မျိုးသန့်ထွန်း(စစ်ကိုင်း) - မုံရွေး ကြေးမုံသား ဦးတက်ထွဋ် (၁၉၁၀-၁၉၇၈)
မျိုးသန့်ထွန်း(စစ်ကိုင်း) - မုံရွေးကြေးမုံသား ဦးတက်ထွဋ်(၁၉၁၀-၁၉၇၈)
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၃
မုံရွေး-ကြေးမုံက ရဟန်းပညာရှိ၊ လူပညာရှိတွေ ပေါ် ထွက်တဲ့ အရပ်ဒေသ ဖြစ်ပါတယ်။ ရဟန်းပညာရှိထဲမှာ ထင်ရှားတဲ့ ဒုတိယမုံရွေးဆရာတော် ရှင်အရိယာဝံသအာဒိစ္စသီဟာ ကြေးမုံရွာက ဖြစ်ပါတယ်။ မုံရွေးရာဇဝင် ကျမ်းပြုမုံရွေးဆရာတော်အနေနဲ့ ထင်ရှားပါတယ်။ နောက်ထပ် ထင်ရှားတဲ့ မုံရွာခရိုင်ထဲက အမြင့်မြို့က သောတာပန်ရွာသား အိုဝေဦးညိုမြ(၁၉၁၄-၁၉၈၅)ကလည်း ဦးတက်ထွဋ်နဲ့ ညီအစ်ကိုဝမ်းကွဲ တော်စပ်ပါတယ်။
" ဦးတက်ထွဋ်(၁၉၁၀-၇၈)"ခေါင်းစဉ်နဲ့ ဒေါက်တာသန်းထွန်းက မုံရွာဒေသကောလိပ်မဂ္ဂဇင်း၊၁၉၈၀-၈၁ (စာ၁၅-၁၆) နဲ့ ထွေထွေရာရာသမိုင်း(၂၀၀၅၊စာ၁၉၀-၁၉၅) မြန်မာ-အင်္ဂလိပ်တွဲ တို့ကိုရေးဖူးပါတယ်။ ဆရာဦးဝန်(မင်းသုဝဏ်) ၏သား ဦးထင်ကျော်က ဒလဘန်း ကလောင်အမည်နဲ့ "အဘနှင့် ဦးတက်ထွဋ်" ဆောင်းပါး (အဘ ဘဝ၊ အဘအကြောင်းတစေ့တစောင်း၊ ဒု-ကြိမ် ၂၀၁၃၊စာ ၂၀၀-၂၀၉)ကို ရေးသားဖူးပါတယ်။ အဲဒီမှာ တေ့မှတ်ထားစရာတစ်ခု တွေ့ပါတယ်။ ဦးတက်ထွဋ် လန်ဒန်မှာ ကွယ်လွန်တဲ့ခုနှစ်က ဒေါက်တာသန်းထွန်းက ၂၂ ဒီဇင်ဘာ ၁၉၇၈ လို့ ရေးပါတယ်။နောက် ဆရာဒလဘန်းက ၁၉၇၇ ခုနှစ်ကုန်ပိုင်းလို့ ရေးပါတယ်။ နောက်ထပ် ဆရာဦးဝင်းတင့်က ဦးတက်ထွဋ် ကွယ်လွန်တဲ့နေ့ ၂၂ ဒီဇင်ဘာ ၁၉၇၇ လို့ ဖော်ပြပါတယ်။ ဦးတက်ထွဋ် ကွယ်လွန်တဲ့နှစ် ၁၉၇၇ လား၊ ၁၉၇၈ လား မူကွဲ ဖြစ်နေပါတယ်။ ဒေါက်တာသန်းထွန်းက ဦးတက်ထွဋ် ကွယ်လွန်တာ ၂၂ ဒီဇင်ဘာလ ၁၉၇၈ လို့ အတိအကျ ဖော်ပြတာ တွေ့ရပါတယ်။ ထိုကိစ္စကို ဦးထင်ကျော်(ဆရာဒလဘန်း)ဆီ ဖုန်းဆက်ပြောဖူးပါတယ်။
တကယ်က ဦးတက်ထွဋ်က မုံရွေးနားက ဥသျှစ်ကုန်းဇာတိပါ။
ဦးတက်ထွဋ်ကို အဖဦးဆယ်၊ အမိဒေါ်ဆင့်တိုက မုံရွေး-ဥသျှစ်ကုန်ရွာ ၂၆ နိုဝင်ဘာ ၁၉၁၀ နံနက် ၁၁ နာရီ ၉ မိနစ် စနေနေ့မှာ မွေးပါတယ်။ မွေးချင်း ၆ ယောက်မှ ၅ ယောက်မြောက်သား ဖြစ်ပါတယ်။ ဦးတက်ထွဋ်ရဲ့ အစ်ကိုများက ဦးဘကျား၊ ဦးဘိုးရုံ၊ ဦးဆင်၊ ဦးဂျီနဲ့ ညီမှာ ဦးတတ်ခေါင်တို့ ဖြစ်ပါတယ်။ အစ်ကိုဖြစ်တဲ့ ဦးဘကျားက ၁၉၂၀ က ရန်ကုန်တက္ကသိုလ် ပါဠိကထိကဆရာ ဖြစ်ပါတယ်။ ဆရာကြီးဦးဖေမောင်တင်ရဲ့ တပည့်အရင်းအချာလည်း ဖြစ်ပါတယ်။ ဆရာကြီးဦးဖေမောင်တင်ရဲ့ အဋ္ဌသာလိနီနဲ့ ဝိသုဒ္ဓိမဂ် ကို အင်္ဂလိပ်ဘာသာပြန်ရာ ဦးဘကျားက များစွာကူညီပေးပါတယ်။နောက်တော့ ဦးဘကျားဟာ အသက်ရှည်ရှည်မနေရဘဲ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးဦးဖေမောင်တင်က သူ့တပည့် ဦးဘကျား နေရာကို ညီဖြစ်တဲ့ဦးတက်ထွဋ်ကို အစားထိုးဖို့လုပ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၉ မှာ ရောက်ပါတယ်။ ထိုနောက် ဦးတက်ထွဋ်ဟာ ပါဠိဂုဏ်ထူးတန်းကို ပထမတန်းနဲ့ အောင်မြင်ခဲ့ပါတယ်။ ဦးဝန်နဲ့ ဦးတက်ထွဋ်တို့ဟာ ရန်ကုန်တက္ကသိုလ်မှာ အတူတူရောက် လာကြတဲ့ အင်မတန်ရင်းနှီးတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ်က ၁၉၃၅ မှာ ဦးတက်ထွဋ်ကို ပညာတော်သင်အဖြစ် လန်ဒန်တကက္ကသိုလ်ကို စေလွှတ်ပါတယ်။ ဦးတက်ထွဋ်ကို လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့်အာဖရိကကျောင်း (School of Oriental and African Studies -SOAS)မှာ တရုတ်စကား၊ စာ၊ ဗုဒ္ဓဘာသာတို့ လေ့လာရန် ဖြစ်ပါတယ်။ နောက်တစ်နှစ် ၁၉၃၆ မှာ ဆရာဦးဝန်ကို လန်ဒန် အောက်စဖို့တက္ကသိုလ်ကို ပညာတော် သင်စေလွှတ်ပါတယ်။ ဦးဝန်က တိဗက်ဘာသာ၊ စာ၊ စကားတို့ကို လေ့လာရန်ဖြစ်ပါတယ်။ ဆရာကြီးဦးဖေမောင်တင်က သူ့တပည့်နှစ်ဦးကို သေသေချာချာ စနစ်တကျ စီမံပြီး လန်ဒန် ပညာ တော်သင် ရွေးချယ်တာဖြစ်ပါတယ်။ သူတို့နှစ်ဦး ပြန်လာတဲ့အခါ မြန်မာဗုဒ္ဓဘာသာ၊ စာ၊ စကားနဲ့ တရုတ် ဗုဒ္ဓဘာသာ စာ၊ စကား၊ တိဗက်ဗုဒ္ဓဘာသာ၊ စာ၊ စကားတို့ကို နှိုင်းယှဉ်လေ့လာပြီး မြန်မာ့ယဉ်ကျေးမှုသမိုင်းကို ဖော်ထုတ်ကြဖို့ ဖြစ်ပါတယ်။
ဆရာဦးဝန် (၁၉၀၉-၂၀၀၄)က ၁၉၃၈-၃၉မှာ ဘီအေဘွဲ့ ၊ဘီလစ်(B.Litt)စာပေဝိဇ္ဇာဘွဲ့ရ ပြီး မြန်မာပြည်ကို ပြန်လာခဲ့တယ်။
ဦးတက်ထွဋ်ဟာ ငယ်စဉ်က လွတ်လပ်မှုကို မြတ်နိုးပါတယ်။ ကျောင်းနေအချိန်မှာ လွတ်လွတ်လပ်လပ် နေချင်ပုံရပါတယ်။ ကျောင်းမှာ စာမေးပွဲစစ်ဆေးသလို အဆင့်နဲ့ ဒေါက်တာဘွဲ့ရပညာတတ်တာကို လိုလားပုံ မရပါဘူး။ ဒါကြောင့် လန်ဒန်ပညာတော်သင်များ ဘွဲ့ယူစာတမ်း ရေးသော်လည်းရေးရင် ရေးရင်း မကြိုက်လို့ မကြိုက်လို့နဲ့ ဆုတ်ဖြဲတဲ့အထိ ဖြစ်ကာ စာတမ်းမတင်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ မြန်မာ့စာပေ၊ ကမ္ဘာ့စာပေတို့ကို လေ့လာထားကာ ထုံးလို မွှေနှောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးဖြစ်ပါတယ်။ လန်ဒန်ပညာရှင်လောကမှာ မြန်မာအမှုနဲ့ပတ်သက်ရင်း ဦးတက်ထွဋ် အားကိုးအားထားပြုကြပါ တယ်။ အချို့အင်္ဂလိပ်သမိုင်းတွေကို အင်္ဂလိပ်တွေထက် ပိုသိပါတယ်။ ဒါကြောင့် ဦးတက်ထွဋ်ကို 'မစ္စတာတတ်'လို့ခေါ်ပြီး ပညာရှင်အဖြစ် သိမှတ်ပြုကြပါတယ်။
ဆရာဦးတက်ထွဋ်(၁၉၁၀-၁၉၇၈)ဟာ လန်ဒန်( ဘိလတ်)မှာ ကွယ်လွန်အချိန် နှစ်ပေါင်း ၄၀ ကျော်အထိ နေထိုင်သွားခဲ့ပါတယ်။ ဦးတက်ထွဋ် လန်ဒန်နေစဉ်တလျှောက်မှာ မြန်မာ့ ရှေးဟောင်းစာပေတွေ ဝယ်ယူစုဆောင်းပြီး မြန်မာပြည်က ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နဲ့ တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွေ ပို့ပေးခဲ့ပါတယ်။ သူ့အိမ်က လန်ဒန်ပြတိုက် စာကြည့်တိုက်အနီးအနားမှာ ရှိပါတယ်။လန်ဒန်ပြတိုက် စာကြည့်တိုက်တို့က သူ့အဖို့ အိမ်ဦးနဲ့ ကြမ်းပြင်လို ဝင်ထွက်သွားလာနိုင်ပါတယ်။ လန်ဒန်ပြတိုက်မှူးနဲ့ အင်မတန် ချစ်ခင်ရင်းနှီးပါတယ်။ သူတို့ မသိနိုင်တဲ့ မြန်မာ့ရှေးဟောင်းပစွည်းစတဲ့သမိုင်းဝင်တွေကို ဦးတက်ထွဋ်က အခါအားလျော်စွာ ကူညီပေးလေ့ရှိပါတယ်။ ဒါ့ပြင် စစ်အတွင်းက ဗြိတိသျှတို့ ယူဆောင်သွားတဲ့ ရှေးဟောင်းစာနဲ့ ပေပုရပိုက်တွေကို ဦးတက်ထွဋ်က ရှာဖွေစုဆောင်းကာ မြန်မာပြည်ကို ပြန်ပို့ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သူ့အိမ်မှာ စာအုပ်ကလွဲ ဘာမှ မရှိပါဘူး။ သူ့အိမ်တွင်းစာအုပ်စင်မှာ နှစ်ပေါင်း ၁၀၀ ကျေ ာ်သက်တမ်းရှိတဲ့ စာအုပ်တွေနဲ့ ပထမကြိမ် ပုံနှိပ်ထုတ် ရှားပါးစာအုပ်တွေကိုပဲ လိုက်လံရှာဖွေ စုဆောင်းလေ့ရှိပါတယ်။ လူကြုံရှိရင် စာအုပ်ကောင်းတွေကို လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ထံ ပို့ပေးခဲ့ပါတယ်။ဦးတက်ထွဋ်ဟာ လူထုဦးလှ၊ လူထုဒေါ်အမာတို့နဲ့ သိပ်ကိုရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ကြပါတယ်။ ထို့ပြင် လူထုဦးလှနဲ့ ဒေါ်အမာထံသို့ စာရေးလေ့ရှိပါတယ်။ ထိုပေးစာတွေထဲမှာ သမိုင်းက ပြောတဲ့စာတွေဖြစ်ပါတယ်။ လူထုဦးလှတို့ထံမှာ ဦးတက်ထွဋ်၏ ပေးစာတွေ ရှိပါတယ်။ ဦးတက်ထွဋ်ရဲ့ပေးစာတွေမှာ မြန်မာ့သမိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာတွေပါရှိပါတယ်။ အလွန်အဖိုးတန်တယ်လို့ယူဆပါတယ်။ ဒါတွေကို လူထုစာအုပ်တိုက်ကနေ စာအုပ်ဖြင့် ထုတ်ဝေသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ဆရာဇော်ဂျီက ဦးတတ်ထွဋ်ကို ဆရာ တပည့်ဖြစ်ပေမဲ့ သံယောဇဉ်ရှိတယ်။ လူကြုံရှိရင် လန်ဒန်က ဦးတက်ထွဋ်ဆီသို့ လူပျံတော် ဆေးပြင်းလိပ်များနဲ့ လုံချည်ကအစအဝတ်ထည်များ ပို့ပေးလေ့ရှိတယ်လို့ သိရပါတယ်။ စာကြည့်တိုက်မှူး ဆရာဇော်ဂျီ ထံကိုလည်း ရှားပါး ပေပုရပိုက်များကို ပို့ပေးတတ်ပါတယ်။ ထိုပေပုရပိုက်တွေထဲမှာ ဆေးရောင်စုံ ပုရပိုက်ဖြူတွေလည်း ပါရှိပါတယ်။ အချို့ပေပုရပိုက်တွေကို သူ့ပိုက်ဆံနဲ့ ဝယ်ယူစုဆောင်းပြီး ပို့ပေးတယ်လို့ သိရပါတယ်။ဦးတက်ထွဋ်ဟာ ထိုရှေးဟောင်းပစွည်းများ၊ ပေပုရပိုက်များကို မြန်မာပြည်ပို့ခြင်းအတွက် ငွေရေးကြေးရေး အဓိကမထား မြန်မာပြည် အရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ယူဆပါတယ်။
မြန်မာပြည် လွတ်လပ်ရေးရတော့ ဦးတက်ထွဋ်က သူ မြန်မာနိုင်ငံသားလို့ လန်ဒန်ကလူတွေကို ပြောတယ်။ ဦးတိုက်စိုးနဲ့ တွေ့တဲ့အခါ "မြန်မာနိုင်ငံ စာကြည့်တိုက်တွေက မြန်မာအမျိုးသားစာစုစာရင်း (Myanmar National Bibliography) စလုပ်တဲ့အချိန်ကျရင် သူ ပြန်လာခဲ့မယ်လို့ ပြောတယ်။ မြန်မာပြည်ကို ၁၉၃၉က တစ်ကြိမ် ပြန်လာတာလွဲ၍ နောက်ဆုံးအချိန်အထိ လန်ဒန်မှာပဲ နေထိုင်သွားပါတယ်။ ဦးတတ်ထွဋ် မြန်မာပြည် ပြန်လာအချိန်က ပန်းချီဆရာ ဦးနန်းဝေက သူ လေးစားကြည်ညိုတဲ့ ဦးတက်ထွဋ် ပုံကို Portrait ဆွဲပေးတာ အမှတ်တရ ဖြစ်ပါတယ်။
ဦးတက်ထွဋ် ရေးတဲ့ "The Nature of Burmese Chronicles" စာတမ်းတစ်စောင် ရှိခဲ့ပါတယ်။ ဦးတက်ထွဋ် စာတမ်းကို D.G.E.Hallက တည်းဖြတ်ပြီး ၁၉၆၁"Historians of Southeast Asia, Oxford University ထုတ် စာစောင်မှာ ပါရှိခဲ့ပါတယ်။ ၁၉၅၃ က ရန်ကုန်နှစ်လည်မဂ္ဂဇင်း (တွဲ၊ မှတ် ၆)မှာ "တတ်သတ်ပုံသစ်"သုတေသနဆောင်းပါးကို ဦးတက်ထွဋ် ရေးသားခဲ့ပါတယ်။ ဦးနုအစိုးရလက်ထက်မှာ ထုတ်ဝေတဲ့ စွယ်စုံကျမ်းအတွဲ ၁ မှ ၅ ထိ လန်ဒန်က ရိုက်ပုံနှိပ်ခဲ့ပါတယ်။ ထိုစွယ်စုံကျမ်း ၅ တွဲကို ဦးတက်ထွဋ်က အများဆုံး ကူညီပေးခဲ့ပါတယ်။ ရာမ ဝတ္ထုကို ပါမောက္ခဦးမောင်မောင်ကြီးနှင့် တွဲဖက်တည်းဖြတ်ဖူးပါတယ်။ လန်ဒန်ကို ပညာတော်သင်ရောက်တဲ့ ဆရာတိုက်စိုး၊ ဒေါက်တာရီရီ၊ ဒေါက်တာသန်းထွန်း စတဲ့သူတွေက အကူအညီပေးပါတယ်။ ပန်းချီဆရာကြီးဦးငွေကိုင် ဆိုရင် လန်ဒန်ပြတိုက်ထဲက ရှေးဟောင်းမြန်မာမှုတွေကို ဦးတက်ထွဋ် ကူညီပေးလို့ မြေအောက်အခန်းထဲက ရှိတဲ့ အကယ်အစစ်မှန်တွေနဲ့ ပန်းချီဆွဲရခွင့် ရခဲ့ပါတယ်။ ဒါဟာ ဦးတက်ထွဋ် ကျေးဇူးကြောင့် ရတာလို့ ဆိုပါတယ်။ ဦးတက်ထွဋ်ဟာ လန်ဒန်မှာ နေရတာ ဘုမိနက်အမှန်ဖြစ်ပြီး မြန်မာပြည်က ပညာတော်သင်များကို ကူညီနေရတာ သူ့အတွက် ပျော်ပါတယ်လို့ ဆိုပါတယ်။ဒေါက်တာသန်းထွန်း လန်ဒန်ပညာတော်သင် ရောက်မှာ ဦးတက်ထွဋ်ဆီ သွားပါတယ်။ သုတေသနနဲ့ ပတ်သက်လာရင် ဒေါက်တာသန်းထွန်းက ဦးတက်ထွဋ်ကို ဆရာတင်ရပါတယ်။ ဦးတက်ထွဋ်၏ ဩဝါဒကြောင့် အားတက်လာပြီး ကြိုးစားကာ ဒေါက်တာဘွဲ့ ရလာကြောင်း ဒေါက်တာသန်းထွန်းက ရေးခဲ့ပါတယ်။
ဦးတက်ထွဋ်အကြောင်း ကျန်တာတွေလည်း ရှိနိုင်ပါတယ်။ နောက်လူများက ဦးတက်ထွဋ်အကြောင်း သိသမျှ ဖော်ထုတ်ကြပါလို့ မေတ္တာရပ်ခံပါတယ်။
ကျမ်းကိုး—
၁။ မြန်မာထွေထွေရာရာသမိုင်း၊ ဒေါက်တာသန်းထွန်း။ ယုံကြည်ချက်စာပေ၊ ၂၀၀၅။
၂။ အဘ ဘဝ၊ အဘအကြောင်း တစေ့တစောင်း၊ ဒလဘန်း၊ ဒု*ကြိမ်၊နဝဒေစာပေ၊၂၀၁၃။
၃။ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး၊ ဝင်းတင့်(စာကြည့်တိုက်မှူး၊ မိတ္ထီလာတက္ကသိုလ်)၊၂၃ ဇန် ၂၀၀၂ ၊ လက်နှိပ်စက်မှု။
၄။ ဦးတက်ထွဋ်(၁၉၁၀-၁၉၇၇)၊ ဇော်ဝင်းထွန်း၊ သူရိယနေဝန်း (တွဲ-၁ မှတ်.၂၀၉ ၄ ဩဂုတ်၂၀၁၈)စာ-၈-၂၀။
မျိုးသန့်ထွန်း(စစ်ကိုင်း)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar