နေသွင်နိုင်း - ဘာသာဗေဒလိပ်ပြာ
ဘာသာဗေဒလိပ်ပြာ
နေသွင်နိုင်း
(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၃
ကမ္ဘာကြီးရဲ့အံသွားမှာ
မတရားမှုပြည်တည်နာ ပွက်ထလာတဲ့အခါ
မနက်ဖြန်ရဲ့စမ်းချောင်း
အနာဂတ်ခေါင်းလောင်းသံ သေဆုံးသွားတဲ့အခါ
ဦးထုပ်ကို နောက်ပြန်ဆောင်း
ကမ္ဘာကြီးတိမ်းစောင်းလာတဲ့အခါ
မတရားမှုကို ဘောလုံးတလုံးလို ကန်ထုတ်
အမှောင် ပြိုကျ ငိုရတဲ့အခါ
ခေတ်ကာလ ပုလင်းတလုံးကို ရိုက်ခွဲဖို့
စစ်ပွဲတွေကို စားချင်တယ်
မသေလို့ရှက်နေရသူရယ်
သေလို့လွတ်မြောက်သွားသူရယ်
လိပ်ပြာကို သတ်ပုံမှန်အောင် ရေးတဲ့အခါ
နွေဦးလို့ အသံထွက်လာတယ် ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar