ကျော်မင်းထွန်း(NEW YORK)- သွေးသင်္ကြန်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၃
ရေနဲ့မပက်
သွေးနဲ့ပက်တဲ့ သင်္ကြန်
ရေနဲ့မဆေး
သွေးနဲ့ဆေးရတဲ့ သင်္ကြန်ပါ
အချစ်ရာ…
ခေါင်းမှာ ပိတောက်မဖူး
အလောင်းပြာနဲ့လူးရတဲ့ လတန်ခူးပါ
အချစ်ရာ…
အတာသင်္ကြန်ဟာ
မသာသင်္ကြန်ဖြစ်
ဒီစစ်ကြီးနဲ့ ဒီစနစ်ကြီးမှာ
ဒီနှစ်ဟာ
အာဏာရှင်ခေတ် ဘီလူးနှစ်ပါ
အချစ်ရာ…
“မကောင်း ကျောင်းပို့” ဆိုပေမယ့်
အခေါင်းနဲ့ အလောင်းတွေ
မြင်မကောင်းလို့ ပို့စရာကျောင်းက
ဗုံးကြဲတဲ့ထဲ မီးလောင်စွဲ
တရားစောင့်နတ်ရော ဘယ်ရောက်နေလဲ ?
ငွေဖလားနဲ့ နွှဲပျော်
ရေကစားတဲ့ပွဲတော် မပီသပေမဲ့
ရန်သူကတော့ ရန်သူပီသနေတယ်
အချစ်ရယ်…
တို့ခြေလက်တွေ အပိုင်းပိုင်းပြတ်သွားဖို့
ရန်သူက စိတ်ပိုင်းဖြတ်ထားပြီးသား
ရန်သူဟာ ရန်သူလိုပြတ်သားတယ်
ငါတို့အစိုးရရော ပြတ်သားရဲ့လား ??
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar