သန်လျင်မြို့မှာ လေတပ် အရာရှိလို့ယူဆပြီး ပစ်ခတ်သတ်ဖြတ်မှုဖြစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အရှုံး အနိုင်
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၈ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၃
သန်လျင်မြို့မှာ လေတပ် အရာရှိလို့ယူဆပြီး ပစ်ခတ်သတ်ဖြတ်မှုဖြစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အရှုံး အနိုင်
ဒီနေ့ ဧပြီလ ၁၈ ရက်နေ့ သန်လျင်မြို့ ထန်းပင်ကုန်းရပ်ကွက်က နေအိမ်ခြံဝင်းတခုထဲ စကားပြောနေတဲ့ အမျိုးသား ၃ ဦးကို ဘယ်အဖွဲ့ရယ်လို့ မသိရသေးတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့လို့ ၃ ဦးသေဆုံးခဲ့ပါတယ်။
လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားပြီးနောက် သတင်းဌာန ၂ ခုလောက်က ဖော်ပြတဲ့ သတင်းတွေထဲ စစ်ကောင်စီ လေတပ်ထောက်ပံ့ရေး ဌာနမှူး ဒုဗိုလ်မှူးကြီးအဆင့် ရှိသူကို ပစ်ခတ် သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ရေးသားဖော်ပြခဲ့ကြပါတယ်။
သတင်းတွေ ဖော်ပြပြီးမကြာခင် နာရီပိုင်းအကြာမှာ ပစ်ခတ်ခံရလို့ သေဆုံးသူထဲက တဦးရဲ့ သားဖြစ်သူက သူ့အဖေဖြစ်သူက စစ်တပ်နဲ့ ဘာမှ ပတ်သက် သက်ဆိုင်ခြင်းမရှိကြောင်း၊ အဖေဖြစ်သူက အန်အယ်လ်ဒီပါတီကို အင်တိုက်အားတိုက် ထောက်ခံသူတဦးဖြစ်ကြောင်း အဖေဖြစ်သူ ယုံကြည်တဲ့ နိုင်ငံရေးဘက်တော်သားတွေက သူ့အဖေဖြစ်သူကို သတ်ဖြတ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ ပို့စ်တွေ တင်ထားတာလည်း ဖြစ်ပါတယ်။
သေဆုံးသူ ၃ ဦးအနက် တဦးကသာ စစ်တပ်က အငြိမ်းစား အရာရှိဟောင်းတဦးဖြစ်ပြီး ကျန် ၂ ဦးက ကျောင်းစောင့် အလုပ်လုပ်ကိုင်သူနဲ့ သေဆုံးသွားတဲ့ အထက်က အရာရှိနဲ့ ယောက်ဖ တော်စပ်သူသာ ဖြစ်တယ်ဆိုပြီး အချို့သော သတင်းဌာနတွေက နာရီပိုင်းနောက်ကျပြီး ရေးသားကြတာ တွေ့ရပါတယ်။ သတင်းဌာနတွေ အနေနဲ့ သတင်းအစောဆုံး တင်ဆက်နိုင်အောင် လုပ်ကြံသတ်ဖြတ်မှုတွေကို လုပ်ဆောင်သူတွေရဲ့ အချက်အလက်ပေးပို့မှုတခုထည်းနဲ့ အခုလို သတင်းတွေကို ထုတ်လုပ်ပြီး သူ့ထက်ငါ ဦးအောင် တင်ဆက်ကြရာက သတင်းအချက်အလက် ပေးပို့တဲ့သူတွေက မှားယွင်းတဲ့အခါ သတင်းဌာနတွေလည်း မှားယွင်းတဲ့ အချက်အလက်နဲ့ လူထုကို တင်ပြကြသလို ဖြစ်ပျက်ခဲ့တယ်လို့ ကောက်ချက်ချရမယ့် သဘောဖြစ်ပါတယ်။
တဖက်မှာလည်း လုပ်ကြံသတ်ဖြတ်ရေး တနည်းအားဖြင့် စစ်ကောင်စီ ဒေါက်တိုင်ရှင်းလင်းရေး လုပ်ဆောင်သူတွေဟာ စစ်ကောင်စီရဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေသူလား၊ စစ်ကောင်စီရဲ့ ထွေအုပ်အုပ်ချုပ်ရေး ယန္တရားထဲက သူလား၊ အတိုက်အခံတွေရဲ့ သတင်းအချက်အလက်ကို စုံစမ်းထောက်လှမ်းပြီး သတင်းပေးနေသူလား ဆိုတာ တိကျတဲ့ အချက်အလက်စုဆောင်းတာမျိုး လုပ်ဖို့ လိုအပ်နေတာ ခုဖြစ်ရပ်က ပြသနေပါတယ်။
ဆိုရှယ်မီဒီယာခေတ်မှာ အမည် လိပ်စာ အလုပ်အကိုင်နဲ့ နောက်ခံအချက်အလက် ဘာမှအသိပေးစရာ မလိုပဲ လူထုဆက်ဆံရေးအတွက် ဖွင့်ထားတဲ့ ပေ့ချ် အကောင့် ဖြစ်စေ၊ အဖွဲ့အစည်းအကောင့်တွေကို သတင်းအချက်အလက် အလွယ်တကူပေးပို့လို့ရတာ ဖြစ်ပါတယ်။ ဖုန်းနံပါတ်မပါ၊ အမည်ရင်းလည်းမပါ နောက်ခံအချက်အလက်လည်း ပါစရာမလိုပဲ မြို့ပြပြောက်ကျားအဖွဲ့တွေကို အခုလို ကိစ္စတွေမှာ သတင်းပေးပို့လို့ ရရှိတဲ့အတိုင်း ၄င်းတို့အခေါ် မစ်ရှင်ကို အကောင်အထည်ဖေါ်ကြတဲ့ သဘောလို့ ယူဆရပါတယ်။ ရရှိတဲ့ သတင်းအချက်အလက်ကို အတည်ပြုဖို့ အဆင့်က အရေးကြီးတာကို မြို့ပြပြောက်ကျားအဖွဲ့တွေ နားလည်ကြဖို့ လိုအပ်ပါတယ်။ မဟုတ်ခဲ့ရင် အခုလို အဖြစ်အပျက်တွေ ဖြစ်ပေါ်စေနိုင်ပြီး နွေဦးတော်လှန်ရေးကို ထောက်ခံသူ၊ အန်အယ်လ်ဒီပါတီကို ခိုင်ခိုင်မာမာ ထောက်ခံသူတွေကို ဒီဘက်က ပြောက်ကျားအဖွဲ့တွေက လုပ်ကြံသတ်ဖြတ်သလို ဖြစ်စေပြီး အများရဲ့ ထောက်ခံမှုကျဆင်းလာမှာ ဖြစ်ပါတယ်။
ယခင်နှစ်က မန္တလေးမြို့မှာ ကလေးကျောင်းပို့ပြီး အပြန် ဆိုင်ကယ်စီးလာတဲ့ လင်မယား ၂ ယောက်ကို ထောက်လှမ်းရေး အမှတ်နဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းတွေက လူ့အခွင့်အရေး စံနှုန်း၊ ရှုထောင့်က ကြည့်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ခံနိုင်ကြမယ် မဟုတ်ပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာကလည်း တော်လှန်ရေးအင်အားစုတွေ ဘက်က လုပ်ကြံသတ်ဖြတ်မှုတွေလို အရပ်သားတွေပါ သတ်ဖြတ်ခံရတဲ့ ကိစ္စတွေကိုပါ ထည့်သွင်းပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။
တဖက်မှာလည်း NUG အနေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေကို သက်သေထူပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ဖိအားပေးမှုတွေ ပိုတိုးမြှင့်လာအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေဟာ တော်လှန်ရေး၊ စစ်ရေး အောင်ပွဲရဲ့ အဆုံးအဖြတ် အချက်တွေတော့မဟုတ်ကြဘူးဆိုတာ နိုင်ငံရေး အတွေ့အကြုံရင့်သူတိုင်း သဘောပေါက်ကြပါတယ်။ ဒီအချက်တွေက သံတမန်ရေးအရ ဖိအားဖြစ်စေမယ့် အချက်အနေနဲ့ပဲ မှတ်ယူနိုင်ပြီး အဆုံးအဖြတ်ပေးတဲ့အရာတွေက အခြားသော အဓိကကျတဲ့ စစ်ရေး နိုင်ငံရေး မဟာဗျူဟာ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှုသာ ဖြစ်တယ်ဆိုတာ နားလည်ထားကြတဲ့ သဘောဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေက ဂုဏ်သိက္ခာဆိုင်ရာ၊ ထောက်ခံမှုဆိုင်ရာ ၊ သံတမန်ဆိုင်ရာ ကိစ္စရပ်မျိုးနဲ့ ပိုမိုဆက်နွှယ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို အကြောင်းပြကာ လက်နက်တွေ ကူညီမှု၊ လက်နက်ကိုင်တပ်တွေနဲ့ ကူညီမှုမျိုး ရှိခဲ့တဲ့ အဖြစ်အပျက်တွေ ကမ္ဘာမှာ ရှားပါးပါတယ်။ သို့သော် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဂုဏ်သိက္ခာအားဖြင့် လူထုထောက်ခံမှုအားဖြင့် အနာဂတ်မှာ တည်ဆောက်ဖို့ ရည်မှန်းထားတဲ့ ဖက်ဒရယ် နိုင်ငံသစ် ဆိုတဲ့ပန်းတိုင်နဲ့ ကိုက်ညီအောင် လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့ အရေးတကြီးလိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar