မောင်စွမ်းရည် - ကျောက်ဆောက်သာနိုး
မောင်စွမ်းရည် - ကျောက်ဆောက်သာနိုး
(မိုးမခ) ဧပြီ ၁၅ ၊ ၂၀၂၃
မင်းမျိုး မတ်မျိုး၊ သူကောင်းမျိုးမို့
‘ကျောက်ဆောက်သာနိုး’ ခေါ်သတဲ့။
သန်းခေါင်စာရင်း၊ ထောင်အသွင်းမှာ
စာရင်းကောက်တော့
ကျောက်ဆောက်သာနိုး ခေါ်သကိုး။
သူတို့အမျိုး၊ သူ့အဖိုးက - ဦးဖိုး တဲ့။
“တိုင်တားမင်းကြီး ဦးဖိုး” လို့
ဟိုးဟိုးကျော်တာ၊ မန်းရတနာပုံက
ဒဂုန်-ဒလ၊ အောက်ပြည်အစ၊ ပင်လယ်ဝထိ- တဲ့။
မောင်သာနိုးလဲ အဖိုးအလား
ကျောင်းသားအရွယ်၊ ငယ်စဉ်ကပင်
စာသင်ရွယ်မှာ အင်္ဂလိပ်စာ-ပါဠိ
ကဝိတဆူ၊ တံခွန်ထူသတဲ့
လူထုသတင်းစာ၊ မန်းခေတ်သတင်းစာ
မန္တလေးမှာ အယ်ဒီတာလုပ်။
အလုပ်ကထွက်၊ တက္ကသိုလ်တက်
သမဂ္ဂ-တပ်ဦး၊ အထူးထင်ရှား
လူကြိုက်များတဲ့၊ ကျောင်းသားစာရေးဆရာ
မောင်သိင်္ဂါ- တဲ့။
လေး ငါး ခြောက်ခါ၊ ခုနစ်ခါမကအောင်
ထောင်တန်းထွက်ဝင်၊ ဒို့ဘုရင် ဦးဘရင်နဲ့
တူယှဉ် ဦးလှ၊ ထောင်ကျဖက်တွေ၊
ထောင်မထွက်ခင် တရက်မပြား
ရုရှားစာကို၊ ကိုယ့်ဘာသာသင်
ထောင်အပြင်မှာ၊ ကျူရှင်ဆရာ
အင်္ဂလိပ်စာသင်။
အားလျှင် တောင်တက်၊ တောင်က သက်တော့
မြစ်ဘက်ကိုဆင်း၊ မြစ်တွင်း ရေကူး
အထူးဝါသနာကြီးပါပေတယ်။
မောင်သာနိုးဟာ
ရိုးသားတယ်၊ ကြိုးစားတယ်
ရှိုးမများတတ်ဘူး၊ သူတထူးကို
အထူးကူညီတတ်ပါတယ်။
ဦးခေါင်းမတ်မတ်၊ ခါးမတ်မတ်ကို
စကားပြတ်ပြတ်၊ သေသေသပ်သပ်နဲ့
အနေသပ်သပ် လေပြတ်ပြတ်နဲ့
လေဟပ်တဲ့ ဘဝင်လို့၊ ထင်စရာရှိပေမဲ့
သိကျွမ်းသူအပေါင်းက၊ သူ့အကြောင်း
မကောင်းပြောစရာ မရှိပါ။
သူနဲ့ ကျွန်တော် - ရဲဘော်ရဲဘက်
ကျောင်းနေဖက်ပါ၊ ငြိုးကွက်မမြင်
အကိုလို ခင်ရင်းသမို့
ကြမ်းပြင်မှာ ဝပ်လျှိုး၊ ဆရာနိုးကို
ရှိခိုးခဲ့ရဖူးပါတယ်။
ဒို့ဆရာနိုး၊ လူပျိုသိုးဟာ
အိမ်ထောင်ဖက်ကို အသက်ကြီးမှ ရှာတယ်။
နှစ်ယောက်တွဲဖက်၊ တောင်တက် ရေကူး
အပျော်ကူးခဲ့ပေသပေါ့။
သူငယ်ချင်းတွေနဲ့အတူ
ကူစရာရှိ ကူ၊ လှူစရာရှိ လှူ
ဆူစရာ ပူစရာရှိလည်း ဆူလိုက် ပူလိုက်ပေါ့။
သူငယ်ချင်းတသိုက်က
ထင်းရှူးပပင် စိုက်ပါဆိုရင် ထင်းရှူးပင် စိုက်သကိုး။
မိုးမခ စိုက်အုံးဆိုလဲ
မိုးမခ စိုက်တဲ့ ထုံးလိုပေါ့။
တော်လှန်ကဗျာသစ်ကြမယ် ဆိုတော့
မော်ဒန်ကကဗျာကို ချစ်စေခဲ့ပြန်တယ်။
စာစကားနဲ့ စကားစာကို မခြား မကွာစေချင်ဘူး
ဗမာ့စာ ဗမာစကားကို၊ ကမ္ဘာ့စာ ကမ္ဘာစကားနဲ့
မခြားနား မကျန်ရစ်၊ မာန်သစ်စေခဲ့တယ်။
ဘာသာဗေဒကို ဗမာစာမှာ အခြေချခဲ့တယ်။
သည်း မည်း ၏ ၍ကနေ - ကယ်၊ မယ်၊ ရယ် တို့ကို ကူးပါသော်ကောလို့
အထူးအခါအခါ ဆော်ဩခဲ့ရှာတယ်။
ဒို့ဆရာနိုး - ကိုးဆယ်ကျော် အသက်တမ်းထိ
ကျန်းမာဖို့အရေး၊ ဂျမ်းဆရာလို မနှေးခဲ့
ဆေးလိပ်ကို ဖြတ်ခဲ့တယ်။
ဘိုးသက်ရှည် ဆရာနိုးကို ရှိခိုးဦးခိုက်ပါတယ်။
ဆရာနိုးတယောက်၊ ရောက်လေရာဘဝမှာ
ယမကာတခွက်၊ ကဗျာတဖက်
တောင်တက်လိုက်၊ ရေကူးလိုက်နဲ့
အဖော်တသိုက်နဲ့ ပျော်ပိုက်ရပါစေသတည်း။
မောင်စွမ်းရည်
၁၃ မတ်လ ၂၀၂၃
နယူးယောက်