လှကျော်ဇော - ဒီမိုကရေစီ ရှာပုံတော်
လှကျော်ဇော - ဒီမိုကရေစီ ရှာပုံတော်
(မိုးမခ) ဧပြီ ၁၁ ၊ ၂၀၂၃
ဒီမိုကရေစီပဲဖြစ်ဖြစ် လူ့အခွင့်အရေးပဲဖြစ်ဖြစ် အဓိပ္ပာယ်ဖွင့်ဆိုရာမှာ မတူညီတဲ့ ကွဲပြားတဲ့ အမြင်တွေ အယူအဆတွေ ရှိနေတတ်ကြပါတယ်။ မျက်မှောက်မှာ အမေရိကန် အမှူးပြု လုပ်လုပ်နေတဲ့ "ဒီမိုကရေစီ ဖိုရမ်" လို ကင်ပိန်းတွေနဲ့ တရုတ်ရဲ့ တုံ့ပြန် ကင်ပိန်းတွေက ရှေ့တန်းရောက် "သဘောတရားရေး" ကမ်ပိန်းတွေလို ဖြစ်နေပါတယ်။
၁၉၉၈-၂၀၀၃ ခုနှစ်အတွင်း တရုတ်ပြည်ရဲ့ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ကျူးရုံကျီးကို အဲဒီကာလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်အောဘရိုက်က တရုတ်ပြည် ခရီးစဉ်အတွင်း တွေ့ဆုံစဉ်- ဒီမိုကရေစီတရားတို့၊ လူအခွင့်အရေးအကြောင်းတို့ကို တွင်တွင်ဟောပြောပါတယ်။
မယ်ဒလင် အောဘရိုက် ပြောသမျှကို ဆုံးအောင်နားထောင်ပြီးမှ -ကျူးရုံကျီးက "ဪ ဒါနဲ့ ခင်ဗျား ဘယ်တုန်းက မွေးသလဲ"လို့ မေးပါတယ်။
"ကျွန်မက ၁၉၄၆ မှာ မွေးတာပါ"လို့ အောဘရိုက်က ဖြေပါတယ်။
"ဒါဖြင့် ကျွန်တော်က ခင်ဗျား မမွေးခင်ကတည်းက တရုတ်ပြည်ရဲ့ ဒီမိုကရေစီနဲ့ တရုတ်ပြည်သူတွေရဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့တာပါ" လို့ ကျူးရုံကျီးက ပြန်ပြောပြီး သူ့ကို အံ့သြသလို၊ မယုံသလို ကြောင်ကြည့်နေတဲ့ အောဘရိုက်ကို ဒီလို ရှင်းပြခဲ့ပါတယ်။
"တရုတ်ပြည်ဟာ ချနိကေရှိတ်ရဲ့ကူမင်တန် အစိုးရအောက်မှာ အလွန်ရက်စက်စွာ ဖိနှိပ်ခံရပြီး ဘာဒီမိုကရေစီမှ၊ ဘာလူ့အခွင့်အရေးမှ မရှိပါဘူး။ ဒါတွေကြောင့် ဒီလိုမျိုး အစိုးရကို ဖြုတ်ချဖို့ တရုတ်ပြည်သူတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ ဘက်ပေါင်းစုံက တိုက်ပွဲဝင်ခဲတာ ၁၉၄၉ မှာမှ တိုင်းပြည်ဟာ ကူမင်တန်လက်အောက်က လွတ်မြောက်ခဲ့တာပါ။ ကျွန်တော်ဟာ ၁၉၄၅ ကတည်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ မြေအောက်ပါတီဝင်အဖြစ် ပါဝင်နေပါပြီ" တဲ့။
ဒါကို ကြည့်ရင် ဒီမိုကရေစီပဲဖြစ်ဖြစ် လူ့အခွင့်အရေးပဲဖြစ်ဖြစ် အဓိပ္ပာယ်ဖွင့်ဆိုရာမှာ မတူညီတဲ့ ကွဲပြားတဲ့ (လူတန်းစား)အမြင်တွေအယူအဆတွေရှိတယ် ဆိုတာ သိသာမြင်သာလှပါတယ်။
ဒီမိုကရေစီ ဆိုတဲ့ စကားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ဂရိနိုင်ငံက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က စလို့ ကမ္ဘာအရပ်ရပ်က ကမ္ဘာပြည်သူများဟာ ဒီမိုကရေစီ ရှာပုံတော်ဖွင့်ခဲ့တာပါ။
ဘာဖြစ်လို့ လူသားများဟာ ဒီမိုကရေစီကို လိုလားတောင့်တ ရှာပုံတော်ဖွင့်ခဲ့ကြရတာလဲ။
ရှင်းပါတယ်။ လူသားတွေအနေနဲ့ မတရားဖိနှိပ်မှုအမျိုးမျိုးကို ခံစားနေရလို့ပါ။
ဒီစကားလုံး စတင်ပေါ်ပေါက်ခဲ့စဉ်က ဂရိပညာရှင်များက ပြည်သူတွေရဲ့ အုပ်ချုပ်ရေးစနစ်-လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပေမယ့် အဲဒီစနစ်အတွင်း အမျိုးသမီးများနဲ့ ကျေးကျွန်များကို ထည့်သွင်းမထားပါဘူး။ သဘောကတော့ လူသားအားလုံး အကျုံးမ၀င်ဘူးပေါ့။
ဒါပေမဲ့ ပဒေသရာဇ် တသွေးတသံဘုရင်စနစ်နဲ့ အုပ်ချုပ်စဉ်ကာလမှာ ပေါ်ပေါက်လာတဲ့ ဒီစကားလုံးဟာ (ဘူဇွာတော်လှန်ရေးအတွင်း) အလွန်တိုးတက်တဲ့ တော်လှန်တဲ့လက္ခဏာဆောင်ပါတယ်။ နိုင်ငံရေးအာဏာအ၀န်းအဝိုင်းအတွင်း ပြည်သူတွေရဲ့ ပါဝင်လာနိုင်တဲ့ လမ်းစပါ။ ဒါကြောင့်ပဲ ခေတ်အဆက်ဆက်က ရှိခဲ့တဲ့ ဖိနှိပ်မှုမျိုးစုံကို တော်လှန်တဲ့၊ တိုးတက်တဲ့ လူသားများဟာ ဒီ ဒီမိုကရေစီ ဆိုတဲ့ အလံကို ကိုင်စွဲခဲ့ကြပါတယ်။
ဒါပေမဲ့ ပြည်သူလူထုကို အခြေခံထား စဉ်းစားတဲ့ လုပ်ဆောင်မှုတွေ သို့မဟုတ် အုပ်ချုပ်မှုတွေဟာ လူသမိုင်းတလျှောက် တော်တော်နဲ့ ပီပီပြင်ပြင် ဖြစ်မလာခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၂၀၀၀ နီးပါးတောင် ကြာခဲ့တာပါ။
၁၈ ရာစု စက်မှုတော်လှန်ရေးအပြီးမှာ ပေါ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးတို့၊ အမေရိကန်တော်လှန်ရေးတို့ အပြီးမှာတော့ ကမ္ဘာပထမဆုံး (ဘူဇွာအရင်းရှင်)သမ္မတနိုင်ငံ ၂ နိုင်ငံ ပေါ်လာပါတယ်။ ဒါတောင် ၂၀ ရာစုကုန်ခါနီးမှ အဲဒီနိုင်ငံတွေမှာ အမျိုးသမီးတွေ မဲပေးခွင့်ခဲ့ရခဲ့တာပါ။ အနှစ် ၂၀၀ စောင့်ခဲ့ရပါတယ်။
ဒါက ဒီမိုကရေစီရရှိရေးတိုက်ပွဲတွေဟာ တဆင့်ပြီးတဆင့် ရေရှည်တိုက်ရတယ် ဆိုတာကို ပြသနေပါတယ်။
နောက်ပိုင်း ကိုလိုနီနိုင်ငံများရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုများမှာ ဒီမိုကရေစီအရေး ပူးတွဲပါဝင်လာပါတယ်။ နိုင်ငံတွေအနေနဲ့ လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီအဆောက်အအုံတွေ တည်ဆောက်ဖို့ ကြိုးစားကြရာမှာ အခက်အခဲ အကွေ့အကောက် အတက်အကျအမျိုးမျိုး ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီအခွင့်အရေးများကို ပြည့်ပြည့်၀၀အကုန်ရရှိဖို့ ကာလရှည်ကြာ ကြိုးပမ်းလုံးပန်းနေကြရတာ တွေ့ရပါတယ်။
တကယ်တော့ လူသားတိုင်းဟာ မွေးဖွားလာစဉ်ကတည်းက အားလုံး တတန်းတည်း တူညီစွာ မွေးဖွားလာကြတာဖြစ်တယ်လို့ ယူဆပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခွင့်အရေးရရှိမှုတွေ ကွဲပြားကုန်ကြရပါတယ်။ ဒီတော့ တရားမျှတမှုမရှိဘူးလို့ ခံယူထားသူများ (အဖိနှိပ်ခံများ)က တရားမျှတမှုကို ရှာဖွေလာကြရင်းနဲ့ ဒီ -ဒီမိုကရေစီ-ဆိုတဲ့ လူသားတိုင်းအတွက် တူညီတဲ့ (စိတ်ကူးစံ)တန်ဖိုးတရပ်ကို ထုတ်ဖော်ခဲ့ကြတာပါ။ ဒီကြွေးကြော်သံကို စွဲကိုင်ပြီး တရားမျှတမှုကို ရှာရာမှာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအနေနဲ့ မိမိတို့ အခြေခံယဉ်ကျေးမှု၊ အခြေခံအယူအဆ အတွေးအခေါ်များနဲ့အညီ လွတ်လပ်စွာ ရှာဖွေခွင့်ရှိပါတယ်။ နိုင်ငံတိုင်းရဲ့ (သို့မဟုတ်) လူမျိုးတိုင်းရဲ့ ဒီမိုကရေစီတိုက်ပွဲများကို လေးစားအသိအမှတ်ပြုရမှာပါ။ ဘယ်နိုင်ငံကမှ ၀င်ရောက်ပြောဆိုဝေဖန်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ ဘယ်နိုင်ငံကမှလည်း ဒီမိုကရေစီကို လက်ဝါးကြီးအုပ်ထားခွင့်မရှိပါဘူး။
အထူးသဖြင့် အခု ၂၁ ရာစုအရောက်မှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲများဟာ ပိုမိုအားကောင်းလာနေပြီး ဒီမိုကရေစီရရှိ ထားတယ်ဆိုတဲ့ နိုင်ငံများရဲ့ အားနည်းချက်များကိုလည်း မြင်တွေ့လာနေရပါတယ်။ အဲဒီအားနည်းချက်များထဲမှာ နာဇီဂျာမနီလို အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲသွားနိုင်ခြေရှိတတ်တာလည်း ပါဝင်ပြီး အာဏာရှင်နိုင်ငံတွေ ပြုတ်ကျတာ၊ မခိုင်မြဲတာ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဘယ်ဒီမိုကရေစီစနစ်မှ ပြီးပြည့်စုံကောင်းမွန်နေတာ မတွေ့ရသေးပါဘူး။
၂၁ ရာစုဟာ ကမ္ဘာမှုပြုမှု အားကောင်းလာချိန်ဖြစ်တဲ့အတွက် သတင်းအချက်အလက် ပျံ့နှံ့မှုနဲ့ အဆက်အသွယ်များ ပိုမိုတိုးတက်ဖြစ်ထွန်းလာမှုများက- အဖိနှိပ်ခံများရဲ့ အသိအမြင်များကိုနိုးကြားစေနိုင်ပြီး၊ အခွင့်ထူးခံများရဲ့ဘ၀ကို ပိုမိုပွင့်ကျလာစေပါတယ်။
ဒါတွေဟာ ကမ္ဘာပြည်သူများရဲ့ ပိုမိုတရားမျှတတဲ့ (တနည်း)ဒီမိုကရေစီကျတဲ့ အုပ်ချုပ်မှုမျိုးရရှိရေးတိုက်ပွဲများ (ပြည်သူ့ဒီမိုကရေစီတိုက်ပွဲများ) ကို ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီကို မျှော်မှန်းနေတဲ့ နိုင်ငံတိုင်း လူမျိုးတိုင်းဟာ ဒီ ဒီမိုကရေစီရရှိရေး တိုက်ပွဲကြီးကို ဇွဲခတ်ပြီး မရပ်မနား ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဆက်ပြီး အားသွန်ခွန်စိုက် ကြိုးစားကြရအောင်ပါ။
လှကျော်ဇော
၆-၄-၂၀၂၃။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar