Breaking News

ပြည်တွင်းစစ်ကာလအတွင်း စစ်တပ်ရဲ့ ထပ်မံကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတခု

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၂ မြင်ကွင်း

(မိုးမခ) မတ် ၁၃၊ ၂၀၂၃

 

ပြည်တွင်းစစ်ကာလအတွင်း စစ်တပ်ရဲ့ ထပ်မံကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတခု 

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော်ကြီး ၃ ပါးအပါအဝင် အရပ်သား ၃၀ နီးပါးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က သတ်ဖြတ်ခဲ့တယ်လို့ KNDF ကယန်းအမျိုးသားကာကွယ်ရေး တပ်က မတ်လ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပင်လောင်းမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားနေတဲ့ နမ်းနှိမ်ကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ တိုက်ပွဲရှောင်နေတဲ့ အရပ်သားတွေကို စစ်ကောင်စီဘက်က သတ်ဖြတ်တာလို့ ယူဆရပါတယ်။ 

ဘုန်းတော်ကြီးကျောင်း အပြင်ဘက် လှေကားအဆင်း နံရံအနီးမှာ ဘုန်းတော်ကြီးတပါးအပါအဝင် အရပ်ဝတ်နဲ့  သေဆုံးနေတဲ့ အမျိုးသားတွေရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ၃ ပါး အပါအဝင် အရပ်သား ၃၀ အသတ်ခံရတယ် ဆိုတဲ့ သတင်းက ကြားရသူတွေကို ထပ်မံတုန်လှုပ်စေတာ ဖြစ်ပါတယ်။ အရပ်သားတွေကို စစ်ကောင်စီက ဘယ်လို သဘောမျိုးနဲ့ သတ်တာလဲ အခုလောက် အရေအတွက် ၃၀ နီးပါးကို တနေရာတည်း၊ အဖြစ်အပျက်တခုတည်းမှာ သတ်ဖြတ်တာဟာ ဘယ်လောက်ထိ ရက်စက်သလဲဆိုတဲ့ ခံစားချက်မျိုး  အတွေးမျိုးတွေးမိကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကို စစ်ဆင်ရေးသွားရာ နေရာတိုင်း တွေ့သမျှ အရပ်သားတွေက သူပုန်တွေဆိုတဲ့ ဦးနှောက်ဆေးကြောတဲ့ ဝါဒဖြန့်မှုတွေ ရိုက်သွင်းထားပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ရက်စက်စွာ လက်တုံ့ပြန်ဖို့ စစ်တပ်ကို ဝါဒဖြန့်ချိထားပုံရပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၊ ဒီပဲယင်း လက်ယက်ကုန်း စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှု၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို လေကြောင်းမှ တိုက်ခိုက်ပြီး ဝင်စီးနင်းမှု စတဲ့ အဖြစ်အပျက်တွေက ယခင်နှစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ ဒါဇင်နဲ့ ချီတဲ့ အရပ်သားတွေ ၊ ကလေးသူငယ်နဲ့ အမျိုးသမီးတွေပါ အသက်ဆုံးရှုံးရမှုတွေ ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်တွေ ၂၄  ခုကနေ ၃၂ ခုထိရှိတယ်လို့ အချက်အလက် စောင့်ကြည့် မှတ်တမ်းတင်တဲ့ အစီရင်ခံစာတွေ ထုတ်ပြန်ချက်တွေက ဆိုကြပါတယ်။ ဒီလို အရပ်သား သတ်ဖြတ်ခံရမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ခုံရုံး၊ တရားရုံးတွေမှာ အရေးယူခံရအောင် NUG က ကြိုးစားနေတယ်လို့လည်း သတင်းတွေမှာ ဆိုပါတယ်။ သို့ပေမဲ့ လတ်တလောအချိန်အထိတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟေ့ဂ် မြို့မှာတည်ရှိတဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက အမှုကိစ္စကလွဲလို့ အခြားသော အမှုတွေနဲ့ ဆင့်ခေါ်နိုင်ခြင်း စွဲဆိုနိုင်ခြင်း မရှိသေးပါဘူး။ 

ICC လို့ခေါ်တဲ့ Rome Statute မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအပေါ် ဆင့်ခေါ်စီရင်နိုင်တဲ့ စာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့် အရေးယူဖို့ အကျုံးမဝင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးစုတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့စဥ်က ကျေးရွာသူ ကျေးရွာသား ကလေးသူငယ်ပါမချန် ကျေးရွာတရွာမှာ ရာနဲ့ချီတဲ့သူတွေကို သတ်ဖြတ်ပြီး ကျေးရွာကို မီးတင်ရှို့ကာ ဒီနေရာမှာ ကျေးရွာရှိခဲ့တယ်ဆိုတဲ့ အထောက်အထားပါ မကျန်အောင် ဖျက်ဆီးခဲ့တဲ့ ရက်စက်မှုမျိုး လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးတွေကို မြန်မာအစိုးရ စစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အချိန်အားဖြင့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ လူမျိုးစုတွေ အရပ်သားတွေကို အာဆာ လက်နက်ကိုင် အဖွဲ့ဝင်တွေ၊ ထောက်ခံအားပေးသူတွေ အဖြစ် စွပ်စွဲကာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှု လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို မတားဆီးနိုင်ခဲ့ကြခြင်းက မြန်မာနိုင်ငံအဖို့ ကံဆိုးခြင်းတရပ်ပင် ဖြစ်ပါတယ်။ အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တရားစွဲဆိုမှုကို မြန်မာနိုင်ငံက အန်အယ်လ်ဒီပါတီ၊ အစိုးရအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် အချို့တို့နဲ့ ထောက်ခံသူအများအပြားက မြန်မာနိုင်ငံအပေါ်  နိုင်ငံတကာက အနိုင်ကျင့်မှုတခုအဖြစ်၊ အိုအိုင်စီနိုင်ငံတွေရဲ့ အာဂျင်ဒါ အဖြစ် ရှုမြင်ကာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကာကွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်အာဏာရှင်တပ်ဟာ စစ်ကိုင်းတိုင်းမှာ၊ မကွေးတိုင်းမှာ၊ ကချင်ပြည်နယ်မှာ စစ်ကောင်စီက အရပ်သားတွေ ကျေးရွာသူ ကျေးရွာသားတွေကို သူပုန်တွေ ဆိုတဲ့ စွပ်စွဲချက်နဲ့ စိစစ်ခြင်းမရှိ အလွယ်တကူ ဖမ်းဆီး သတ်ဖြတ်တာ ညှဉ်းပန်းနှိပ်စက်တာ၊ နေအိမ် ကျေးရွာတွေ ဖျက်ဆီးတာတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ပင်မ လူအင်အားစုဆောင်းရာ ဒေသတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ ပထမဆုံးအကြိမ်အဖြစ် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေပြီ ဖြစ်ပါတယ်။ 

ဒီလို သတ်ဖြတ်မှုတွေ နောက်ထပ် မဖြစ်ပွားနိုင်အောင် ဘယ်လို နည်းလမ်းရှာ တားဆီးကြမလဲဆိုတာလည်း စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တတ်နိုင်သမျှ စဥ်းစား လုပ်ဆောင်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်လေလေ မြန်မြန် ကျဆုံးလေလို့ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ အတွေးအခေါ်မျိုးထက် အရပ်သား ပြည်သူလူထုကို ကာကွယ်နိုင်မယ့် နည်းလမ်း မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်သင့်တယ်လို့ မြင်မိပါတယ်။ တိုက်ပွဲတွေကို ဘယ်လို ဒေသတွေမှာ ဖော်ဆောင်မလဲ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ဘယ်လို ဒေသတွေမှာ စခန်းချ အခြေစိုက်ကာ လှုပ်ရှားကြမလဲ စတဲ့ မဟာဗျူဟာ နည်းဗျူဟာအရ လူထု အထိအခိုက်နည်းမယ့် နည်းလမ်းမျိုးနဲ့ စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းဖို့ စဥ်းစားလုပ်ဆောင်ကြဖို့ အရေးတကြီး လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar