သီအိုဇော် - တာဝန်ကျေတဲ့သင်္ကြန်
သီအိုဇော် - တာဝန်ကျေတဲ့သင်္ကြန်
(မိုးမခ) ဧပြီ ၁၈၊ ၂၀၂၃
သင်္ကြန်က တာဝန်ကျေတယ်
ဒီနှစ်အတာရေက
နှလုံးသားအတု
လက်သုံးချောင်းအတု
မျက်ရည် အပြုံး စကားလုံးအတုတွေနဲ့
အပျော်တုကြိုက်
ရေပေါ်ဆီတသိုက်ရဲ့
ဆေးဆိုးပန်းရိုက်မျက်နှာများကို
ကွာကျခွာချပေးခဲ့တယ်။
သင်္ကြန်က တာဝန်ကျေတယ်
အုတ်ရောရော ကျောက်ရောရော
သူ့လူကိုယ့်လူ နှောယှက်မနေဖို့
လူပီသတဲ့သူနဲ့
လူအမည် မရမကခံသူ
သစ္စာမပျောက်ပျက်သူနဲ့
သစ္စာဖောက်ဖျက်သူ
ကရုဏာပြည့်ဝသူနဲ့
ကရုဏာမဲ့ကြသူကြား
ကိုယ်ချင်းစာတရား စည်းနဲ့တားပြီး
တန်ဖိုးခြားနားစေခဲ့တယ်။
သင်္ကြန်က တာဝန်ကျေတယ်
‘တူးပို့’ကိုတုပ
ဟန်လုပ်မြူးကြွပြပေမယ့်
ဘီလူးရုပ် ဘီလူးဆိုင်း ဘီလူးက
ခွဲခြားပေးပြခဲ့သလို
နွေဦးရဲ့
ဆူးငြောင့် ဇာတ်ရှုပ်များကိုလည်း
နှစ်ဟောင်းထဲ
အားပါးတရ
ကန်ထုတ်ချန်ထားရစ်ခဲ့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar