Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၉ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၉ )

(မိုးမခ) မတ် ၂၈၊ ၂၀၂၃

27/3/23

Diary in the darkness

ညက ကောင်းကောင်းအိပ်မပျော် ။

မီးပျက်။ ခြင်ကိုက်။ အတွေးတွေက ဟိုရောက်ဒီရောက်။ 

တရုတ် သမ္မတ ရှီ ဘာကြောင့် ရုရှားသမ္မတ ပူတင်နဲ့ သွားတွေ့ရတာလဲ။ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဘာကြောင့် စစ်တပ်နဲ့ အပစ်ရပ်လိုက်ရတာလဲ။ တရုတ် ဖိအားပေးတိုင်း လုပ်ရမှာလား။ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေရဲ့ မျက်နှာကိုမှမထောက်။ ခုတော့ စစ်တပ်က မြောက်ပိုင်းမှာ ရှိတဲ့ သူ့စစ်တပ်တွေကို ပြန်နုတ် စုစည်းပြီး ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ အခြားတိုင်းရင်းသားနယ်မြေတွေကို ထိုးစစ်ဆင်နေပြီ။ မြဝတီနဲ့ ကော့ကရိတ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီ။ NUG က ပြည်သူတွေကို အကာအကွယ် မ‌ပေးနိုင်တော့ဘူးလား။ အနောက်ဥရောပနဲ့ အမေရိကန်ကရော NUG နဲ့ PDF တွေကို လက်တွေ့ကျကျ မကူနိုင်တော့ဘူးလား။ လူ့ အခွင့်အရေးတို့ ဒီမိုကရေစီရေးတို့ ဆိုတာ “လေ” နဲ့တိုက်လို့ ရမယ်လို့ ထင်နေသလား။ 

စိတ်ထဲက မခံချိမခံသာ ဖြစ်နေတယ်။ သေသေချာချာ စဥ်းစားမိပြန်တော့ တရုတ်ကလည်း တရုတ်နိုင်ငံရဲ့ အခြေအနေအရ သူ့နိုင်ငံက အင်အားရှိဖို့လိုတယ်။ အမေရိကန်တခုတည်းကိုသာ ကမ္ဘာက အားကိုးရတဲ့ နိုင်ငံဖြစ်နေတဲ့ အခြေအနေကို သူ မလိုလား။ သူ့ကိုလည်း ကမ္ဘာက အားကိုးရမယ်။ သူလည်း အမေရိကန်လို အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်လာရရမယ်။ အဲဒီလိုဖြစ်ဖို့ သူ့အတွက် သူစီးပွားရေးအင်အား တောင့်ဖို့လိုမယ်။ စီးပွားရေးအင်အားတောင့်ဖို့ ရေနံတွေ ဈေးသက်သက် သာသာနဲ့ ရဖို့လိုမယ်။ လက်ရှိ အခြေအနေမှာ ရုရှားက ရေနံတွေ အောက်ဈေးနဲ့ရမယ်။ ရုရှားက စစ်ဒဏ်ကြောင့် စီးပွားပျက်ကာ ရေနံကို အောက်ဈေးနဲ့ ရောင်းနေရတော့မယ်။ အဲဒါကြောင့် တရုတ်သမ္မတ ရှီတစ်ယောက် ရာဇဝတ်သား ပူတင်ဆီ အ‌ရောက်သွားရတယ်။ ငြိမ်းချမ်းရေးအလံကိုထောင်ကာ သွားသဖြင့် နိုင်ငံရေးဂုဏ်သိက္ခာလည်း ထင်သလောက်မကျ။ အင်အားချိန်ခွင်ညှာ ညှိပေးတာပါလို့ သူက အကြောင်းပြတော့ ဟုတ်သလိုလို။ သူသာလျှင် ငြိမ်းချမ်း‌ရေးနဲ့ တရားမျှတရေးကို လိုလားသယောင်။ ပူတင်က ယူကရိန်းကို ကျူးကျော်တာကိုတော့ သူက မသိယောင်ဆောင်နေတယ်။ စကားထဲ ထည့်မပြော။ တရုတ်က ရုရှားနဲ့ အဆင်ပြေတော့ အိန္ဒိယနဲ့လည်း နယ်နိမိတ်ပြဿနာ ဖြစ်တာ နည်းနည်း သက်သာမယ်။ အိန္ဒိယ သမုဒ္ဒရာကိုလည်း သူမျက်စောင်းထိုးလို့ရမယ်။ သူ့အတွက်ကတော့ ရုရှား မျက်ဖြူဆိုက်လေ အကြိုက်တွေ့လေပဲ။ 

ရုရှားကရော ခုလို အထီးကျန်ဖြစ်ပြီး စစ်ရေး ရေတိမ်နစ်နေချိန်မှာ တရုတ်ရဲ့ လက်ကမ်းမှုဟာ သူ့အတွက် မြက်ပင်တပင်ပါပဲ။ နှစ်ယောက်လုံးက အင်အားအကြီးဆုံးဖြစ်ချင်နေတဲ့ အာဏာရှင်တွေ ဆိုတော့ တနေ့နေ့ ထိပ်တိုက်တွေ့မှာပါပဲ။ ဒါတွေက နောင်ခါလာ နောင်ခါစျေးပေါ့ ။ ခုတော့ သေရေး ရှင်ရေးက အဓိက။ မချစ်ပေမယ့် အောင့်ကနမ်းလိုက်ကြတာပါ။ 

အဲဒါတွေထက် ကျနော်တို့ နွေဦးတော်လှန်ရေးကလည်း အင်အားကြီးတွေအပေါ် တိုက်ရိုက်မှီ ရတော့မယ့် အခြေအနေပါ။ ဒေါ်အောင်ဆန်းစုကြည်က အင်အားကြီးတွေအပေါ်  မှီခိုမှုနည်းနိုင်သမျှနည်းအောင်ကြိုးစားခဲ့ပေမယ့် အင်အားကြီးတွေအပေါ်မှီပြီး အာဏာလိုချင်သူတွေနဲ့ အင်အားကြီးတွေရဲ့ လောဘတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ ပြည်တွင်းအင်အားစုတွေ အချင်းချင်း ရင်ကြားစေ့တာ မအောင်မြင်ခဲ့ပါဘူး။ 

ခုတော့ နွေဦးတော်လှန်ရေးဟာ နှစ်ဖက်အင်အားစုတွေ ခွင့်ပြုတဲ့ အတိုင်းအတာ တခုအထိပဲ လှုပ်ရှားနိုင်တော့မယ်ထင်ပါတယ်။ အင်အားကြီးတွေက သူတို့အကျိုးစီးပွား ကန့်သတ်ချက်အရ တိုက်ဆိုတိုက် ၊ ရပ်ဆို ရပ်ရတော့မှာပါ။ အင်အားကြီးတွေရဲ့ မဟာဗျူဟာ အောင်မြင်ရေးအတွက် ကျနော်တို့ အချင်းချင်း ကြားခံစစ်ပွဲတွေ ခင်းကျင်းကြရတော့မယ့် အနေအထားပါ။ 

မြောက်ပိုင်းအဖွဲ့ ခုနှစ်ဖွဲ့ကတော့ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တရုတ်စကားနားထောင်လိုက်တာဟာ သူတို့ အထိအခိုက်နည်းပြီး အင်အားစုဆောင်းနိုင်မယ်၊ မြန်မာစစ်အာဏာရှင် လက်အောက်မှာ နေရတာထက် တရုတ်လက်အောက်မှာ နေရတာက တော်သေးတယ်လို့ သဘောထားမှာ သေချာပါတယ်။ လက်တွေ့လည်း ကျပါတယ်။ တနိုင်ငံလုံး ဒီမိုကရေစီရရှိရေးဆိုတာ နောက်တဆင့်ပေါ့ ။ လတ်တလောမှာ ကိုယ့်လူမျိုး ကိုယ့်ဒေသ အထိုက်အလျောက် တိုးတက်ရေးပဲ ကြည့်ရမှာပါ။ 

NUG ကလည်း အိမ်နီးချင်းအင်အားကြီးနိုင်ငံနဲ့ ဆက်ဆံရေးမပျက်ဖို့ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဖို့ ကြိုးစားရင်း အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ကောင်းကောင်းနဲ့ ရပ်တည်နိုင်အောင် ရုန်းကန်ရပါဦးမယ်။ 

ပြည်သူတွေကတော့ အင်အားကြီးနိုင်ငံတွေနဲ့ ပြည်တွင်းလက်နက်ကိုင်တွေကြား သံတမန်ရေး ရာသီဥတုကို အမှီပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုင်းပြည်ပြန်လည်ထူထောင်ရေးကို ဦးလည်မသုန် ဆောင်ရွက်ဖို့က လွဲပြီး အခြားမရှိပြီ။ 

ဒီဆောင်းပါးရေးနေချိန်မှာပဲ ကော့ကရိတ်၊ မြဝတီ တိုက်ပွဲကြောင့် မီးလောင်ပြင်ဖြစ်နေတဲ့ မြို့ရွာတွေ၊ ပိုးစိုးပက်စက် သေကျေနေတဲ့ ရုပ်အလောင်းတွေရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာ ပလူပျံနေပါတယ်။ 

အိပ်မပျော်တဲ့ ညတွေ ဘယ်လောက်များ ဖြတ်သန်းရဦးမှာလဲ ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar