စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက ထိခိုက်မှုအများဆုံးဖြစ်လာနေ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၂ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၃
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက ထိခိုက်မှုအများဆုံးဖြစ်လာနေ
မတ်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ပဇီကြီး ကျေးရွာက လူစုလူဝေးကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သတင်းအချို့က ဆိုပါတယ်။ အနည်းဆုံး ၆၀ ကနေ အများဆုံး ၁၀၀ ကျော်အထိ အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ မနှစ်က လူ ၆၀ ကျော်သေဆုံးခဲ့ရတဲ့ ဖားကန့် အနန့်ပါ ကျေးရွာကို တိုက်ခိုက်မှုပြီးနောက် ခု အဖြစ်အပျက်ဟာ ရာနဲ့ချီတဲ့ လူအုပ်စုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။
စစ်ကောင်စီ တပ်တွေအနေနဲ့ မြေပြင်မှာ တနေရာနဲ့တနေရာ သွားလာရာမှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ အဖြစ်က ဖြစ်ပျက်နေကျလို ဖြစ်လာနေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်ဖွဲ့ထားတဲ့ ကျေးရွာတွေကလွဲရင် ရွာတိုင်း လမ်းတိုင်းနီးပါးမှာ PDF သို့မဟုတ် PDF နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေကြတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့လို့ဆိုတဲ့ အချိန်ပြည့်တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်မဟုတ်တဲ့သူတွေ ရှိနေကြတာ ဖြစ်လို့ စစ်ကောင်စီအနေနဲ့ မြေပြင်ကနေ တနေရာက တနေရာ ရွှေ့ပြောင်းဖို့ ခက်ခဲလာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှု လေကြောင်းနဲ့ ရုတ်တရက် ရောက်လာကာ ဝင်စီးတာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာတင် ရင်ပေါင်တိုင်ကျေးရွာမှာ ရဟတ်ယာဥ်နဲ့ လာပြီး ဝင်စီးတဲ့ အဖြစ်အပျက်၊ လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်မှု အစရှိတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး အခု ပဇီကြီးကျေးရွာက အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုလည်း ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူရာနဲ့ချီသေဆုံးရတဲ့ အဖြစ်အပျက်တွေ ထပ်မံဖြစ်ပွားလာနိုင်ချေလည်း ရှိနေတာ ဖြစ်ပါတယ်။ PDF တပ်ဖွဲ့တွေအနေနဲ့ မိမိတို့ တပ်ဖွဲ့၊ ကျေးရွာလူထု ရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ဖို့ နည်းလမ်းရှာ လုပ်ဆောင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။ လေယာဥ်ပစ် လက်နက်လိုမျိုးက လက်တွေ့မှာ ငွေကြေး နဲ့ ဝယ်ယူရရှိနိုင်မှု နည်းပညာကျွမ်းကျင်မှုလိုအပ်ချက် စတာတွေက အတားအဆီး အခက်အခဲတွေဖြစ်ပြီး ဒီအခြေအနေမျိုး မရနိုင်တဲ့အချိန်မှာ မြေပြင်မှာ လှုပ်ရှားသွားလာမှုတွေကို သတိပြုပြီး လှုပ်ရှားသွားလာကြဖို့ အခမ်းအနား၊ ပွဲ လိုလူစုလူဝေးဖြစ်တဲ့ ကိစ္စမျိုးတွေကို သတိကြီးစွာနဲ့ ရှောင်ရှားကြဖို့လည်း လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လက်တွေ့ ဖြစ်ရပ်တွေ အတွေ့အကြုံတွေကနေ လုံခြုံရေးနဲ့ပတ်သက်တဲ့ အသိ အတိုင်းအတာတခုအထိ ရှိကြပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သာမန် အရပ်သား ကျေးရွာလူထုအဖို့ လုံခြုံရေး အသိနိုးကြားမှု မရှိတာကြောင့် လူစုလူဝေးလို အခမ်းအနားတွေကို မလုပ်ကြဖို့ အခုအချိန်က စလို့ သတိပေး ညွှန်ကြားတာမျိုး လုပ်ဆောင်သင့်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုက စစ်ကောင်စီအဖို့ လက်ရှိအနေအထားမှာ အသာစီးရစရာ တချက်ဖြစ်နေဆဲ ဖြစ်လို့ မိမိတို့ဘက်က အထိအခိုက် အဆုံးအရှုံးနည်းအောင် သွားလာလှုပ်ရှားဖို့ လိုအပ်မှာဖြစ်ပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးမှုတွေ ပိုမိုမြင့်တက်လာအောင် ဖြစ်စေနိုင်ပါတယ်။ မြန်မာ့အရေး စည်းရုံးတဲ့အဖွဲ့အစည်းတွေက စည်းရုံးလှုံ့ဆော်နေကြတဲ့ လေယာဥ်ဆီ တင်သွင်းတာ ပိတ်ဆို့ဖို့၊ လက်နက်မရောင်းဖို့ အစရှိတဲ့ လုပ်ဆောင်မှုတွေ က နေ့ချင်းညချင်းတော့ မဖြစ်လာနိုင်သေးတဲ့ အနေအထားလို့ ခန့်မှန်းရပါတယ်။
စစ်ကောင်စီအနေနဲ့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အခြားသော ကြားခံနိုင်ငံတချို့က တဆင့်လက်နက် ဝယ်ယူရရှိနိုင်သလို လေယာဥ်ဆီ တင်သွင်းမှုနဲ့ ပတ်သက်ရင်လည်း အရပ်ဘက် လေကြောင်းသွားလာမှုတွေ ပြည်တွင်းမှာ ရှိနေတာကြောင့်လည်း စစ်ကောင်စီလေယာဥ်တွေအတွက် တင်သွင်းဖို့ မရအောင် ပိတ်ဆို့နိုင်ခဲ့ရင် အရပ်ဘက် လေယာဥ်ဆီ တင်သွင်းမှုကနေ တဖက်လှည့်နဲ့ ယူသုံးစွဲတာလည်း ဖြစ်နိုင်ခြေတချက်ဖြစ်ပါတယ်။
အခု ပဇီကြီး ကျေးရွာအဖြစ်အပျက်က PDF တွေရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါ ၄င်းတို့ရဲ့ အခြေစိုက် စခန်းတွေ၊ လူအများအပြားနေထိုင်ကြတဲ့ မြို့တွေအဖို့ လုံခြုံရေး သတိပြုကြရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အရင်က မလုပ်ခဲ့တဲ့ ရက်စက်မှုမျိုး တိုက်ခိုက်မှုမျိုးကို လာမယ့်ကာလမှာ လုပ်ဆောင်လာနိုင်တယ်ဆိုတာ တွက်ဆထားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar