မောင်စွမ်းရည် - ကျော်ဇောဦး အလွမ်းစာ

တရုတ်ပြည်ရောက် ဗိုလ်ကျော်ဇောမိသားစု (ဓာတ်ပုံ - ဒေါက်တာလှကျော်ဇော)
မောင်စွမ်းရည် - ကျော်ဇောဦး အလွမ်းစာ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၃
ကျွန်တော့်နေနဲ့ စာပေရုပ်ပုံလွှာတွေ ရေးလာခဲ့တာ ၁၀၀ ကျော်တော့မယ် ထင်ပါတယ်။ ရုပ်ပုံလွှာတွေကို လွတ်လပ်ရေးခေတ်ဦးက စတင်ရေးခဲ့သူက ဆရာဒဂုန်တာရာလို့ မှတ်သားခဲ့ရဖူးပါတယ်။ ဆရာ ရေးခဲ့တာက ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း ရယ်ပဲ ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။ ကျွန်တော်က ပြည်ပကို ရောက်နေသူဆိုတော့ ပြည်တွင်းက လူတွေကို လွမ်းလွမ်းရှိတိုင်း စာပေရုပ်ပုံလွှာထဲ အကုန်ဆွဲထည့်နေမိသလားလို့ပဲ တွေးမိပါတယ်။ အဲသလို ကျွန်တော် ရေးခဲ့သူတွေက လူထုဦးလှ၊ လူထုဒေါ်အမာ တို့လို သက်ကြီးဝါကြီးတွေ များပါတယ်။ သက်ကြီးဝါကြီးတွေ အကြောင်း ရေးတာ ကုန်သလောက်နီးပါး ရှိလာမှ တင်မိုး၊ မောင်သာနိုး တို့လို ရွယ်တူတန်းတူ သူငယ်ချင်းတွေအကြောင်းကို တလှည့် ရေးပါတယ်။
ခု ရေးမှာက ကိုယ့်အောက် ငယ်ရွယ်သူတယောက်အကြောင်း ဖြစ်ပါတယ်။ ငယ်ဆို ကျွန်တော့်ညီတွေလောက်ပဲ ရှိမှာပါ။ ကျော်ဇောဦး တဲ့။
‘ကျော်ဇော’ ဆိုတဲ့ အမည်ကတော့ ဒို့ဗမာစာပေသမားတိုင်း၊ နိုင်ငံရေးသမားတိုင်းနဲ့တကွ မြန်မာတိုင်း ကြားဖူး သိဖူးနေကြသူ တဦးပါ။ ရဲဘော်သုံးကျိပ်ဝင်ထဲမှာ အငယ်ဆုံးတဦးပါ။ အငယ်ဆုံး ဆိုပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက အရေးကြုံတိုင်း သူ့အနီးကို ခေါ်လေ့ရှိတဲ့ ယုံကြည်အားထားခဲ့ရသူ ရဲဘော်တားပါ။ နောက်ပိုင်းမှာတော့ မြန်မာပြည်နယ်စပ်မှာ မြန်မာပြည် တစိတ်တဒေသကို ဖဲ့ယူနေထိုင်ကြတဲ့ တရုတ်ဖြူ ကျူးကျော်သူတွေကို အပြီးအပိုင် မောင်းထုတ်နိုင်လို့ ကမ္ဘာသိ စစ်ဗိုလ်ချုပ် ဖြစ်လာခဲ့သူပါ။ အဲဒီဗိုလ်ကျော်ဇောရဲ့ သားဦးက ကျော်ဇောဦး တဲ့။ ဗိုလ်ချုပ်ကျော်ဇော မှာ သားသမီး ၄ ယောက် ရှိပြီး ကျား နှစ်ဦး၊ မ နှစ်ဦးလို့ပဲ ကျွန်တော် သိထားပါတယ်။ စစ်ဘက်မှာ တယောက်မှ မကူးမဝင်ကြပါ။
သမီးတယောက်က ဒေါက်တာလှကျော်ဇော တဲ့။ ဆရာဝန်ပါ။ အခြားသမီးတယောက်က စီးပွားရေးတက္ကသိုလ်က ဆရာမပေါ့။ ဒေါ်စန်းကျော်ဇော တဲ့။ ကျွန်တော့်နှမ၊ ကျွန်တော့်သမီးများရဲ့ ဆရာမပါ။ သားနှစ်ယောက်ကတော့ ကျော်ဇောဦး နဲ့ အောင်ကျော်ဇော ဆိုတဲ့ သားနှစ်ယောက်ပါ။ ကျွန်တော် ရန်ကုန်ရောက်စမှာ သူတို့က မြေနီကုန်းထဲမှာ စာအုပ်ဆိုင်လေး ဖွင့်ဖူးပါတယ်။ သူတို့နဲ့ တွေ့ဆုံရ၊ သိကျွမ်းရတာတော့ ပညာရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း ပညာရေးသုတေသနဌာန ရုံးခန်းမှာ ဖြစ်ပါတယ်။ ကကသဦးဘကောင်းနဲ့ ဗကသဦးဇော်ဝင်း တို့က မိတ်ဆက်ပေးလို့ သိရတာပါ။ အဲဒီကာလက ပညာရေးသုတေသနဌာနဟာ စာမတတ်သူ ပပျောက်ရေး(စာတတ်မြောက်ရေး) လှုပ်ရှားမှုရဲ့ ဌာနချုပ်ရုံးပါ။ ပညာရေးဝန်ကြီးက ဒေါက်တာညီညီ ပါ။ ကျွန်တော့်ကို ကျောင်းသုံး မြန်မာနိုင်ငံသမိုင်းစာအုပ် ရေးဖို့ ခေါ်ယူထားတာပါ။ (မရေးခဲ့ရပါ။) အ သုံးလုံး ဗဟိုစခန်းမှာ စာစောင်၊ စာအုပ်ထုတ်ဝေရေးအဖွဲ့ဝင်အဖြစ်နဲ့ ယောင်ခြောက်ဆယ် လုပ်နေရပါတယ်။
ပညာရေးသုတေသနဌာနမှာ အသုံးလုံး စာအုပ်၊ စာစောင်တွေ ထုတ်ဝေရေးကို အကြောင်းပြုပြီး အ သုံးလုံး လုပ်အားပေး ကျောင်းသားတွေ၊ ကျောင်းသူတွေဟာ သံယောဇဉ်မပြတ်နိုင်ကြဘဲ နေ့စဉ်လို လာရောက်စုဝေးနေကြပါတယ်။
ဗိုလ်ရဲထွတ် သား ကျော်ကျော်၊ ဗိုလ်ညိုမှိုင်း သား သိန်းထိုက်၊ လက်သီးပုံး သခင်ဗတင် သမီး စန်းစန်းတင်၊ လင်းလင်းတင် စသဖြင့် တွေ့ဆုံခင်မင်ခဲ့ကြရပါတယ်။
ကျော်ဇောဦးကလည်း လုပ်အားပေးအဖွဲ့မှာ မပါဝင်ပါ။ အ သုံးလုံး ကိစ္စဟာ စစ်အစိုးရနဲ့ ပတ်သက်နေလို့တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဦးဆောင်လုပ်နေကြသူတွေအားလုံးလောက်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ တကသ၊ ဗကသ၊ ရ.က.သ၊ အမှုဆောင်တွေ များပါတယ်။ ဦးဘကောင်း၊ ဦးဇော်ဝင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်အုန်း၊ ဦးမြင့်သိန်း စသူတွေပေါ့။ ကျွန်တော်လည်းပဲ မန်းတက္ကသိုလ် တပ်ဦး တကသ အမှုဆောင်ဟောင်းပါ။ ဒေါက်တာညီညီ၊ ဦးဘကောင်း၊ ဦးဇော်ဝင်း တို့ရဲ့ သံယောဇဉ်တွေ ဖြစ်မယ် ထင်ပါတယ်။ ဆရညီညီကလည်း လင်းယုန်နီ(ညီညီ)၊ ဒေါက်တာသန်းထွန်း တို့ အဆက်တွေပါ။ သံတွဲဦးကျော်ရင်(လေထီးကျော်ရင်)ကလည်း တက္ကသိုလ်ကို ပြန်လည်ဝင်ရောက်နေပါတယ်။ (မီးပုံးပျံ မဟုတ်ဘူးနော်)
ကျွန်တော်ကလည်း သူတို့နဲ့ သမိုင်းဆက်နေသလို ဖြစ်နေပါတယ်။ အ သုံးလုံး စာအုပ်၊ စာအုပ်တွေ ထုတ်ဝေကြရင်း လူစုမိနေပါတယ်။ အဲဒီမှာ ဗိုလ်ရဲထွတ် သားနဲ့ ဆက်စပ်ပြီး အ သုံးလုံး လုပ်အားပေးထဲ မပါတဲ့ ကျောင်းသား ကျော်ဇောဦးက လာလည်ရာက ကျွန်တော်တို့နဲ့လည်း ခင်မင်သွားကြပါတယ်။ အ သုံးလုံး အကြောင်းတွေကို အကျယ်ချဲ့နေရတာက အ သုံးလုံး လုပ်အားပေး တက္ကသိုလ်ကျောင်းသူတွေထဲမှာ သခင်ဗတင်ရဲ့ သမီး စန်းစန်းတင် (ယခု အမေရိကန်ပြည်ကနေ အသံလွှင့်နေသူ)နဲ့အတူ သိန်းထီလက်မှတ် လက်ကားအရောင်းဆိုင်ကြီး ပိုင်ရှင် မိသားစုထဲက သမီးလေးတယောက်လည်း ပါရှိခဲ့ပါတယ်။ လာတာကတော့ သူ့သူငယ်ချင်း ကျော်ကျော်တို့ဆီကို လာတာပါပဲ။ ကျောင်းသူတွေနဲ့ အရောတဝင် စကားပြောတာမျိုး မတွေ့လိုက်မိပါ။ ဒီကြားထဲက လုပ်အားပေးကျောင်းသူတဦး ပါသွားလေရဲ့။ ကျော်ဇောဦး နဲ့ပါ။
မကြာခင် ကျွန်တော်က အမရဆောင်(သမိုင်းဌာန)ကို ပြောင်းရပါတယ်။ အဲဒီကိုလည်း ကျော်ဇောဦး လာတတ်ပါတယ်။ ကျွန်တော်နဲ့ သူ့ဖခင်ကို မိတ်ဆက်ပေးပါတယ်။ အဲဒီကာလက ဒေါက်တာလှကျော်ဇောက အရှေ့ပိုင်းဆေးရုံမှာ လုပ်နေပါတယ်။ ကျော်ဇောဦးက ကျွန်တော့်ကို ခေါ်သွားပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ဒေါက်တာလှကျော်ဇောက ကဗျာဆရာ ဆိုတာနဲ့ နှာခေါင်းရှုံ့သွားပပါတယ်။ ရန်ကုန်မှာ ကဗျာဆရာ ဆိုတာ သောက်လိုက် စားလိုက်နဲ့ လူပေလူတေတွေ များတယ်လို့ အထင်ရှိနေတတ်ကြပါတယ်။ ဗိုလ်ချုပ်ကျော်ဇောကတော့ ကျွန်တော့်ကို ထမင်းဖိတ်ကျွေးပြီး သမိုင်းစာပေတွေကို စိတ်ဝင်တစား ဆွေးနွေးပါတယ်။
ကျော်ဇောဦးကတော့ ကျွန်တော့်အိမ်ထိအောင် လာလည်လေ့ရှိပါတယ်. တနေ့တော့ ညဉ့်နက်သန်းခေါင်လောက်မှ ရောက်လာပြီး စာအုပ်တအုပ် နှစ်အုပ်နဲ့ သူ့ဓာတ်ပုံ သုံး၊ လေးပုံ ပေးခဲ့ရင်း ခရီးဝေးတခု သွားမှာမို့တဲ့၊ လာရောက်နှုတ်ဆက်ပါတယ်။ နောက်နေ့တွေမှာတော့ ဗိုလ်ချုပ်ကျော်ဇော မိသားစုတစုလုံး တောခိုသွားလေပြီ ဆိုတာ သတင်းစာတွေမှာ မျက်နှာဖုံးကနေ ပါလာခဲ့ပါတယ်။ ကျွန်တော်လည်း မကြာမီ ပြည်ပကို ထွက်ခဲ့ပါတယ်။ သူတို့ သွားတာက အရှေ့ဘက်နိုင်ငံပါ။ ကျွန်တော် သွားတာက အနောက်နိုင်ငံပါ။ ပြည်ပရောက်ပြီဆိုရင် သူတို့မိသားစုရဲ့ လှုပ်ရှားမှု သတင်းတွေကို မပြတ်ကြားနေရပါတယ်။ ကျွန်တော့်ဆီက သတင်းတွေလည်း သူတို့ ရပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ဖြစ်လာသူရဲ့ အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေဖြစ်လို့ ကျွန်တော့်ဆီကိုလည်း ပို့ပေးပါတယ်။ ရဲဘော်သုံးကျိပ်ထဲမှာ ဗိုလ်ချုပ်ကျော်ဇောတယောက်ပဲ နေ့စဉ်မှတ်တမ်း ရေးသူရှိတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်က ကျောင်းဆရာဘဝက လာသူပါ. ကျောင်းဆရာများက နေ့စဉ် သင်ကြားမှုမှတ်တမ်း ရေးရပါတယ်။ ဗိုလ်ချုပ်ရဲ့ ဒိုင်ယာရီက ခုအခါ တပ်မတော် မော်ကွန်းတိုက်မှာ ရှိနေတယ်လို့ ကြားရပါတယ်။ ခုခေတ် ပုံနှိပ်နည်းပညာအရ လက်ရေးမှတ်တမ်းကို ကူးယူပြီး စာအုပ်ပုံစံနဲ့ ထုတ်ဝေဖြန့်ချိမယ်ဆိုရင် စာပေသမိုင်းမှာရော၊ နိုင်ငံရေးသမိုင်းမှာရော၊ တပ်မတော်သမိုင်းမှာရော ထူးခြားချက်တရပ်အဖြစ် မော်ကွန်းတင်ရစ်မှာ ဖြစ်ပါတယ်။
ကျော်ဇောဦး ရှိရင်တော့ ခုလောက်ရှိ သူနဲ့ ကျွန်တော် တွဲပြီး အဲဒီစာအုပ် ထုတ်ဖြစ်ခြ့မှာပါ။ ခုတော့ သူတို့မိသားစုအားလုံးက ပြည်ပရောက်နေကြပါတယ်။ ကျော်ဇောဦးရဲ့သား သူရိန်ကျော်ဇော ကတော့ ကြံကြံဖန်ဖန် လန်ဒန်မှာ ရောက်နေသတဲ့။ သူရိန်ရေ… မင်း တာဝန်နော်။ ကျော်ဇောဦးကတော့ ယူနန်နယ်ထဲမှာပဲ ကွယ်လွန်သွားခဲ့ရှာပြီလို့ ကြားရပါတယ်။
အောင်ကျော်ဇောကတော့ ယူနန်နယ်စပ်မှာပဲ မုန့်ဟင်းခါးဆိုင်ဖွင့်ထားသလိုလို ကြားရပါတယ်။ ဒေါက်တာလှကျော်ဇောကတော့ မိသားစုသမိုင်းကို ဆက်လက်ရေးသားနေပါလိမ့်မယ်။ ဆရာဝန်က လူနာကို ဆေးကုရုံမက သမိုင်းကိုလည်း ဆေးကုရဦးမှာ ဖြစ်ပါတယ်။ ကျန်းမာကြပါစေ။
ကျော်ဇောဦးရဲ့ အစ်ကိုကြီး သူငယ်ချင်း...
မောင်စွမ်းရည်
၂၃၊ မတ် ၂၀၂၃
နယူးယောက်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar