နေသွင်နိုင်း - လေထုရဲ့အစွန်းအဖျား
လေထုရဲ့အစွန်းအဖျား
နေသွင်နိုင်း
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၃
မာလာရှမ်းကောထဲ အသားစတခု အသားတုလို ပေါ်လာတယ်
ဆာဖြယ်ထဲ လက်တချောင်း လက်ခလယ်ထောင်ပြလို့
ကမ်းနားပွဲတော်ရဲ့အသုပ်စုံထဲ သွေးသံရဲရဲမျက်လုံးတလုံး
ငါးကင်ကို ဆွဲဖြဲလိုက်တဲ့အခါ
ပိုင်ရှင်မရှိတော့တဲ့ ခဲတံတချောင်း
ဗလာစာအုပ်တအုပ်
"နေ့စဥ်တရား"ဟာ တော်လှန်ရေးလို့ မရှုမှတ်သေးရင်
မင်းရဲ့အိမ်တံခါးဖွင့်တဲ့အခါ
မာရ်နတ်ဟာ မအေလိုးမျက်နှာနဲ့ ရောက်ရှိလာအုံးမှာ။
ကိတ်မုန့်ကိုခွဲလိုက်တော့ ရွာစည်းရိုးတရိုးစာ အူတွေ ပွက်ထ
ကေတီဗီစာသားကိုလိုက်ဖတ်တော့ ဘုရားရုပ်တုပြာသားအပြည့်
သီးစုံဖျော်ရည်ထဲ ပြည်တည်နာလို သွေးခဲစုကြီးတခု
ချောကလက်ထဲ ကိုယ်ဝန်ဆောင်မိန်းမတယောက်ရဲ့ အကျိအချွဲများ
ဇိမ်ခံကားကိုရေမွှေးဖျန်းလိုက်တော့ ငရဲဟာ တရွှီးရွှီး ပန်းထွက်
"နေစဥ်တရား"ဟာ တော်လှန်ရေးလို့ သတိမကပ်သမျှ
မင်းညီမလေးရဲ့ အခန်းထဲ
မကောင်းဆိုးဝါးတကောင်ဟာ မအေလိုးမျက်နှာနဲ့ တက်အိပ်နေတော့မှာ။
ရေကူးကန်ထဲ အဖိနှိပ်ခံအလောင်းတွေ တောင်လိုမို့မောက်ပြန့်ကျဲ
ကြယ်ငါးပွင့်ဟိုတယ်ထက်က မီးဆိုင်းမှာ အမည်မသိ ဦးခေါင်းပြတ်များ
မွေးနေ့ပန်းခြင်းမှာ
မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်ရတဲ့မိန်းမတယောက်ရဲ့
ကယ်ပါယူပါအော်သံများ
မီးပွိုင့်မှာ ဖြူကာပြာကာကျနေတဲ့ ကျေးရွာတခု
မြို့ပျက်တခု နိုင်ငံတခု အလောင်းပုံတခု အရိုးစုတခု စပါးခင်းတခု
သားသတ်ရုံထဲ မီးစွဲနေတဲ့ပိတောက်ရနံ့နဲ့
"နေ့စဥ်တရား"နဲ့ "နေစဥ်တရား"မှာ တော်လှန်ရေးကို ဝင်ထွက်မှတ်လို့
နိဗ္ဗာန်ကိုနောက်ဆုံးထား
ပန်ဒိုရာတောအုပ်ထဲ နွေတရားပွင့်ဖို့ ငရဲတံခါးဖွင့်ရမယ်ဆိုလည်း
လာကြလေ
ရဲရဲတောက်ညီအစ်ကိုတို့ ရှေ့တန်းထွက်ကြပြီ။
အအိပ်ကြီးနေကြတဲ့ပုဆိုးခြုံထဲက လက်သီးတွေလည်း လာကြ
အသာနေလို့ အသေနာကြအုံးမှာလား
မအေလိုးကို မင်းအိမ်တံခါးဝရောက်တဲ့အထိ စောင့်မနေနဲ့
မအေလိုးကို မင်းညီမအခန်းထဲရောက်တဲ့အထိ စောင့်မနေနဲ့
မအေလိုးကို မင်းရဲ့အစာအိမ်ကို ဆွဲဖြဲတဲ့အထိ စောင့်မနေနဲ့။
ဂျူပီတာတိမ်တိုက်ထဲက ဝေလငါးတွေလို
လေထုရဲ့အစွန်းအဖျားအထိ ငါတို့ချီတက်ကြမယ်။
နောင်ဘုရားအဆူဆူပွင့်လို့
အတိတ်ဇာတ်ကြောင်းဟောကြားတော်မူတဲ့အခါ
ငါတို့ဟာ တိုင်းပြည်တခုမှာ
နွေတရားပွင့်ဖို့ အသက်နဲ့ပါရမီဖြည့်ခဲ့ကြတယ်လို့
ပေါက္ခရဝဿမိုးကြီး ရွာချင်ရွာချ လာအုံးမှာ ။ ။
12.4.2023,Wed
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar