လွိုင်ကော် ဗဟိုမဏ္ဍပ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ၊ ပြည်တွင်းစစ် အရိပ်အောက်က သင်္ကြန်အခါသမယ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၅ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၃
လွိုင်ကော် ဗဟိုမဏ္ဍပ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ၊ ပြည်တွင်းစစ် အရိပ်အောက်က သင်္ကြန်အခါသမယ
မြန်မာနိုင်ငံမှာ နှစ်စဥ်ကျရောက်တဲ့ သင်္ကြန်ပွဲတော်အခါသမယမှာ စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲကို သပိတ်မှောက်ဖို့ PDFတွေ မြို့ပြပြောက်ကျားတွေက လူထုကို နှိုးဆော် သတိပေးထားပြီး သင်္ကြန်ပွဲကျင်းပရာ မဏ္ဍပ်တွေကို PDF ဘက်က ဗုံးခွဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးပစ်ချတာတွေ လုပ်ဆောင်ကြရာမှာ ရန်ကုန်မြို့နေရာအချို့က မဏ္ဍပ်တချို့ မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားသလို စစ်ကိုင်းတိုင်းမှာ ကြွယ်ပုံကျေးရွာက မဏ္ဍပ်ကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ အရပ်သား ၈ ဦး သေဆုံးတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
လားရှိုးမြို့မှာတော့ လမ်းဘေးက ကားရပ်နားရာနေရာအနီး ကာဗုံးလို့ယူဆရတဲ့ ဗုံးပေါက်ကွဲရာက ၄ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့ပါတယ်။ စစ်ကိုင်းမြို့ ကမ်းနားလမ်းက မဏ္ဍပ်မှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို အခုနောက်ဆုံး အဖြစ်အပျက်က ကယားပြည်နယ် အစိုးရရဲ့ လုံခြုံရေး တင်းကျပ်စွာချထားတဲ့ ဗဟိုမဏ္ဍပ်ကို လွိုင်ကော် ပီဒီအက်ဖ်တွေက ကောင်းကင်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာမှာ ဒဏ်ရာရသူ အများအပြားရှိတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရက ကျင်းပတဲ့ ဗဟိုမဏ္ဍပ်မှာ အခုလိုပေါက်ကွဲမှု ဖြစ်ပွားခြင်းဟာ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုလို့ ဆိုနိုင်ပြီး စစ်ကောင်စီအနေနဲ့ ပီဒီအက်ဖ်တွေ အခုလို တိုက်ခိုက်လာနိုင်လိမ့်မယ်လို့ ယူဆမထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဒဏ်ရာရတဲ့အထဲ ပါဝင်တယ်လို့ သတင်းအချို့မှာ တွေ့ရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
စစ်ကိုင်းတိုင်း ကြွယ်ပုံရွာမှာလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကမကထလုပ်တဲ့ သင်္ကြန်မဏ္ဍပ်ကို အနီးအနားရွာက ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ရာမှာ ၈ ဦး သေဆုံးတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာကို တိုက်လေယာဥ် စစ်ရဟတ်ယာဥ်တွေနဲ့ တိုက်ခိုက်လို့ လူရာကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ပွားမှုအပြီး အခြားသော ကျေးရွာတွေ နေရာတွေမှာ အခုလို ပီဒီအက်ဖ်တွေဘက်က သင်္ကြန်မဏ္ဍပ်တွေကို ပစ်မှတ်ထားတိုက်ခိုက် လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
သင်္ကြန်မဏ္ဍပ်ကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေက စစ်ရေးပစ်မှတ် ဟုတ်ခြင်း၊ မဟုတ်ခြင်း သေဆုံးသူတွေထဲ အရပ်သားတွေပါ ပါဝင်နေခြင်း စတဲ့အငြင်းပွားစရာတွေလည်း ရှိနိုင်ပြီး အခုလို အရပ်သားနဲ့ စစ်ကောင်စီ ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်၊ အစိုးရအဖွဲ့ဝင်တွေ ရောနှောနေတဲ့ ပစ်မှတ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခြင်းက ပဇီကြီး အဖြစ်အပျက်ရဲ့ ရက်စက်မှု ၊ အရပ်သားနဲ့ ပီဒီအက်ဖ် အဖွဲ့ဝင်တွေရောနေတဲ့ လူစုလူဝေးကို လေကြောင်းတိုက်ခိုက်မှုရဲ့ ရက်စက်မှု အတိုင်းအတာအရ ဘယ်လိုမှ နှိုင်းယှဥ်စရာ မရှိပေမယ့် အရပ်သားတွေ ရောနှောနေတဲ့ နေရာကို တိုက်ခိုက်တယ်ဆိုတဲ့ ဆင်ခြေပေးစရာ အချက်တချို့ ရရှိကောင်း ရရှိစေနိုင်တာ သတိပြုဖို့ လိုအပ်ပါတယ်။
သင်္ကြန်အခါကာလမှာ မြန်မာနိုင်ငံက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းနဲ့ ကရင်ပြည်နယ် ကယားပြည်နယ်တို့မှာတော့ လက်နက်ကိုင် တိုက်ပွဲတွေ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေ၊ အသက်ဆုံးရှုံးရတာတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ သင်္ကြန်ဆိုတဲ့ ပွဲတော်ကို မဆင်နွှဲနိုင်ကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ လူထုအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားမှုထက် ပျော်ပွဲရွှင်ပွဲမှာ ပါဝင်ပျော်ရွှင်နေပြီဆိုတာကို ပြသဖို့ သက်သေပြဖို့ အစွမ်းကုန်ကြိုးစားပြီး လုပ်ဆောင်တာ အမှန်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူထုအများစု အနေနဲ့ကတော့ လက်နက်ကိုင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ၊ ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေတွေ၊ ပိုပြီးကြပ်တည်းလာတဲ့ စားဝတ်နေရေး အခက်အခဲတွေကြားထဲမှာ သင်္ကြန်ဆိုတဲ့ တနှစ်မှာတခါ ကျရောက်တဲ့ ပျော်ပွဲရွှင်ပွဲကို ပျော်ရွှင်ဖို့ထက် အသက်ရှင်သန်ရေး စားဝတ်နေရေး မိမိရဲ့နေအိမ်မှာ စိတ်ချစွာ အိပ်စက်နိုင်ရေးတွေ မရေရာတဲ့ အခြေအနေတွေအောက်မှာ ရုန်းကန် ရှင်သန်နေကြရတာ အများစု ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်သင်္ကြန်လို့ ဆိုရင် ပြည်တွင်းစစ် အရိပ်မည်းအောက်က အချို့သော လူနည်းစုတွေရဲ့ ပျော်ရွှင်မှု၊ ဗုံးတွေ၊ သေနတ်တွေ၊ မီးရှို့ခံရမှုတွေနဲ့ စားရသောက်ရဖို့ မရေရာတဲ့ ဒုက္ခတွေနဲ့ ရောပြွမ်းနေတဲ့ သင်္ကြန်အခါ သမယသာလျှင် ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar