သင်္ကြန်စည်ခြင်း မစည်ခြင်းနဲ့ နိုင်ငံရေးအောင်ပွဲ အဆုံးအဖြတ်
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၄ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၃
သင်္ကြန်စည်ခြင်း မစည်ခြင်းနဲ့ နိုင်ငံရေးအောင်ပွဲ အဆုံးအဖြတ်
သင်္ကြန်ဟာ နိုင်ငံရေးအားပြိုင်မှုရဲ့ ကွင်းတကွင်းအဖြစ် ပြောင်းလဲခဲ့တာ အခု နှစ်မှတော့မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်ကတည်းက သင်္ကြန်ကို နိုင်ငံရေးအားပြိုင်မှု နိုင်ငံရေးအင်အားပြသမှု၊ နိုင်ငံရေး စည်းရုံးမှု၊ လှုံ့ဆော်မှု နေရာတနေရာအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။
သင်္ကြန်လို ရိုးရာပျော်ပွဲရွှင်ပွဲကိုမှ နိုင်ငံရေး အားပြိုင်မှုနေရာ ဖြစ်ခဲ့တာ မဟုတ်ဘဲ၊ ဘာသာရေး အထိမ်းအမှတ်လို နေ့ကြီးရက်ကြီးတွေ၊ အခမ်းအနားတွေမှာလည်း နိုင်ငံရေး အားပြိုင်မှုအရိပ် ထိုးတာ သက်ရောက်လေ့ရှိတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို နိုင်ငံရေးက အခြားသော နယ်ပယ်တွေကို အရိပ်ထိုး သက်ရောက်မှုရှိတာ မဟုတ်ပဲ နိုင်ငံတကာမှာလည်း အလားတူ အဖြစ်အပျက်တွေ ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အိုလံပစ် ပြိုင်ပွဲကို နိုင်ငံရေး ဖြစ်ရပ်ကြောင့် သပိတ်မှောက်ကြတာမျိုးတွေ နိုင်ငံတကာ အဖြစ်အပျက်တွေမှာ ရှိနှင့်ပြီးဖြစ်ပါတယ်။ အားကစားဟာ အားကစားသက်သက်သာ ဖြစ်တယ်၊ ဘာသာရေးဟာ ဘာသာရေးသာ ဖြစ်တယ် ဆိုတာမျိုး အယူအဆ ရပ်တည်ချက်က လူကြိုက်များတဲ့ အယူအဆ မဟုတ်တော့တာ ကြာပြီလို့ ဆိုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာမှာ ကျင်းပတဲ့ သင်္ကြန်ပွဲကတည်းက သင်္ကြန်က နိုင်ငံရေး ကွင်းတကွင်းအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ အသက်ဆုံးရှုံးကြရတဲ့၊ ဖမ်းဆီးထိန်းသိမ်းခံနေကြရတဲ့ ဆန္ဒပြည်သူတွေအတွက် ၂၀၂၁ ခုနှစ် သင်္ကြန်ကို မဆင်နွှဲကြဖို့ အသံတိတ်မယ့် သင်္ကြန်၊ လုံးဝ မပါဝင်ကြတဲ့ သင်္ကြန်အဖြစ်နဲ့ လှုံ့ဆော်ခဲ့ကြပြီး အဲဒီနှစ်ကလည်း အများစုက တိတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် ၂၀၂၂ ခုနှစ် သင်္ကြန်မှာလည်း သပိတ်မှောက်တဲ့ နှိုးဆော်လှုပ်ရှားမှု ဆက်လက်ဖြစ်ပွားခဲ့တာပါ။ မစည်ကားတဲ့ သင်္ကြန်၊ လူအများက ပါဝင်ဆင်နွှဲခြင်းမှ ရှောင်ရှားကြတဲ့ သင်္ကြန်ပွဲသာ ဖြစ်ခဲ့ပါတယ်။ တချက်အနေနဲ့ ပြောရရင်တော့ ဗုံးပေါက်ကွဲနိုင်တယ်၊ စစ်ကောင်စီဘက်က ကမကထလုပ် တည်ဆောက်ထားတဲ့ ရေပက်မဏ္ဍပ်တွေ နေရာတွေကို မသွားကြဖို့ တိုက်ခိုက်မှု၊ ဖောက်ခွဲမှုတွေ လုပ်မယ်လို့ သတိပေးထားတဲ့ မြို့ပြပြောက်ကျားတွေရဲ့ ထုတ်ပြန်ချက်တွေကြောင့်လည်း အချို့က စည်ကားတဲ့နေရာ၊ မဏ္ဍပ်တွေဆီ မသွားရဲကြတာလည်း အတိုင်းအတာတခုထိ ရှိနိုင်တာ ဖြစ်ပါတယ်။
ဒီနှစ် သင်္ကြန်မှာလည်း နိုင်ငံရေး စစ်ရေး တိုက်ပွဲတွေ သက်ရောက်မှုတွေက အရင်နှစ်လိုပဲ လျော့ပါးမသွားဘဲ ရှိနေဆဲ ဖြစ်ပါတယ်။ သင်္ကြန်မတိုင်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက စစ်ကောင်စီ ကမကထ လုပ်တဲ့ သင်္ကြန်တွေမှာ ပါဝင် မဆင်နွှဲကြဖို့၊ မြို့ပြပြောက်ကျားတွေက စစ်ကောင်စီက လုပ်တဲ့ မဏ္ဍပ်တွေအနီး မသွားကြဖို့ ဖောက်ခွဲမှု တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်တာကြောင့် သတိပေးတယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီး သင်္ကြန်မှာ လူစုလူဝေးတွေ မဏ္ဍာပ်တွေဆီ မသွားဘဲ ရှောင်ကြဥ်ကြသူတွေ အများအပြားရှိတာဖြစ်ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီအနေနဲ့ ၄င်းတို့ ကို ထောက်ခံသူနဲ့ မြို့တွေက ဆင်ခြေဖုံးကသူတွေ နိုင်ငံရေး အသိုင်းအဝိုင်း သတင်းအချက်အလက်နဲ့ အလှမ်းဝေးသူတွေကို စစ်ကောင်စီဘက်က အစီအစဥ်နဲ့ ကားစီစဥ်တာ၊ လမ်းစရိတ်ပေးတာ စတဲ့နည်းလမ်းတွေနဲ့ စည်းရုံးဆွဲဆောင်ပြီး သင်္ကြန်စည်ကားကြောင်း ပြသဖို့ ကြိုးစားကြတာလည်း တွေ့ရမှာဖြစ်ပါတယ်။
သင်္ကြန်မှာ လူထုရဲ့ထောက်ခံမှု ရေချိန် ဘယ်လောက်ရှိသေးလဲ၊ ကျနေလား တန့်နေလား တက်နေလားဆိုတဲ့ အချက်ကို တိုင်းတာကြတဲ့၊ သက်သေပြကြတဲ့ ပလက်ဖောင်းတခု ဖြစ်လာနေတာ အမှန်ပဲဖြစ်ပါတယ်။ သို့ပေမဲ့ သင်္ကြန်ပွဲမှာ လူတွေ ပျော်ရွှင်ပြီး ပါဝင်ဆင်နွှဲကြခြင်း မဆင်နွှဲကြခြင်းနဲ့တော့ တော်လှန်ရေး အောင်ပွဲကို တိုက်ရိုက် ကောက်ချက်မချသင့်ဘူးလို့ မြင်မိပါတယ်။ တော်လှန်ရေးရဲ့ အောင်ပွဲကို လူထုရဲ့ တက်ကြွမှုရေချိန် အတိုင်းအတာ တချက်တည်းနဲ့ ကောက်ချက်ချဆုံးဖြတ်ခြင်းထက် တော်လှန်ရေးရဲ့ မဟာဗျူဟာ နည်းဗျူဟာ ကောင်းမွန်မှု၊ မိမိတို့ အင်အားနဲ့ အခြေအနေအချိန်အခါကို နားလည်အသုံးချနိုင်ခြင်း၊ မဟာမိတ်အဖွဲ့အစည်းတွေ လက်တွဲလုပ်ဆောင်နိုင်မှု အင်အားရော မဟာဗျူဟာပါ ပြည့်စုံကောင်းမွန်တဲ့အခြေအနေမှာ အဆုံးအဖြတ်တိုက်ပွဲလည်း ဖော်ဆောင်ဖို့ လိုအပ်ချက်တွေ ဖြည့်ဆည်းပြီး အနေအထားရောက်မှသာ အောင်မြင်မှာ ဖြစ်ပါတယ်။
ရန်သူဟာ သူ့အလိုလို ကျဆုံးနေ၊ ပြိုကွဲနေပြီဆိုတဲ့ မျှော်လင့်ချက် အထင်အမြင်မှားမှုတွေလည်း ရှောင်ကြဥ်နိုင်ဖို့ လိုအပ်ပါတယ်။ ရန်သူဟာ သူ့အလိုလို ပြိုကွဲတဲ့အခြေအနေမျိုးကို စိတ်ကူးမျှော်လင့်နေခြင်းက လွဲမှားတဲ့ မျှော်လင့်ခြင်းဖြစ်ပြီး မိမိတို့ရဲ့ အောင်ပွဲက မိမိတို့ဘက်မှာ မှန်ကန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ မဟာမိတ်ဖွဲ့စည်းမှုနဲ့ မိမိတို့အင်အားစုတွေရဲ့ စုစည်းမှု အမိန့်တခုထည်းအောက် ရှိခြင်းတွေနဲ့ အောင်မြင်မှုဟာ တိုက်ရိုက် ဆက်နွှယ်နေတယ် ဆိုတဲ့အချက်ကို မမေ့ဖို့ အရေးကြီးဆုံး ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar