ဒီနိုင်း - ဝေဘူလ
ဒီနိုင်း
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၃
ပျက်စီးကြေမွ ပြာကျသွားတဲ့မြို့အိုကလေးမှာ
ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ
ကြွေကုန်ပြီလား။
တောင်ဇလပ်တွေ ဗုံးဒဏ်သင့်ချိန်မှာ
လန့်ဖျပ်ပြီး ထ,ပွင့်သွားတဲ့ ပိတောက်တွေကြား
မင်း ပျော်ချင်သေးသလား ။
အောက်ချင်းငှက်ဟာ
မီးစွဲလောင်နေတဲ့ တောင်ပံတွေကို ရိုက်ခတ်
တည့်မတ်ပြီး ရှေ့ဆက်ပျံသန်းတယ်။
မီးပူဟပ်ညှိုးရော်သွားတဲ့ ပွင့်ချပ်တွေကြားမှာ
တောင်ဇလပ်ဖူးတွေဟာ ရဲရဲနီစွေး
သူ့အသွေးဂုဏ်အတိုင်း
နွေဦးမှာ ဆက်ပွင့်တယ်။
လေထန်ကုန်းက လှမ်းကြည့်ရင်
တလူလူလွင့်နေတဲ့မီးခိုးတွေဟာ
တောင်ယာရှို့တဲ့မီး မဟုတ်တော့ဘူး။
တောင်ရိုးတလျှောက် မှုန်မှိုင်းနေတာ
တောင်ခိုးမြူမှုန်တွေ မဟုတ်တော့ဘူး။
တအုံးအုံး တဒိုင်းဒိုင်း ကြားနေရတာ
ကောက်သစ်စားပွဲ
ခွာဒိုပွဲလည်း မဟုတ်တော့ဘူး။
ဒါကြောင့်
တောရိုင်းတိရစ္ဆာန်တွေကို နှိမ်နင်းဖို့
မျိုးနွယ်သူရဲကောင်းတွေဟာ
တူမီးအဆင့်နဲ့ အမဲလိုက်မထွက်ကြတော့ဘူး
အမဲလိုက်ခြင်းဟာ မွေးရာပါအနုပညာပဲ ။
ဒါ သူ့မြေ ဒါ သူ့ရေ သူတို့ပိုင်တဲ့မြေ
သူတို့ ဘိုးဘွား အမွေအစစ်မို့ ချစ်မြတ်နိုးပေ
တောင်ဇလပ်ပန်းတို့ ဝေပါစေ ...
အောက်ချင်းငှက်တို့ ရှင်သန်စေ.. ။
11.4.2023
11:28AM
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar