စစ်ကောင်စီက ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ဗုံးကြဲပြီး လူရာဂဏန်းနီးပါး သေဆုံး
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၁ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၃
စစ်ကောင်စီက ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ဗုံးကြဲပြီး လူရာဂဏန်းနီးပါး သေဆုံး
ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ပဇီကြီး လို့အမည်ရတဲ့ ကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပဖို့ ပြင်ဆင်စုဝေးနေကြစဥ်မှာ စစ်ကောင်စီ လေတပ်က တိုက်လေယာဥ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့လို့ ပွဲတက်ရောက်သူ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အပါအဝင် ကျေးရွာက အမျိုးသမီးနဲ့ ကလေးငယ်တွေ အနည်းဆုံး ၆၀ ကျော်ကနေ အများဆုံး ၁၀၀ စွန်းစွန်း သေဆုံးခဲ့တယ်လို့ သတင်းဖော်ပြမှုတွေ အရ မှန်းဆရပါတယ်။
သစ်နဲ့ အသစ်ဆောက်ထားပြီးခါစ အဆောက်အဦတလုံးက အကာအရံတွေ ဘာမျှမရှိတော့ပဲ တိုင်အရိုးတွေသာ ထီးထီးချည်းကျန်တဲ့ မြင်ကွင်း၊ ခေါင်မိုးမိုးထားတဲ့ သွပ်ပြားအပြာတွေက စက္ကူစတွေသဖွယ် အပိုင်းပိုင်းအစစ ပြတ်ထွက်ကာ အဆောက်အဦ ပတ်ပတ်လည်မှာ ပြန့်ကျဲနေတာ တွေ့ရသလို အချို့သော သွပ်ပြားတွေ နံဘေးက သစ်ပင်မှာပင် အစတွေ ချိတ်နေတာလည်း မြင်တွေ့ရပါတယ်။
အင်္ကျီ ပုဆိုးတွေမကပ်တော့တဲ့ အချို့သော သေဆုံးသူတွေရဲ့ ကိုယ်ခန္ဓာတွေ၊ အင်္ဂါမစုံတော့ပဲ တစစီဖြစ်နေတဲ့ သေဆုံးသူတွေရဲ့ မြင်ကွင်းက တိုက်လေယာဥ်က ပစ်ချတဲ့ ဗုံးက ပြင်းထန်သလို မီးလောင်ကျွမ်းမှုလည်း ရှိခဲ့ပုံရပါတယ်။ မီးလောင်ထားတဲ့ ဆိုင်ကယ်တွေ နဲ့အချို့သော အဆောက်အဦ ရဲ့ အပိုင်းအစတွေ လူတွေ ဒီမြင်ကွင်းတွေက တိုက်ပွဲတွေမှာ မြင်တွေ့နေကျ မြင်ကွင်းမျိုးမဟုတ်ပါဘူး။ သေဆုံးသူတွေထံမှာ လက်နက်လို့ ယူဆစရာ ဘာတခုမှ မမြင်တွေ့ရပဲ စစ်ကောင်စီဘက်က ဝါဒဖြန့်မှုတွေမှာတော့ အားလုံး PDF တွေလို့စွပ်စွဲတာသာ ဖြစ်ပါတယ်။
သတင်းတွေထဲမှာ ပြောဆိုထားတဲ့ ပြောဆိုမှုတွေအရ ကျေးရွာကာကွယ်ရေး အဖွဲ့ဝင်တွေ၊ ပီဒီအက်ဖ်တွေ ပါတာမှန်ပေမယ့် ဖွင့်ပွဲကို လာရောက်ကြတဲ့ ကျေးရွာက အရပ်သား အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်း ပါဝင်နေတာဖြစ်ပြီး သေဆုံးသူတွေထဲ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ရုံးဖွင့်ပွဲ လုပ်သင့်၊ မလုပ်သင့်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ အခုလို ရန်သူက မြေပြင်ကဖြစ်စေ၊ လေကြောင်းက ဖြစ်စေ အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ နယ်မြေ အနေအထားမျိုး အောက်မှာ ရုံးဖွင့်ပွဲလုပ်သင့် မလုပ်သင့် အငြင်းပွားစရာလည်း ဖြစ်ပါတယ်။ အချို့ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ထောက်ပြရမှာဖြစ်ပြီး ဘာကြောင့် အခုလို တိုက်ခိုက်ခံရသူတွေကို အပြစ်တင်ရတာလဲဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်မှု၊ အရပ်သားနဲ့ လက်နက်ကိုင် ခွဲခြားခြင်းမပြုဘဲ ကျေးရွာတရွာလုံးကို လက်နက်ကိုင် တပ်ဖွဲ့တွေ သဖွယ်၊ လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ခံအားပေးသူတွေ သဖွယ် သတ်မှတ်ကာ ပျက်စီးသေဆုံးမှု များပြားမယ့် လက်နက်ဗုံးတွေနဲ့ လေယာဥ်ပေါ်က အခြေအနေအသာစီးက ပစ်ခတ်သတ်ဖြတ်ခြင်းကို ရှုတ်ချ၊ ကန့်ကွက်ရမှာဖြစ်ပြီး ခံရသူတွေအပေါ် အပြစ်မတင်သင့်ဘူးလို့ ဝေဖန်သူတချို့လည်းရှိတာ ဖြစ်ပါတယ်။
စစ်ရေးအရ ၊ လက်နက်ကိုင် တော်လှန်မှုတခုကို လုပ်ဆောင်ကြရာမှာ အခုလို လူ့အသက်တွေ အဆုံးအရှုံးများတဲ့ ဖြစ်ရပ်မျိုး ဖြစ်ပွားလာရင် ကျူးလွန်သူ စစ်ကောင်စီဘက်က တာဝန်ခံရမှာက တပိုင်းဖြစ်ပြီး မိမိတို့ဘက်မှာလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လုံခြုံရေးဆိုင်ရာ ကြိုတင်စဥ်းစားပြင်ဆင်မှုအတွက် တာဝန်ရှိမှုနဲ့ နောက်နောင် အခုလိုအဖြစ်မျိုး မကြုံတွေ့အောင် ကြိုတင်ပြင်ဆင်မှုအတွက် လက်ရှိဖြစ်ရပ်ကို ပြန်သုံးသပ်ဖို့ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။
တာဝန်ရှိသူတွေ တာဝန်ခံယူကြတာမျိုး နိုင်ငံတကာမှာ လုပ်ဆောင်လေ့ရှိပြီး ဒီလို လူ့အသက်အများအပြား ဆုံးရှုံးရတဲ့ အဖြစ်အပျက်မျိုးတွက် ကြိုတင်တွေးဆမှု၊ ပြင်ဆင်မှု၊ အကာအကွယ် အနေနဲ့ လုပ်ဆောင်သင့်တဲ့လုပ်ဆောင်မှုတွေ ပြင်ဆင်ဖို့ ညွှန်ကြားခြင်း စတဲ့ ကဏ္ဍတွေနဲ့ပတ်သက်လို့ တာဝန်ခံမှု နဲ့ သင်ခန်းစာယူမှု လိုအပ်မှာဖြစ်ပါတယ်။
ရန်သူရဲ့ ရက်စက်မှု၊ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ တနေ့တချိန်ကျရင် တာဝန်ခံရမယ့် အပိုင်း၊ အပြစ်ပေးအရေးယူနိုင်မယ့် အပိုင်းက တပိုင်းဖြစ်သလို မိမိတို့အနေနဲ့ ပြည်သူလူထုရဲ့ အသက်နဲ့ မိမိတို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေဘက်က တပ်ဖွဲ့ဝင်နဲ့ ထောက်ခံသူတွေကို တတ်နိုင်သမျှ အဆုံးအရှုံးနည်းအောင် ကြိုးစားပြင်ဆင်ရမှာလည်း အရေးကြီးတဲ့ လိုအပ်ချက် ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေက ရက်စက်လို့ အခုလို အသက်ဆုံးရှုံးမှုတွေ ရှိမှာပဲ၊ ဒီလိုအဖြစ်မျိုးတွေ ရှောင်လွှဲမရနိုင်ဘူး ဆိုတဲ့ အယူအဆ ဆင်ခြေမျိုးက လူ့အသက်တွေကို တန်ဖိုးမထားရာလည်း ကျပါတယ်။ တော်လှန်ရေးတွေ၊ စစ်ပွဲတွေမှာ အကျအဆုံးများခြင်းဟာ အောင်နိုင်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာ မဟုတ်ပဲ၊ မိမိတို့ တပ်ဖွဲ့၊ ထောက်ခံသူတွေရဲ့ အသက်တွေ အဆုံးအရှုံးများနေရင် တိုက်ပွဲနဲ့ပတ်သက်တဲ့ မဟာဗျူဟာ နည်းဗျူဟာ တခုခု လိုအပ်ချက်ရှိနေတာ ဖြစ်နိုင်တာကြောင့် ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။ အသက်တွေ ဆုံးရှုံးရတာ ရန်သူရဲ့ ရက်စက်မှုကို ဖွင့်ချနိုင်တာ နိုင်ငံရေးအရ အားသာချက်ဖြစ်ပေမယ့် စတေးခံရမှုများလေ အောင်မြင်မှုနဲ့ နီးစပ်လာပြီလို့တော့ လှေနံဒါးထစ် အမှတ်မမှားသင့် အယူအဆ မလွဲသင့်ပါဘူး။
အခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး သုံးသပ်ကြည့်ရင် စစ်အာဏာရှင်တပ်တွေ အနေနဲ့ မြေပြင်မှာ စိုးမိုးဖို့ရာ အင်အား အဆုံးအရှုံးခံနိုင်တဲ့ အနေအထား လျော့နည်းလာနေတာကို ပြသနေတာ အမှန်ပဲ ဖြစ်ပါတယ်။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေဘက်မှာ လေကြောင်း တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရရင် အကာအကွယ်မဲ့နေတာ၊ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လို တိမ်းရှောင်ရမလဲ၊ ဘယ်လို ကြိုတင်အသိပေးမှုတွေ အကာအကွယ်တွေ လုပ်ရမလဲဆိုတဲ့ အပိုင်းတွေမှာ လိုအပ်နေတာ အမှန်ပဲဖြစ်ပါတယ်။
နှိုင်းယှဥ်စရာ အခြေအနေမဟုတ်ပေမယ့်လည်း သတိရစရာ သမိုင်းအဖြစ်အပျက်တခုက ဆယ်စုနှစ်နဲ့ချီတဲ့ ဗီယက်နမ်ကို အမေရိကန်က ကျူးကျော်စစ်ပွဲအတွင်း အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ များစွာ လုပ်ဆောင်ခဲ့ပြီး လေကြောင်းကနေ သစ်တောတွေ ပြုန်းတီးအောင်၊ ဓာတုဆေးရည်ဖြန်းတာ၊ မီးလောင်ဗုံးတွေ ကြဲတာ အမေရိကန်တွေကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေသာမက ၄င်းတို့ကိုထောက်ခံတဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကိုပါ အချိုးအစားမမျှလောက်တဲ့ ဗုံးတွေ ကြဲတာ၊ ဖျက်ဆီးမှုတွေ လုပ်ခဲ့ပေမယ့် ဆယ်စုနှစ်နဲ့ချီကြပြီးနောက် ဗီယက်နမ်တွေ အနိုင်ရခဲ့ပါတယ်။ သို့ပေမဲ့ အမေရိကန် စစ်သား ၅ သောင်း ကျော် သေဆုံးရတဲ့ ဗီယက်နမ်စစ်ပွဲမှာ ဗီယက်နမ်နိုင်ငံဘက်ကတော့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရော အရပ်သားတွေပါ သန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar