Breaking News

ကိုသန်းလွင် - အေအိုင် — လူဖန်တီးသော အသိဉာဏ်

ကိုသန်းလွင် - အေအိုင် — လူဖန်တီးသော အသိဉာဏ်

(မိုးမခ) မတ် ၂၉ ၊ ၂၀၂၃



( ၁ )

အေအိုင် (Artificial Intelligences) ဆိုသည်မှာ လူဖန်တီးသော အသိဉာဏ်ဟုအဓိပ္ပာယ်ရပါသည်။ ကွန်ပျူတာချစ်ပ်များပေါ်တွင် ဖန်တီးထားသော အသိဉာဏ်လည်းဖြစ်ပါသည်။ လွန်ခဲ့သောရက်ကကျွန်တော်သည် မိုက်ခရိုဆော့မှ သုတေသနအရာရှိချုပ်ဟောင်း မန်ဒီး (Craig Mundie) မှ ချပ်ဂျီပီတီ ChatGPT ခေါ် ‌ အေအိုင်ဖြင့် ဖန်တီးသော စက်ရုပ်၏ အစွမ်းကို ဗွီဒီယိုတွင် တွေ့မြင်လိုက်ရပါသည်။

ကျွန်တော့်စိတ်မှာ အလွန်လှုပ်ရှားသွားခဲ့ပါသည်။ ၎င်းသည် ခေတ်အမီဆုံး ဆော့ဝဲလ်ယား ဖြစ်ပြီး လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက Open AI ကုမ္ပဏီမှ တီထွင်ခဲ့ခြင်း ဖြစ်ပါသည်။

မန်ဒီးက သူ၏ နောက်ဆုံးပေါ် ဆော့ဝဲလ်ယားသည် စာလုံးများ၊ ဘာသာစကားနှင့် တီထွင်မှုများအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို ပြသမည် ဖြစ်သည်။ “ခင်များတို့ နားလည်ထားဖို့က ဒီဆော့ဝဲလ်ယားဟာ အရာရာကို ပြောင်းလဲပစ်မှာပဲ၊ လူသားတွေအတွက် အရေးကြီးဆုံးပဲ။ ပြောရရင်တော့ အရာဝတ္ထုတွေအားလုံး ကျွန်တော်တို့ရဲ့လုပ်ပုံကိုင်ပုံမှန်သမျှ ပြောင်းလဲသွားလိမ့်မယ်” ဟု စကားဦးပြောခဲ့ပါသည်။


( ၂ )

ချပ်ဂျီပီတီသည် တဖြည်းဖြည်းနှင့် လူတို့၏ လုပ်ကိုင်စွမ်းရည်ကို မြှင့်တင်ပါလိမ့်မည်။ လုပ်ကိုင်သမျှ အရာအားလုံးတို့၌ စိတ်ကူးစိတ်သန်း၊ အသစ်တွေ့ရှိမှုများအကြောင်း လူတို့သိလာပုံများ၊ လူတို့ လုပ်နိုင်စွမ်းရည် အားလုံး တိုးတက်လာပါလိမ့်မည်။

နောက်ပိုင်းတွင်မှ ထိုပြောပြချက်များမှာ တကယ်ဖြစ်လာမည့် အဖြစ်အပျက်များကို ကြိုတင်ပြောခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဗွီဒီယိုရိုက်ကူးသည်မှာ Planet World ပြတိုက်အတွင်းမှာ ဖြစ်ပါသည်။ ဂျီပီတီ- ၄ (GPT-4) ကို ပထမဦးဆုံး မေးသည်မှာ Plalet World ပြတိုက်အကြောင်းကို စကားလုံးရေ ၄၀၀ ဖြင့် ပြောပြပါဟု ခိုင်းသည်။ ၎င်းက စက္ကန့်ပိုင်းအတွင်း စာလုံး ၄၀၀ ဖြင့် ဖော်ပြသည်။ လူတို့၏သမိုင်းတွင် ဘာသာစကားလွှမ်းမိုးပုံ ဆက်စပ်ပုံတို့မှာ တိတိကျကျ ထွက်ပေါ်လာပါသည်။

ဤအကြောင်းအရာကိုပင် စာလုံး ၂၀၀ ဖြင့် ဖော်ပြပါဟု ပြော၏။ ချက်ချင်းရေးပြသည်။ ထိုအကြောင်းကို အာရောဗျဘာသာ (Arabic) ဖြင့် ပြောခိုင်းသည်။ 

နောက် တရုတ်ပြည်က မင်ဒရင်း (mandarin) ဘာသာနှင့် ပြောခိုင်းသည်။ တစက္ကန့်အတွင်း အင်္ဂလိပ်လို ပြောခိုင်းပြန်သည်။ ထို့နောက် ရှိတ်စပီးယား၏ ဆွန်းနက် (Sonnet) များသဖွယ် တိုတိုတုတ်တုတ် ပြောပါဟု ပြောပြန်ရာ ကဗျာသဖွယ် စာကြောင်း ၃ ကြောင်းစီဖြင့် ရေးပြပြန်သည်။

ထို့နောက် (Abececlarian) ခေါ် အေဘီစီဒီ စာလုံးများကို တလုံးစီ အစချီ၍ ဇက်သို့ ရောက်အောင် စာလုံးစီဖို့ ပြောရာ ဝါကျတကြောင်းစီသည် အဓိပ္ပာယ်ရှိရှိ အထက်နှင့် အောက် ဆက်စပ်ပြီး ဝါကျများရေးပြပါတော့သည်။ 

Alluring in Washington, is a museum so ground, Built to Teach inspire and help us understand, Curious mind……

၎င်းတို့မှာ လူကို ညမှာ အိပ်မပျော်အောင် ဖန်တီးနိုင်ပါသည်။ သူတို့သည် အလွန်တရာ များပြားသော၊ ကြီးမားသော ဒေတာများကို စုဆောင်းပါသည်။

ထိုဒေတာများ အထဲတွင် စုံညီရှိရာ ပုံစံကို ရှာဖွေပါသည်။ ၎င်းတို့သည် လူတို့ စဉ်းစားသလို ဘာသာတရား၊ အတွေးအခေါ်များ ဖြစ်လာကြပါသည်။ ဆော့ဝဲလ်ယားမိုက်ခရို ချစ်ပ်များ တခုနှင့်တခု ဆက်ထားသော စက်များသည် ဘာသာပေါင်းစုံ အခြေခံကျသော အဓိပ္ပာယ်ရှိသော စာများကို ရေးဖွဲ့နိုင်ပါသည်။

စက္ကန့်ပိုင်းအတွင်း အဖြေထွက်အောင် စက်ကို ခိုင်း၍ရပါသည်။

စာရေးဆရာ အာသာကလပ် (Arthur Clarke) က “တိုးတက်သော စက်မှုထွက်ကုန်များသည် လူတို့အတွက် မျက်လှည့် များသဖွယ်” ဖြစ်သည်ဟု ရေးခဲ့ပါသည်။

ကျွန်တော်သည် ထိုအချိန်မှာ ‘Wizard of Oz’ ရုပ်ရှင်ကားကို သတိရလိုက်မိသည်။ လေဆင်နှာမောင်းနှင့် ရှိသမျှ လူများ၊ အရာအားလုံးကို ခေါ်သွားရာမှ လူ၏ အခြေအနေအားလုံး ပြောင်းလဲသွားရပုံကို ပုံဖော်ထားသည်။

ရုပ်ရှင်တွင် အရောင်မရှိသည့် အဖြူ အမည်းမှ ကာလာရောင်စုံတွေနှင့် ခေတ်ထဲ ရောက်သွားသည်။ ကျွန်တော်တို့သည် လေဆင် နှာမောင်းနှင့် အတိုက်ခံရသည့်လူလို ဖြစ်နေသည်။ ဤအခြေအနေကို ပရိုမီသီယံ (Promethean moment) ဟု ခေါ်ပါသည်။

လူ့သမိုင်းတွင် ပစ္စည်းအသစ်များ ပေါ်ပေါက်ခြင်းနှင့်အတူ အတွေးသစ်၊ အမြင်သစ်၊ စွမ်းရည်အသစ်များကို တွေ့ရပြီးနောက် ယခင်တွေ့ခဲ့ရသည့် ပစ္စည်းအခြေအနေများနှင့် ကွဲလွဲသွားသည်။ သင့်အဖို့ အခြေအနေ တစ်ခုတည်းကို ပြောင်းလဲ၍မရ။

အရာအားလုံးကို ပြောင်းလဲလိုက်ရပြီး မတူသော အခြေအနေတခုသို့ ရောက်ရှိသွားရပါသည်။

သင် ဖန်တီးသည်မှာလည်း ပုံစံအသစ်၊ အများနှင့် ယှဉ်ပြိုင်ရပုံ၊ သင့်ပတ်ဝန်းကျင်နှင့် ဆက်သွယ် အလုပ်လုပ်ပုံ၊ သင့်အလုပ်အကိုင် သင်ယူပုံ၊ အုပ်ချုပ်ပုံ၊ လူတယောက်ကို လှည့်စားလိုက်ပုံ၊ ပြစ်မှုကျူးလွန်ပုံ၊ သင် စစ်တိုက်ခိုက်ပုံတို့သည် ပုံစံအသစ်များချည်း ဖြစ်သည်။

ပရိုမီသီယံ အချိန်သည် အသစ်တီထွင်မှု တခုကြောင့် ရလာမည့်၊ ဥပမာ- ပုံနှိပ်သည့်ပညာ သို့မဟုတ် ရနွေးငွေ့ဖြင့် မောင်းသည့် အင်ဂျင်တို့ကြောင့် အနေအထား ပြောင်းလဲသွားရသည်နှင့် မတူပါ။

Technology Super Cycle ဟု ဆိုအပ်သော ကျွန်တော်တို့ ခံစားနိုင်သော အနေအထား၊ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလိုက်ပုံ၊ အလုပ်လုပ်ပုံ၊ သင်ယူပုံ၊ ခွဲဝေသုံးစွဲမှုနှင့် အေအိုင် အသုံးပြု၍ ဆောင်ရွက်ပုံများ ပါဝင်ပါသည်။ သင်၏ မော်တော်ကားမှသည် ရေခဲသေတ္တာ၊ စမတ်ဖုန်းမှ ဖိုက်တာဂျက်များ စသည်တို့မှ အစပြု၍ အသုံးအဆောင်များမှာ တနေ့တခြား တိုးပွားနေကြပါသည်။

ကျွန်တော်တို့ခေတ်သည် အရှိန်အဟုန်ဖြင့် တိုးတက်နေသည့်ခေတ် ဖြစ်ပါသည်။ ပုံကြီးချဲ့၍ရသော ဒီမိုကရေစီစနစ် ထွန်းကားသည့်အချိန် ဖြစ်ပါသည်။

အတိုးနှုန်းသက်သာစွာဖြင့် စားစရာ သောက်စရာများကို ဝယ်ယူနိုင်ပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေပါသည်။

အဖြစ်အပျက်များသည် လူများထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကျွန်တော်တို့ တွေးနိုင်ကြသည်ထက် ပို၍ မြန်မြန်ကြီး တိုးတက်နေပါသည်။

လူတို့၏ ဘိုင်အိုလိုဂျီ၊ ဖူးရှင် (Fusion) စွမ်းအင်၊ ပတ်ဝန်းကျင်၊ ရာသီဥတု ပြောင်းလဲမှုဟူ၍ မဖြေရှင်းနိုင်ဘူး ထင်ရသည့် ပြဿနာများကို ဖြေရှင်းနေကြသည်မှာ အံ့အားသင့်ဖွယ် ဖြစ်ပါသည်။ ဂူးဂဲလ်၏ မိခင်ကုမ္ပဏီ ဖြစ်သည့် Deep Mind က Alphafold စနစ်ကို အသုံးပြု၍ သိပ္ပံပညာရှင်များ ဘဝတခုလုံး မဖြေရှင်းနိုင်ဘူး ယူဆထားသည့် လူ့ကိုယ်ခန္ဓာ ဖွဲ့စည်းပုံ၊ သက်ရှိ သတ္တဝါတို့ အလုပ်လုပ်ပုံကို ရှင်းပြဖူးပါသည်။

ပရိုတိန်း တခုစီသည် သုံးဘက်မြင် (three dimension) ဖြင့် တည်ဆောက်ထားပြီး ၎င်းတို့တခုစီသည် အဓိပ္ပာယ်သီးသန့် ရှိကြပါသည်။

ဤပရိုတိန်းပုံရိပ်ကို နားလည်လာသည်နှင့်အမျှ လူတို့၏ ရောဂါဝေဒနာများနှင့် ၎င်းတို့ကို ကုသသည့် ဆေးများ ဖော်စပ်ရာတွင် အသုံးဝင်ကြပါသည်။

၂၀၂၁ ခုနှစ်က အမေရိကန်နိုင်ငံ ပါတီနှစ်ခုလုံး စုပေါင်းထုတ်ဝေသည့် အစီရင်ခံစာတွင် Alphafold သည် မီတာတက်ခနိုလိုဂျီ ဖြစ်သည်ဟု ဆိုထားပါသည်။

မီတာတက်ခနိုလိုဂျီ ဆိုသည်မှာ ဘာသာရပ်ပေါင်းစုံ တွင် (discovery) တွေ့ရှိမှုမျိုးစုံတို့အတွက် အရေးပါအရာရောက်ပါသည်။

ချပ်ဂျီတီပီ မှာလည်း မီတာတက် ခနိုလိုဂျီတခု ဖြစ်ပါသည်။

၎င်းက ဘာသာရပ်ပေါင်းစုံတွင် ပြဿနာအမျိုးမျိုးရှိကြရာ ယင်းတို့ကို ဖြေရှင်းပေးနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည် စာအုပ်များကို မဖတ်ရဟူ၍ တားမြစ် (Ban) နေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့နည်းရှိပြီဆိုလျှင် လူတို့အနေနှင့် အသင့်ဖြစ်ပြီလားဟု မေးစရာရှိပါသည်။

နောက်ဆုံး ကျွန်တော်တို့ အသက်ကို အန္တရာယ်ပြုနိုင်သည့် တီထွင်မှုမှာ နျူကလီးယာ နည်းပညာ ဖြစ်ပါသည်။ ၎င်းသည် သင်၏

ပတ်ဝန်းကျင်ကို အလင်းရောင်များဖြင့် ထွန်းလင်းစေနိုင်သကဲ့သို့ လူတို့ကို ကမ္ဘာမြေပြင်မှ ပျောက်ကွယ်မျိုးတုံးသွားအောင် သုတ်သင်နိုင်ပါသည်။

သို့သော် ကလီးယားစွမ်းအင်မှာ အုပ်ချုပ်သူ အစိုးရများ၏လက်ထဲတွင် ရှိပြီး အစိုးရကိုလည်း ထိုက်တန်စွာ အသုံးချနိုင်အောင် စီစဉ်ပေးမည့် လူများနှင့် ဝိုင်းရံထားပါသည်။

အေအိုင်မှာ ပရိုက်ဗိတ် ကုမ္ပဏီများ ထိန်းချုပ်ထားရာ အမြတ်အတွက် အလုပ်လုပ်နေကြသော ပုဂ္ဂလိကတို့၏ လက်ထဲတွင် ရှိပါသည်။ အေအိုင်သည် လူတို့ အသုံးချနိုင်သည့် ပစ္စည်းကိရိယာ ဖြစ်နိုင်သလို လူတို့ကို ဒုက္ခပေးမည့် စစ်၏ လက်နက် ကိရိယာလည်း ဖြစ်ပါသည်။

ပရိုက်ဗိတ်ကုမ္ပဏီများ၏ လက်ထဲတွင် အသုံးပြုနိုင်သော စွမ်းအားသည် တဟုန်ထိုး တိုးတက်နေပါသည်။ 

ကလေးတစ်ယောက်ကို ရေထဲမှာ နေနိုင်စေရန် ရေထဲသို့ ပစ်ချထားရုံဖြင့် မဖြစ်နိုင်ပါ။ ၎င်းကို ထိန်းသိမ်းစောင့်ရှောက်မည့် အစောင့် လိုပါသည်။


( ၃ )

ချပ်ဂျီတီပီ ကို ဝက်ဆိုက်ပုံစံဖြင့် မေး၍ရနေပါပြီ။

မေးသမျှကို ဖြေပေးနေသည်။ ချပ်ဂျီတီပီကို ဗားရှင်း ဘယ်လောက်လဲဟု မေးတော့ သူ့မှာ ဗားရှင်းနံပါတ် မရှိပါ။

နောက်ဆုံးပေါ် ရသမျှ အချက်အလက်များဖြင့် အမြဲပုံမှန် (Up date) လုပ်နေပါသည်ဟုသာ ဖြေသည်။ “ခါနွေဆန်းချိန်” (Spring) ကို စာစီစာကုံးပုံစံ ရေးပါဟု ခိုင်းကြည့်တော့ သဘာ၀ အလှအပများဖြင့် ဝေဝေဆာဆာ ရေးသည်။

မြန်မာလို ပြန်ခိုင်းတော့ ရောက်တတ်ရာရာ ရေးချင်ရာတွေ ရေးသည်။

အဆင်သင့် မဖြစ်သေး။ ခါနွေဆန်း စာစီစာကုံးကို “သစ်ရွက်ရော်ရီ၊ အိန္နနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့ … ” အစချီ ရတု၏သာယာပုံကိုဖွဲ့သော ရှင်ဥတ္တမကျော် တောလားနှင့် ခမ်းနားသော စာစီစာကုံး ရေးတတ်ရန်ကိုမူ ကျွန်တော်တို့ အချိန်ကို စောင့်ရပါဦးမည်။

ကိုသန်းလွင်

Ref: Our New Promethean Moment by Thomas Frieman, N.Y Times March 23.2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar