Breaking News

မောင်ဘဦး - မှတပါး အခြားအဆင့်၊ ကျန်သည့်ဝန်ထမ်းတွေ ချောင်ကပ်၊ မြိုင်ရပ် နှင်စေ

မောင်ဘဦး - မှတပါး အခြားအဆင့်၊ ကျန်သည့်ဝန်ထမ်းတွေ ချောင်ကပ်၊ မြိုင်ရပ် နှင်စေ

(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၃


"ဒီနှစ် စခန်း'ဖြစ်'သလား ရှင့်။"

"ဟုတ်ကဲ့။ 'ဖြစ်'ပါတယ်။"

"ဟို ဟို ... နေရာလေး မှတ်ထား ...၊ ဟို ... နေရာဦးထား ..ချင်လို့ပါ။"

"နေရာကတော့ ရောက်လာကြမှပဲ ယောဂီအချင်းချင်း ညှိနှိုင်းပြီး ယူကြရမှာပါ ခင်ဗျာ။ ယောဂီ ဘယ်နှယောက် လာမယ်ဆိုတာသာ စာရင်းပေးထားနှင့်ပါ ခင်ဗျာ။"

'ကိုဗစ်,ကိုစစ်' မတိုင်မီ၊ ဤအချိန် ဤကာလ၊ ရောက်ပြီဆိုမှဖြင့်၊ မောင်ဘဦးတို့လို ကျေးလက်တောရွာ တရားစခန်းဝေယျာဝစ္စ အဖွဲ့လေးတွေ အဖို့၊ ဖန်တရာတေ ရိုးအီနေပြီဖြစ်သည့်၊ ကြားနေကျ ဖြေဆိုနေကျ စကားများပင် ဖြစ်လေသည်။

အညာကျေးလက်မှာက၊ တစ်နှစ်လျှင် တစ်ကြိမ်သာ အားခဲကာ ဖွင့်လှစ်ကြရသည့် ဝိပဿနာတရားစခန်းလေးများ ခမျာ၊ မ,တည် ရံပုံငွေက အဆင်သင့်မရှိလှကြ။ စခန်းဝင်ယောဂီများထံမှလည်း ဝင်ကြေးစသည် မကောက်ခံ။ 'တစ်နေ့တာအတွက်' လှုဒါန်းထားကြသည်လေးများ စုပေါင်း၍သာ၊ ၇-ရက်တန်သည် ၁၀-ရက်တန်သည်၊ စပ်စပ်ဖာဖာ လုပ်ပေးကြရသည်။

တရားစခန်းကာလ၊ အာဟာရဒါနအလှူရှင်တွေဆီက အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ မုန့်,လ္ဘက်ရည် ဖျော်ရည်၊ ရေ-မီး စသည်၊ တစ်နေ့တာအတွက် အဘယ်မျှလောက် အလှူခံသင့်သည်၊ ၇-ရက်တာ ၁၀-ရက်တာ ရိက္ခာအတွက်၊ ဘာတွေ ဘယ်လို ကြိုတင်ကာ ဝယ်ယူထားရမည်၊ စသည် ခန့်မှန်းတွက်ချက်နိုင်ဖို့ရန် အတွက်သာ ယောဂီဦးရေစာရင်းကို ၁ လခန့် ကြိုတင်၍ လက်ခံကြရခြင်း ဖြစ်သည်။ နေရာထိုင်ခင်းကိုတော့ စခန်းဝင်ရက် ညနေ၊ ကြွရောက်လာကြသည့် ယောဂီအချင်းချင်း တိုင်ပင်စေပြီး၊ ကြီးသူငယ်သူ၊ နှေးကွေးသူ လေးလံသူ၊ အတက်အဆင်း လုပ်နှိုင်သူ မလုပ်နှိုင်သူ၊ သွက်လက်ဖျတ်လတ်သူ စသည်ဖြင့် အဆင်ပြေ‌အောင် ညှိနှိူင်းကာ နေရာယူစေ ကြရသည်။

စင်စစ်၊ အညာတောခြေနယ်က တရားစခန်းတွေအဖို့၊ စခန်းမစမီ တစ်လခန့်ကြိုတင်၍ ယောဂီစာရင်း ပေးသွင်းကြရန် ကြေညာထားလင့်ကစား၊  မြို့ကြီးပြကြီး, ဌာနချုပ်စခန်းကြီးများဆီက၊ နေရာမရ၊ ဖိတ်လျှံကျသမျှ၊ စခန်းမစမီ ၁ ရက် ၂ ရက်အလိုမှသာ 'အထက်ပါအတိုင်း'၊ 'ကွန်ပလိန်း'လေးဖြင့်၊ နောက်ကျစွာ ဖုန်းစာရင်းသွင်းလေ့ ရှိကြသည်သာချည်း။

နောက်ကျရပါမည်လေ။ စခန်းကြီးတွေ ဌာနချုပ်ကြီးတွေမှာက ခုလိုသင်္ကြန်တွင်းကာလမျိုးတွင် လုလုယက်ယက် ကြိတ်ကြိတ်တိုး။ ၁ လ၊ ၂ လ ကြိုတင် 'ဘွတ်ကင်'၍ပင် မရချင်။

မရသည်မှာလည်း၊ များသောအားဖြင့် ထိုထိုရိပ်သာကြီးများ၌၊ ကျောင်းဝင်းမြေနေရာ ရရှိအောင် ဆောင်ရွက်ပေးထားသူ၊ (သို့တည်းမဟုတ်) ရိပ်သာတွင်း အဆောက်အဦကုသိုလ်ရှင် ခရိုနီကြီး ခရိုနီလေးများ၊ ဟိုယခင်အခေါ် ဗွီအိုင်ပီ, ဗိုလ်ချုပ်ကတော်၊ ဒကစ,တိုင်းမှူးကတော်၊ ဗိုလ်မှူးကြီးကတော် အပြင်၊ ၎င်းတို့အတွက် ဝေယျာဝစ္စ-အိမ်ဖော်များ၊ ၎င်းနောက် သူတို့နှင့် နီးစပ်ရာ အဆွယ်အပွား အသိုင်းအဝိုင်းများ၊ အနှီအနှာ ထိုထိုရိပ်သာတို့သို့ မလာရောက်ကြမှသာ စာရင်းသွင်းလို့ ရပါမည်လေ။ "ဗိုလ်မှူးကြီးမှတပါး အခြားအဆင့်၊ ကျန်သည့်ဝန်ထမ်းတွေ၊ ချောင်ကပ်၊ မြိုင်ရပ် နှင်စေ ... ။"

ရှိပါစေလေ။ ထားခဲ့ပါရစေတော့။ မြိုင်ရပ်ကနေ ကြိုဆိုကြသည်ပေါ့။

လာကြပါပြီ။ လိုက်ပို့သူ၊ ကား,ဆိုင်ကယ်,ဆိုက်တွဲ၊ စုံလင်စွာဖြင့်၊ အိပ်ယာ,ခြင်ထောင်၊ မုန့်ပဲ,သွားရေစာ၊ ဆေးလိပ်ကွမ်းယာ,လ္ဘက်၊ ငှက်ပျောဖီး, ထန်းလျှက်,သကာ စုံလင်စွာဖြင့် ချီတက်လာကြပါလေပြီ။

"ဟဲ့၊ 'နေရထိုင်-ကူရှင်လေး' ပါမလာလို့၊ ပြန်ယူချေစမ်း၊" ဆိုတာလည်း ပါလိုက်သေးသည်။ စခန်းက တစ်ယောက်ထိုင် တရားထိုင်သင်ဖျူးဖျာကလေးများ လုံလောက်စွာ ပေးထားပါငြား၊ အားမရ တင်းမတိမ်။ မှီအုံး ဖက်လုံးလေးနှင့်မှ ဇိမ်ကျကျ၊ ဣရိယာပထ မျှတသည့်သူက ရှိသေးသည်။ မြို့စခန်းကြီးတွေမှာ မကျယ်ရဲတော့၊ ဇနပုဒ်သားတွေကို ကျယ်လေမပေါ့။

ဦးစွာပထမ နေရာ လုကြသည် (ဟုတ်ပေါင်) နေရာ'ရွေး'ကြသည်၊ ပန်ကာနှင့်နီးရာ,ဝေးရာ၊ ပြူတင်းပေါက်နှင့် နီးရာ,ဝေးရာ၊ ရေချိုးခန်းကုဋီနှင့် နီးရာ,ဝေးရာ၊ မိမိတို့ ကြိုက်နှစ်သက်ရာ၊ 'ဥပါဒါန်ကြီး' ဟီးဟီးထ, ငြိတွယ်ကြရာ။ နောက်နှစ်တွေမှာ 'ဘိုထိုင်' လုပ်ထားကြပါ။

အိပ်ရာနေရာ ရွေးပြီးသည်နှင့် ဓမ္မာရုံကြီးအတွင်း တရားထိုင်မည့် နေရာ၊ ရွေးကြပြန်သည်။ လေညှာက၊ လေတင်က၊ အဝင်နားက၊ အထွက်နားက၊ စင်္ကြံ-မင်းလမ်းဘေးက၊ မင်းလမ်းနှင့် ဝေးရာက၊ ရှေ့ဆုံးက၊ နောက်ဆုံးက၊ အလယ်လောက်က၊ သူ့နဲ့ဘေးချင်းယှဉ်လျှက် မှ။ မိမိတို့ သဘောကျရာ၊ နှစ်ခြိုက်ရာ။

အညာရွာတွေ၏ ဓလေ့၊ အညာရွာတွေ၏ စေတနာ။ ကိုယ့်ရပ်ကိုယ့်ရွာ ရောက်လာသည့်ဧည့်သည်များအတွက် စခန်းအဝင် ညနေစာ ထမင်းကျွေးလေ့ ရှိကြပါသည်။ 'နယ်ဝေး'လာ ယောဂီများ အတွက်၊ အခက်အခဲ မရှိစေရန်။ ဝေယျာဝစ္စများအတွက်မူ သားရှင်ပြုအလှူမတိုင်မီ ညနေစာ 'ရုံစမ်း' (ကျွေးရုံအစမ်း - ရီဟာဆယ်) သဘောမျိုး၊ နောက်နေ့အတွက် ခန့်မှန်းတွက်ချက်နိုင်ရန်။ သားသတ်လွတ်သူ ပါရှိလျှင်မူလည်း ၎င်း၏ စားပွဲနေရာကို ခွဲခြားသိစေရန်။

ဤတွင်တဖန်၊ ထ္မင်းဝိုင်းနေရာ ရွေးကြပြန်သည်။ ဤသူနှင့်အတူ တစ်ဝိုင်းတည်း စားလိုသည်၊ ထိုသူနှင့်အတူ မစားလို။ ရွှေ့ကြပြောင်းကြ ပြန်သည်။ 'ဒီကိုလာ', 'ဟိုကိုသွား'၊ အော်ကြ ခေါ်ကြပြန်သည်။ မိမိသည်ပင်လျှင် ခေတ္တခန ပျော်သလိုလို ဖြစ်သွားရသည်။

ဆွမ်းကျောင်းနံရံတွင် ဆရာတော်ကြီး မိန့်ကြားချက်အရ ချိတ်ဆွဲ ထားသည့် ဆောင်ပုဒ်က -

   "မျက်မှောက် မျက်ကွယ်၊ ဤ နှစ်သွယ်မှာ၊

   မေတ္တာ ပွားများ၊ ကံ သုံးပါးဖြင့်၊

   သီတင်းသုံး အတူနေ၊ ပုဂ္ဂိုလ်တွေနှင့်၊

   အညီ အမျှ၊ ပေး,ဝေ,ငှ လျှက်၊

   မကျိုး မပေါက်၊ သီလ စောင့်လျှက်၊

   အယူတရား၊ မှန်ကန်ငြား၊

'ခြောက်ပါး-သာရဏီယ'... တဲ့။ သီတင်းသုံးဖေါ် သီတင်းသုံးဖက်၊ တစ်မြေထဲနေ တစ်ရေထဲသောက်၊ အတူစား အတူသွား အတူနေ၊ (အဆင့်မျိုးစုံ) 'ပုဂ္ဂိုလ်'တွေနှင့် အညီအမျှ 'ပေး-ဝေ-ငှ' ရ ပါမည်တဲ့။ 

ထမင်းသုံးဆောင်နေကြစဉ် တရားစခန်း စည်းကမ်းချက်များ၊ တရားစခန်း အစီအစဉ်များကို ကြေညာပေးရသည်။

ဟော! စ,တင်ပါပြီ။

"အလုပ်ပေးတရားပွဲ စ,ပါတော့မည်၊ စခန်းဝင် ယောဂီများ၊ ဓမ္မာရုံကြီးအတွင်း၊ နေရာယူကြပါရန်၊ နှိုးဆော်အပ်ပါသည်"။

ယောဂီတို့ထုံးစံ၊ အချက်ပေး ထိုးကြေးစည်၊ မြည်ကာမှ မျက်နှာ သစ်ကြ ကိုယ်လက်သန့်စင်ကြသည်။ ထိုးကြေးစည်သံ ကြားကာမှ အပေါ့အပါး သွားကြသည်၊ စောစောကတော့ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြ၊ အသုံးအဆောင် ပစ္စည်းလေးများ နေရာထားသိုကြ၊ 'လက်ပံပင် - ဆက်ရက်ကျ'။  အခုမှ... ။

တရားပွဲအပြီး ထိုင်ခြင်းဣရိယာပုထ်ဖြင့် ၁-နာရီအကြာ၊ ည ၉နာရီမှာ ယောဂီများအိပ်ချိန်အဖြစ် ထိုးကြေးစည် ၉ချက်ကို အချက်ပေး ထိုးနှက်လိုက်သည်။ နက်ဖြန်နံနက်၊ အိပ်ရာထ နောက်ကျအောင် 'တွတ်ထိုး' ကြစေသတည်း။

မနက် ၃နာရီထ၊ ရေနွေးအိုးတည်၊ အရုဏ်ဆွမ်းအတွက် စီစဉ်၊ ချိုးရေ သုံးရေအတွက် ရေတင်ရင်း၊ ၄:၀၀ နာရီတိတိတွင် ယောဂီများ အိပ်ရာထ၊ ကိုယ်လက်သန့်စင်ကြရန် ထိုးကြေးစည်ဖြင့် အချက်ပေးရသည်။ ၄ နာရီခွဲတွင် စုပေါင်း ဘုရားကန်တော့၊ သီလယူ၊ ထိုင်ခြင်း ဣရိယာပုတ်ဖြင့် ရှုမှတ်ရန် အချက်ပေးရပြန်သည်။ ထုံးစံအတိုင်း အိပ်ရာထ မျက်နှာသစ် ကိုယ်လက်သန့်စင်၊ သီလယူရန် နောက်ကျမှ ခပ်ကုပ်ကုပ်ဝင်လာသူ တော်တော်ပင် များပါ၏။

များပါစေ၊ ထိုအထဲမှ၊ တစ်ဦးတစ်ယောက် ခရီးပေါက်လျှင် ဝမ်းမြောက်ရမည်သာ။ ခရီးမပေါက်သည့်တိုင် နည်းနာနိဿယ၊ ရသွားကြလျှင်၊ အိမ်ကျမှ၊ ရုံးကျမှ၊ ရှုမှတ်ကြမည်ဆိုလျှင်လည်း အမြတ်ပါပဲ။

၅ နာရီခွဲလျှင် ဆွမ်းကျောင်းဘက်မှ ဝေယျာဝစ္စ ပြီးစီးသည်နှင့် အရုဏ်ဆွမ်း သုံးဆောင်ကြရန် ထိုးကြေးစည်ဖြင့် အချက်ပေးသည်။ ဆွမ်းအလှူရှင်များကို ကြေညာပေးရင်း၊ မေတ္တာပို့ အမျှဝေ၊ 'ဆွမ်းဆင်ခြင်ရန်လင်္ကာ'ကို ရွတ်ဆိုပြီးသည်နှင့် ရှုမှတ်မှုမလွတ်စေဘဲ အရုဏ်ဆွမ်း သုံးဆောင်ကြရသည်။

၎င်းနောက် စင်္ကြံရှုမှတ်ကြရသည်။ ၎င်းနောက် ထိုင်ခြင်းဣရိယာပုထ်၊ စင်္ကြံရှုမှတ်ခြင်း တလှည့်စီ။ နံနက် ၁၁ နာရီတွင် နေ့ဆွမ်းနှင့် လက်ဖက်ရည်၊ ညနေ ၅ နာရီတွင် ဖျော်ရည် စသည်ဖြင့် ဝေယျာဝစ္စ ဆောင်ရွက်ကြရသည်။ ယောဂီများအဖို့လည်း အိပ်ချိန်မှတပါး ရှုမှတ်မှုမလွတ်စေဘဲ တရစပ် ရှုမှတ်ကြရသည်။

တရားစခန်း အလယ်ရက်များတွင် သမာဓိကောင်း၊ ရှုမှတ်မှု တိုးတက်လာသူ တစ်ဦးစ, နှစ်ဦးစ, တွေ့လာရသည်။ သမာဓိကောင်း၊ ရှုမှတ်မှု တိုးတက်လာသူ များလာလျှင်၊ အစားအစာ သုံးဆောင်နိုင်မှု စွမ်းအားဖက်မှာ လျော့ကျလာလေ့ရှိသည်။ ထိုအခါမျိုးတွင် ချက်ပြုတ်ရေး အိုးသူကြီး ဝေယျာဝစ္စများအဖို့ အာဟာရ ပြည့်ပြည့်ဝဝ ရစေရန် ကြေညက်လွယ်စေရန်၊ စီစဉ်ပေးကြရသည်။ အာဟာရ သပ္ပါရ၊ မျှတစေရပါမည်လေ။ ထိုရက်များတွင် ယောဂီအချို့မှ အပ၊ စခန်းတခုလုံး အသံဗလံ တိတ်ဆိတ်နေတတ်သည်။ သမာဓိတက်နေစဉ် လန့်သွားမည်စိုးသဖြင့် ထိုးကြေးစည်ကိုပင် အဝတ်ပတ်ကာ တိုးတိုးညင်သာစွာ အချက်ပေးရသည်။

နှစ်ဆန်း ၁-ရက် ၂ရက်၊ ပြီးခါနီး ပြန်ခါနီးရက်များတွင်မတော့ ယောဂီတော်တော်များများထံမှ ဆူညံသံ ပြန်ထွက်လာလေ့ရှိသည်။ ၇-ရက်ခန့်၊ ၁၀-ရက်ခန့် အောင့်အည်းလုံးကြီး ဖွင့်ချလိုက်လေပြီတည်း။

ဤသို့ဖြင့် ပထမရက် ကြွက်စီကြွက်စီ အစ၊ တိတ်ဆိတ်ငြိမ်သက်ခြင်း အလယ်၊ ပြန်ကာနီးအဆုံး ကြွက်စီကြွက်စီ တအုံးအုံး ဖြစ်ကြပြန်လေပြီတည်း။ အောက်မေ့တမ်းတ သတိတရ၊ ရှိလှပါချေ သည်။

'ကိုဗစ် ကာလ'တွင် ရောဂါကူးစက်မည့်အန္တရာယ်ကြောင့် တရားစခန်း ရပ်နားထားရသည်။

'ကိုစစ် ကာလ' ပထမနှစ်က၊ မြို့ပြများ၌ ငြိမ်းချမ်းစွာ ဆန္ဒပြကြ သူများအား စစ်တပ်မှပစ်သတ်ခဲ့၍ တောရွာ ဘုန်းတော်ကြီးကျောင်းများ သို့ ရှောင်ရင်းပုန်းရင်း ပြေးကြရင်းဖြင့် ၎င်းတို့ဖါသာ ချက်ပြုတ် စားသောက်ကာ ရှုမှတ်ကြရလေ၏။

'ကိုစစ် ကာလ'၊ ယခု ဒုတိယနှစ်မှာတော့၊ အညာကျေးလက် တရားစခန်းများခမျာ (လုံးဝ)မဖွင့်နိုင်ရှာကြတော့ပြီ။ ဝေယျာဝစ္စ အဖွဲ့သူ အဖွဲ့သားများလည်း ဟိုပြေးရသည်ပြေးရ၊ ဟိုရှောင်ကြသည်ရှောင်ကြ၊ ဟိုရောက်သည်ရောက်။ စင်္ကာပူ မလေးရှား အလုပ်လုပ် သွားလိုသူတချို့ မြို့ကြီးပြကြီးများဆီသို့၊ ငယ်ရွယ်သူ တချို့ မတရားစစ်အာဏာသိမ်းခြင်းကို မကြေနပ်၍ စစ်သင်တန်းတက်ရင်း တိုင်းရင်းသား နယ်စပ်ဒေသများဆီသို့။ လူစုံတက်စုံ မရှိကြတော့ပြီ။

ထိုဝေယျာဝစ္စပုဂ္ဂိုလ်များ ရှိ‌သည့်တိုင်၊ လုံးဝ မဖွင့်နိုင်တော့ပြီ။ ဘုရားလည်း ပြာပုံအတိ၊ ဓမ္မာရုံလည်း ပြာပုံအတိ၊ တရားပြမည့်သူလည်း နတ္ထိ၊ 'သုညတ'ဟူသည့်အတိုင်း ဘာမျှ မရှိတော့။

အကယ်၍များ လူ့ပြည်သင်္ကြန်ဆင်း၊ 'သိကြားမင်း'၏ လူယုံ၊ 'ဝိသကြုံ'နတ်သားကြီးက၊ မီးအရှို့ခံ, ဗုံးအကြဲခံထားရသည့်၊ ရေတွင်းရေကန်၊ ကျောင်းကန်ဘုရား၊ တရားစခန်း ဓမ္မာရုံ၊ 'ဘွားခနဲ' အလုံးစုံအောင်၊ တန်ခိုးနှင့် ဆောက်လုပ် ဖန်ဆင်းပေးသည့်တိုင်၊ "ဗိုလ်မှူးကြီးမှတပါး အခြားအဆင့်၊ ကျန်သည့်ဝန်ထမ်းတွေ၊ ချောင်ကပ်၊ မြိုင်ရပ် နှင်စေ ..." ဆိုပါလျှင်၊ ၎င်းတို့ ကိုယ်တိုင် မီးရှို့ ဗုံးကြဲထားသည့် မြိုင်ရပ်ကိုရော၊ လာရဲကြ လာဝံ့ကြပါဦးမည်လော။

မတရား မီးအရှို့ခံ၊ မတရား ဗုံးအကြဲခံ၊ မတရား ဖမ်းဆီးနှိပ်စက်ခံ မုဒိမ်းကျင့် အသတ်ခံ၊ တောယံ မြိုင်ရပ်ကရော၊ ကြိုဆိုချင်ကြပါဦးမည်လော။


သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

မောင်ဘဦး

(၈၄၊ နှောင်းကူးဆုတ် ၇)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar