတော့ “တရုတ်စောက်ကျင့် က ဒီလိုပဲ၊ အဖိနှိပ်ခံဘက်က မရပ်ဘဲ စစ်အာဏာရှင်ဘက်က အမြဲရပ်တယ်” လို့ ‌‌ဒေါသတကြီးနဲ့ ကျနော့်ကို စာတိုပို့တယ်။ 

နိုင်ငံရေးဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ကျောင်းဆရာ‌‌‌ဟောင်း တယောက်ကတော့ မြန်မာပြည်မှာ တရုတ်ရဲ့  ငြိမ်းချမ်းရေးလုပ်ရပ်ဟာ သူမနာ ကိုယ်မနာ Win Win မဖြစ်ဘူးလို့ ကျနော့်ကို ဖုန်းနဲ့လှမ်းပြောတယ်။ 

သာမန် မြန်မာပြည်သူအများစုကတော့ အာဏာရှင်စစ်တပ်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ မစေ့စပ်နဲ့ ၊ ‌ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စေ့စပ်ရေး စကားလာပြောရင်တောင် ‌ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံမှာမဟုတ်‌တော့ဘူးလို့ နာနာကြည်းကြည်း ပြောနေကြပါတယ်။ သူတို့က နေ့စဉ်နဲ့အမျှ စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကြားနေ၊ မြင်နေ၊ ခံနေရတော့ အခုလို ခံစားနေရတာ အဆန်းတော့ မဟုတ်ပါဘူးလေ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူတွေဟာ စိတ်တွေ သိသိသာသာ ကြမ်းလာတယ်။ အမုန်းတရားတွေနဲ့ အမုန်းစကားတွေ သိသိသာသာ တိုးပွားလာတယ်။ ကျနော်ကိုယ်တိုင်ပင်လျှင် စိတ်ရောကိုယ်ပါ သိသိသာသာ ကြမ်းတမ်းရိုင်းစိုင်းလာတာကို သတိထားမိလာတယ်။ သတင်းဆိုးတွေ နေ့စဥ်နဲ့အမျှ ကြားနေရလို့ ဖြစ်မယ်ထင်တယ်။ တဟုန်ထိုးတက်နေတဲ့ ကုန်စျေးနှုန်းကို ဝင်ငွေမရှိဘဲ ရင်ဆိုင်နေရလို့လည်း ဖြစ်နိုင်တယ်။ အရာရာ အဆင်မပြေဘူးလို့ ခံစားနေရတယ်။ စိတ်တွေတိုလာတယ်။ အတတ်နိုင်ဆုံး စိတ်ကို ငြိမ်အောင်ထားတယ်။ ဘုရား တရား ဆိုတာ ဘာမှန်းမသိတဲ့ ကျနော်က အလုပ်မရှိ အလုပ်ရှာ တရားနာမိတယ်။ စိတ်သက်သာလို သက်သာငြားပါ။ နိဗ္ဗာန်ရောက်ချင်လို့ ကုသိုလ်လိုချင်လို့ မဟုတ်ပါဘူး။ စိတ်သက်သာရလိုမှု သက်သက်သာဖြစ်ပါတယ်။ 

အမုန်းစိတ်တွေ၊ ဒေါသတွေ များနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့ မေတ္တသုတ်တရားနာရင် ကောင်းမယ်ထင်လို့ ပါချုပ်ဆရာတော်ရဲ့ မေတ္တသုတ် အကျဥ်းကို You Tube ကနေ နာဖြစ်တယ်။ ကျွတ်ချိန်တန်လို့လားတော့ မသိဘူး ထူးထူးခြားခြား လျှပ်စစ်မီးကလည်း သဘောကောင်းနေတယ်။

တရားတော်ထဲမှာ ကျနော် တွေ့ရသလောက် အကျဥ်းရေးရရင်—

- မေတ္တာဆိုတာ မိတ်ဆွေအချင်းချင်း ဆက်ဆံရမယ့် ဆက်ဆံရေးကျင့်ဝတ်ကို ဆိုလိုတာဖြစ်တယ်။ မိတ်ဆွေချင်း ဆက်တယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ မိတ်ဆွေချင်းဆက်ဆံရေးဆိုတာ

၁။ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ မိတ်ဆွေအကျိုးကို ဆောင်ရွက်ရမယ်။

၂။ ကိုယ်ရော နှုတ်ပါ ရိုးသားဖြောင့်မတ် ရိုးသားရမယ်။ တယောက်ကို တယောက် အကောက်မကြံရ။

၃။ စိတ်သဘောထား ကောင်းမွန် ဖြောင့်မတ်ရမယ် 

၄။ ပြောဆိုဆုံးမလျှင် လွယ်ကူရမယ်။ ကောင်းကျိုးကို ပြောလျှင် အလွယ်တကူ နားထောင်နိုင်သူ ဖြစ်ရမယ်။

၅။ တယောက်နှင့် တယောက် ဆက်ဆံရာတွင် နူးညံ့သိမ်မွေ့ရမယ်။

၆။ တယောက်အပေါ်  တယောက် ထောင်လွှားမာနမထားရ။

၇။ တင်းတိမ်ရောင့်ရဲရမယ်။ လောဘ မကြီးရ။

၈။ လွယ်ကူသော အသက်မွေးဝမ်းကျောင်း ရှိရမယ်။

၉။ နည်းပါးသော အမှုကိစ္စရှိရာမယ်။ အလုပ်ရှုပ်ကာ မနိုင်မနင်းဖြစ်မနေရ။

၁၀။ ပေါ့ပါးသော အသက်မွေးခြင်း ရှိရမယ်။ ခက်ခက်ခဲခဲ အသက်မွေးသူ မဖြစ်ရ။ 

၁၁။ အလုပ်ကို တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်သူ ဖြစ်ရမယ်။ ပြာလောင်ခတ်နေသူ မဖြစ်ရ။

၁၂။ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ စဥ်းစားနိုင်ပြီး  ရဲရင့်သော ဉာဏ်ပညာရှိရမယ်။

၁၃။ ကိုယ် နှုတ် နှလုံးသုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရ။

၁၄။ ဒါယကာတို့ ၌ တွယ်တာမက်မောမှု မရှိရာ။ (တနည်း) မိမိနှင့်နီးစပ်သူကို ပိုမိုအလေးပေးဆက်ဆံခြင်း မရှိရ။

စတဲ့ အချက်တွေနဲ့ ပြည့်စုံရပါမယ်။ 

ကဲ ကျနော်တို့ နဲ့ မိတ်ဆွေဖွဲ့မယ့်သူတွေရော အဲဒီလိုအချက်တွေနဲ့ ပြည့်စုံပါ့မလား။ ကျနော်တို့ ကိုယ်တိုင်ကရော အဲဒီအချက်တွေနဲ့ပြည့်စုံရဲ့လား။ နှစ်ဦးနှစ်ဖက် မပြည့်စုံလျှင် ပြည့်စုံအောင်ဘယ်လို ဆောင်ရွက်ကြမလဲ။

၁။ ပညာရှိတို့ ကဲ့ရဲ့သော၊ မကောင်းသော လုပ်ရပ်မျိုးကို တခုတလေပင် မလုပ်ပါနဲ့၊

၂။ တယောက်သောသူကို တယောက်သောသူက အမျက်မထွက်ပါနဲ့၊

၃။ တယောက်သောသူကို တယောက်သောသူက ညှဉ်းဆဲ ချုပ်ချယ်ခြင်းမပြုပါနဲ့၊

၄။ အငြိုးမထားနဲ့၊

၅။ ရန်မဖြစ်နဲ့၊

၆။ မထီမဲ့မြင် မပြုနဲ့ ၊ အထင်မသေးနဲ့

၇။ တယောက်ကို တယောက် ဒုက္ခရောက်အောင်မလုပ်နဲ့၊

၈။ မိခင်က သားငယ်ကို မေတ္တာထားသကဲသို့ မေတ္တာထားပါ

အဲဒီလို အချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် မိတ်ဆွေအဖြစ် မြဲမြံကာ ကောင်းကျိုးများကို အတူတကွ ဆောင်ရွက်နိုင်မည်ဟု ကျနော် နားလည်ပါတယ်။

နှစ်ပေါင်းနှစ်ထောင်ငါးရာကျော် သက်တမ်းရှိတဲ့ သံဃာ့အဖွဲ့အစည်းမှ အတွေ့အကြုံများကို ကျနော်တို့ လက်တွေ့ရင်ဆိုင်နေရသော အခြေအနေတွင် လိုအပ်သလို အသုံးပြုနိုင်က အကျိုးရှိမယ်ထင်ပါတယ်။ 

ညနေလည်း စောင်းပြီ။ ခြံစည်းရိုးက သံပုရာ၊ မယ်ဇလီ၊ မန်ကျည်းရွက်နုကလေးတွေကို ခူးပြီး ညနေစာ ဖြေရှင်းလိုက်ပါဦးမယ်။ ဒီည မီးပျက်မယ့် ညမို့ နေမဝင်ခင် ထမင်းစားရပါမယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar