အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၀ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၀ )
(မိုးမခ) မတ် ၂၉၊ ၂၀၂၃
29/3/23
Diary in the darkness
ဒီရက်ပိုင်းအတွင်း ကရင်ပြည်နယ်က စစ်ပွဲတွေအကြောင်းကိုပဲ စိတ်ထဲ ရောက်နေတယ်။ ဘာအလုပ်မှ လုပ်လို့မရဘူး။
မြဝတီကုန်သွယ်ရေးဂိတ် ပိတ်လိုက်ရတယ်။ ကုန်သွယ်ရေးအဆောက်အဦ တခုထဲမှာ လူသေအလောင်းတွေ မြင်မကောင်းဘူး။ ရဲစခန်းကို PDF က ဝင်စီးနေပုံကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်တခုကို လူကြည့်များတယ်။ ရဲတွေက PDF တွေ ဝင်လာတာကို ဘာမှ ဟုတ်တိပတ်တိ ခုခံတာမျိုး မတွေ့ရဘူး။ ဂိတ်စောင့် ရဲတွေကို စစ်တပ်က သေနတ်ပေးထားပေမယ့် ကျည်ဆန်ပေးထားပုံမရဘူး။ ရဲတွေကလည်း PDF တွေ ဝင်လာရင် လက်နက်ချဖို့ပဲ ဆုံးဖြတ်ထားသလား မသိဘူး။ မအလ စစ်တပ်ဟာ စိတ်ခွန်အား လုံးဝမရှိတော့တဲ့ ပုံပေါက်နေတယ်။
မင်းအောင်လှိုင်ကတော့ တော်လှန်ရေးနေ့ မိန့်ခွန်းမှာ PDF တွေနဲ့ PDF ကို ထောက်ခံတဲ့ တိုင်းရင်းသား လက်နက်တွေ အပြတ်ချေမှုန်းမယ်လို့ မိန့်ခွန်းပြောတယ်။ လူများစုကတော့ သူ့မိန့်ခွန်းကို ဟာသအဖြစ် မြင်ကြတယ်။
ဇော်မဲလုံးကတော့ မြဝတီကို ဝင်တိုက်တာဟာ PDF တွေရဲ့ မိုက်မဲတဲ့လုပ်ရပ်လို့ ကြေညာတယ်။ နောက်ထပ် ဆက်တိုက်တက်လာတဲ့ သတင်းတွေမှာတော့ မအလ စစ်တပ်ကို ထောက်ခံတဲ့ ကရင်နယ်ခြားစောင့် တပ် (စောချစ်သူ ဦးဆောင်တဲ့တပ် အပါအဝင် ) တွေနဲ့ မအလ တပ်မှူးတွေ အစည်းအဝေးထိုင်ပြီး PDF တွေနဲ့ PDF ကို ထောက်ခံ အားပေး ပူးပေါင်းတဲ့ စောနယ်ဒါးမြ တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာတယ်။
နောက်ထပ် နယ်စပ်က သတင်းတွေမှာတော့ မင်းအောင်လှိုင်ရဲ့ မြန်မာစစ်တပ်က တပ်သားတွေနဲ့ စောချစ်သူရဲ့ တပ်သားတွေဟာ ထိုင်းနိုင်ငံဘက်ကို ကူးလာတယ်။ စောချစ်သူတပ်တွေဟာ စောနယ်ဒါးမြတပ်တွေနဲ့ ပူးပေါင်းလာတယ် ဆိုတဲ့သတင်းတွေနဲ့ ထိုင်းရဲနဲ့ စစ်တပ်ဟာ မြန်မာဘက်က တိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုတယ်။
ချင်းပြည်နယ်ဖက်က သတင်းတွေမှာတော့ ချင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့ ရောက်လာတဲ့ မင်းအောင်လှိုင်တပ်တွေဟာ ပြောက်ကျားတွေရဲ့ တိုက်ခိုက် ဟန့်တားမှုကြောင့် ချင်းပြည်နယ်ကို ရက်ပေါင်းများစွာ နောက်ကျပြီးမှ ရောက်လာတာကြောင့် မတ်လ ၂၇ အမီ ထိုးစစ်မဆင်နိုင်ဘူးလို့ ဆိုတယ်။ ဒါကြောင့် တော်လှန်ရေးနေ့မှာ မင်းအောင်လှိုင်ဟာ စစ်အောင်နိုင်တဲ့ သတင်းတွေ ဘာတခုမှ မကြေညာနိုင်ဘူးလို့ ဆိုတယ်။
ရခိုင်ဘက်က ပြန်လာတဲ့ စီးပွားရေးသမားတစ်ယောက်ကတော့ ရခိုင်မှာ ခုချိန် အေးအေးချမ်းချမ်းပဲလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ပေါက်ကွဲခါနီး ဗုံးတလုံးပေါ်မှာ ထိုင်နေရတဲ့ ခံစားမှုမျိုး သူခံစားနေရတယ်လို့ဆိုတယ်။ ရခိုင်ပြည်သူတွေဟာ လွပ်လပ်တဲ့ ရခိုင်ပြည်ကို ထူထောင်ဖို့ စိတ်အားထက်သန်နေကြတယ်လို့ ဆိုတယ်။ သူ့အနေနဲ့ကတော့ ရခိုင်ပြည်သူတွေဟာ မြန်မာစစ်အာဏာရှင်ကို တိုက်ရင်း ရခိုင်စစ်အာဏာရှင်စနစ်ကို ထူထောင်မိသလို ဖြစ်သွားမှာကို သူ စိုးရိမ်နေတယ်လို့ ဆိုတယ်။ မြန်မာတွေ အင်္ဂလိပ်နယ်ချဲ့ကို တိုက်ရင်း မြန်မာစစ်အာဏာရှင်စနစ်ကို ထူထောင်မိသလိုမျိုး ဖြစ်မှာ စိုးတယ်လို့ ဆိုတယ်။
ကျွန်တော်နဲ့ ထောင်ထဲမှာ ရင်းနှီးခဲ့တဲ့ ကျူရှင်ဆရာတစ်ယောက်ကတော့ မြောက်ပိုင်းတိုင်းရင်းသား (၇) ဖွဲ့ ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားပေမယ့် တနိုင်ငံလုံးရှိ PDF တွေကို ကူညီနိုင်တဲ့ အခွင့်အလမ်းတွေရှိနေတယ်။ အဲဒီအခွင့်အလမ်းတွေကို ပါးပါးနပ်နပ် အသုံးချပြီး ဘုံရန်သူ စစ်ကောင်စီကို ချေမှုန်းနိုင်မှသာ သူတို့အတွက် တကယ် လိုအပ်နေတဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့် ကို အမှန်တကယ် ရရှိမှာ ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။ သူက ထောင်ထဲမှာ ရင်းနှီးသိကျွမ်းခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေကို လေးစားတန်ဖိုးထားတဲ့သူ ဖြစ်ပါတယ်။ သံယောဇဥ်လည်းရှိသူ ဖြစ်ပါတယ်။
ကျွန်တော်ရဲ့ အစ်ကိုတယောက်လို လေးစားသူလည်းဖြစ် ဆရာတစ်ယောက်လို ချစ်ခင်သူလည်း ဖြစ်တဲ့ ပန်းချီဆရာအိုကြီးတစ်ယောက်က ကျွန်တော့်ကို ဖုန်းနဲ့ လှမ်းခေါ်လို့ သွားတွေ့ရပါတယ်။ သူက အခု အသက် ရှစ်ဆယ်ကျော်နေပြီ ဖြစ်ကြောင်း၊ သူ့ရဲ့စားဝတ်နေရေးကို သူ့သားက တာဝန်ယူထားလို့ အဆင်ပြေကြောင်းနဲ့ သူ မသေခင် သူ့ပန်းချီကားရောင်းရငွေများကို စစ်ရှောင်ဒုက္ခသည်များထံ လှူဒါန်းလိုကြောင်း ပြောပါတယ်။ သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းတာပါ။ ယခင်က သူ့နဲ့ အဆက်အသွယ်ရှိသူများမှာ ယခု အခါ ဆက်သွယ်လို့ မရတော့ကြောင်း ပြောပါတယ်။
ဟုတ်ပါတယ်။ အခုအချိန်မှာ စစ်အစိုးရဟာ CDM ၊ PDF နဲ့ စစ်ရှောင်များကို ထောက်ပံ့သူများ ကို ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေတာမို့ အကူညီလိုသူများနဲ့ ကူညီလိုသူများကြား အဆက်အသွယ်များ ပြတ်တောက်နေပါတယ်။ ကျွန်တော် ဘာများလုပ်ပေးနိုင်မလဲ။ အန္တရာယ်လည်း လွတ်အောင်ရှောင်ရင်းပေါ့။
ဒီလိုနဲ့ ပူအိုက်တဲ့ညတွေကို ပူလောင်တဲ့ အတွေးတွေနဲ့ ဖြတ်သန်းရပါဦးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar