Breaking News

မြဝတီ မြို့နယ်၊ ကော့ကရိတ်မြို့နယ် တို့မှာ တိုက်ပွဲဖြစ်ပွားနေဆဲ

မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၆ မြင်ကွင်း

(မိုးမခ) မတ် ၂၇၊ ၂၀၂၃


မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ် တို့မှာ တိုက်ပွဲဖြစ်ပွားနေဆဲ

မတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ထဲက ကရင်လက်နက်ကိုင် အဖွဲ့တချို့နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်ရင်း၊ ကုန်သွယ်ရေးဇုန်၊ ရဲစခန်း အစရှိတဲ့နေရာတွေကို တိုက်ခိုက်ပြီး သိမ်းယူဖို့ကြိုးစားမှုတွေ ရှိခဲ့ရာက တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ 

ကျုံဒိုးမြို့ နေရာအချို့၊ သင်္ဃန်းညီနောင် က စစ်ကောင်စီနဲ့ BGF နယ်ခြားစောင့်စခန်း၊ မြဝတီ-ကော့ကရိတ်အကြားက အာရှလမ်းမရဲ့ လမ်းပိုင်းနေရာနဲ့ မြဝတီမြို့အထွက်က ကုန်သွယ်ရေး ဇုန်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်ဖြတ်သန်းတဲ့ ချစ်ကြည်ရေး တံတား အမှတ် ၁ ကိုလည်း ဖြစ်ဖြစ်ချင်းနေ့မှာ ပိတ်ထားခဲ့ပြီးနောက် မတ်လ ၂၆ ရက်နေ့မှာတော့ ပြန်ဖွင့်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန် လို့ခေါ်ဆိုတဲ့ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်ကြတဲ့အခါ ပစ္စည်းတွေ သိုလှောင်ပြီး မြန်မာနိုင်ငံထဲနဲ့ ထိုင်းနိုင်ငံဘက်ကို ပြန်လည်သယ်ဆောင်ကြတဲ့ စခန်းနဲ့ ထိုင်းဘက်တင်ပို့ကုန်နဲ့ ထိုင်းဘက်က တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကို စစ်ဆေးတဲ့ စခန်းဖြစ်တဲ့ နေရာအဆောက်အဦကို ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။ DKBA ခွဲထွက်အဖွဲ့ ကလိုထူးဘော အဖွဲ့အောက်က စစ်ကြောင်းတွေဖြစ်တဲ့ ကျားဖြူစစ်ကြောင်းလို စစ်ကြောင်းကလည်း ကျုံဒိုးမြို့နယ်နဲ့ မြဝတီ ကော့ကရိတ်လမ်းကို ၂၅ ရက်နေ့က စတင်ပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ တားမြစ်တဲ့ စာထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့တွေမှာ လက်နက်ကြီးကျည် ကျရောက်တာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာ တွေကြောင့် ဒေသခံ အရပ်သားအချို့ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြပါတယ်။ စစ်ကောင်စီက နှစ်စဥ်ကျင်းပနေကျ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ (၄င်းတို့အခေါ်  တပ်မတော်နေ့ ) အခမ်းအနားကို မကျင်းပမီ ရက်ပိုင်းအလိုမှာ အခုလို ကရင်ပြည်နယ် ဒေသအချို့မှာ ပြင်းထန်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ ကေအန်ယူနဲ့ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ဒေသတွေဟာ မြန်မာနိုင်ငံအောက်ပိုင်း နဲ့ အလယ်ပိုင်းက PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် စစ်သင်တန်း သင်ယူဖို့ သွားရောက်ကြတဲ့နေရာ ဒေသဖြစ်တဲ့အပြင် လက်နက်ဝယ်ယူဖို့ အဆက်အသွယ်နဲ့ လမ်းကြောင်းတခုလည်း ဖြစ်နေတာပါ။ မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်လို ဒေသတွေအဖို့တော့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တဆင့် လက်နက် ရရှိတာ၊ ဝယ်ယူတာရှိကြပြီး ကျန် PDF အဖွဲ့တွေအနေနဲ့ ထိုင်းနဲ့ထိစပ်နေတဲ့ ရှမ်း၊ ကယား နယ်စပ်နဲ့ ကရင်ပြည်နယ်က ကရင်လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို အဓိက အားကိုးကြရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ကရင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်ထားနိုင်ရေး၊ နဲ့ အထက်က PDF တွေရဲ့ စစ်ရေးသင်တန်းနဲ့ လက်နက်ဝယ်ယူရာ လမ်းကြောင်းမှာ အကူအညီပေးနေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို တိုက်ခိုက်ဖို့ မဟာဗျူဟာ ချထားပုံရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း ကရင်ပြည်နယ် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အချို့တိုက်ပွဲတွေက သီတင်းပတ်နဲ့ချီကြာမြင့်ခဲ့တာလည်း ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း သီတင်းပတ်နဲ့ချီပိတ်ထားရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ၄င်းတို့ရဲ့ ပို့ကုန်နဲ့ မြန်မာနိုင်ငံက တင်သွင်းတဲ့ သွင်းကုန်အတွက် မြဝတီ ကော့ကရိတ် ကုန်သွယ်ရေးလမ်းကြောင်းကို ပွင့်နေတာ၊ နယ်စပ်ဒေသမှာ လက်နက်ကိုင် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားမှာကို လိုလားမှာ မဟုတ်ပါဘူး။ သို့သော်လည်း ထိုင်းနိုင်ငံအနေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကို လူသိရှင်ကြား ဖိအားပေးတာ ပြောဆိုတာတွေတော့ ခုချိန်ထိ မတွေ့ရသေးပါဘူး။ စစ်ကောင်စီဘက်နဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ ကော်မတီ အဖွဲ့အလိုက်ဆွေးနွေးမှုတွေတော့ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုလို ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေအနေနဲ့ ၄င်းတို့ အထိုင်တပ်ရင်းစခန်းတွေ၊ ကုန်သွယ်ရေးစခန်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ခြိမ်းခြောက်နိုင်နဲ့ တိုက်ခိုက်မှုတွေ ခံနေရချိန်မှာ ကရင်နီဒေသဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းဒေသမှာလည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေထဲက အချို့စစ်ကြောင်းတွေ တခုလုံးနီးပါး ပျက်တဲ့အထိ သေဆုံးဒဏ်ရာရတာ၊ လက်နက်ပစ္စည်းတွေ ဆုံးရှုံးတာတွေ ရှိနေတဲ့ သတင်းတွေလည်း တွေ့နေရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အရူးမီးဝိုင်း အခြေအနေမျိုး မဟုတ်သေးပေမယ့်လည်း ပွင့်လင်းရာသီ မိုးရာသီမဝင်ခင်မှာ အခုလို တိုက်ပွဲတွေ နိုင်ငံရဲ့ ဟိုနေရာ သည်နေရာမှာ ရင်ဆိုင်ကြုံတွေ့ရနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar