ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အမျိုး ဘာသာသာသနာအတွက်ဆို တပ်ကထွက်ဖို့လို
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အမျိုးဘာသာသာသနာအတွက်ဆို တပ်ကထွက်ဖို့လို
(မိုးမခ) ဧပြီ ၂၇ ၊ ၂၀၂၃
၁၈ ခုမြောက်က အာရတိမင်္ဂလာ။
မကောင်းမှုတွေ ဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေတဲ့။
မတွေ့ခင်ကတည်းက မကောင်းမှုမှန်း သိနေရမှာ။ မကောင်းမှုရဲ့ ဆိုးကျိုးကွင်းဆက်ထိ မြင်နေရမှာ။ မကောင်းမှုရဲ့ ယုတ်ကန်းတဲ့ ပင်ကိုသဘောကို စောကြောမိနေရမှာ။
အလကားနေ လူလိုက်သတ်နေရတဲ့ တပ်အကြောင်း။ လာဘ်အမျိုးမျိုးနဲ့ ခိုးဆိုးလုယက် ပုံပျက်နေတဲ့တပ်ရုပ်သွင်။ တိုင်းရင်းသားတွေကို သွေးခွဲ၊ တတိုင်းပြည်လုံးကို လက်ဝါးကြီးအုပ် ထင်ရာလုပ်ချင်တဲ့တပ်ရဲ့ ဦးတည်ချက်၊ နေဝင်းတဆက်မှာ ပညာရေးပျက်ပြား၊ အဲဒီပေါ် သန်းရွှေ တက်လာတော့ အရင်းအမြစ်သယံဇာတကုန်၊ ခု မအလက ကျန်တဲ့အသက်တွေ ဖြုန်းတီး တိုင်းပြည်ကြီး မီးတင် ပြည်သူ့ ပိုင်ဆိုင်သမျှလိုက်ဖျက် ဆိုးကျိုးဆက်က တွက်လို့တောင်မရ လူငယ်မှန်သမျှ သေနတ်ကိုင်ကြရ။ အဲဒီတော့ တပ်ဟာ ပါပ=မကောင်းမှုအကုသိုလ်ဖြစ်လာတော့ ရှောင်ရမယ့်ဟာ။ တပ်ကို အထောက်အပံ့တစုံတရာပြုတာသည်ပင် မကောင်းမှုပြုနေခြင်း။ မင်္ဂလာပျက်နေခြင်း။ တပ်ကို တမင်ကလာ အခွန်ဆက်သွင်းတာဟာ မင်္ဂလာအလွန်ပျက်ယွင်းတာ။ အခု မှတ်ပုံတင်ထားတဲ့ INGO, NGO ဝန်ထမ်းတွေ၊ CSOတွေဟာ ဒီမင်္ဂလာအပျက်ဆုံး။
ဝိရတီကတော့ တွေ့ကြုံလာလျှင် မလွန်ကြူးနဲ့ အထူးသဖြင့် စောင့်စည်းနေတဲ့။ ဒါက တပ်တွင်းရောက်သွားတာနဲ့ စောင့်စည်းလို့မရ၊ မလွန်ကျူးလို့ မရ၊ ကျူးကို ကျူးလွန်နေရတော့တာ။
အရက်သေစာ မသောက်စားနဲ့ မှောက်မှားတတ်တဲ့အရာပေတဲ့။
ခု ရွာတွေမီးရှို့ဖို့၊ လက်ရဲဇက်ရဲလူသတ်နေဖို့၊ မုဒိမ်းကျင့်ဖို့၊ ကလေးလေးတွေကို လေယဉ်ပေါ်ကနေ စက်သေနတ်နဲ့ ဇိမ်ပြေနပြေလိုက်သတ်နေဖို့၊ ကလေးလူကြီးတွေအပေါ် တကယ့်ဖျက်အားပြင်းဗုံးကြီးတွေ တဝုန်းဝုန်းချနိုင်ဖို့၊ စစ်ကြောရေးတင် ညှင်းဆဲနေဖို့ဆိုတာ အရက်သေစာနဲ့ မူးရူးစေတဲ့ဆေးပြားတွေထင်သလိုသောက်စားနေရတာလေ။ ဘယ်လိုမှောက်မှားနေတယ်ဆိုတာ မြင်နေကြားနေရတာလေ။ ဒီလိုတပ်နဲ့ ဒီလိုစစ်သားတွေရဲ့ အနာဂတ်ဆိုးကျိုးကွင်းဆက်ကြီးကို တွက်ရောကြည့်ရဲ့လား။ တိုးပြည်ရဲ့ ဘယ်နေရာမှာ ဘယ်လိုထားကြရမှာလဲ။ သူတို့သားမယားမြေးမြစ်တွေရဲ့ ရှေ့ရေးရော ဘယ်လိုလဲ။ ဒီလူ လျှောက်သတ် တပ်ဆက်က ဖျက်ကို ဖျက်ရမှာလေ။ ဒီတပ်က နိုင်ငံရေး မပြောနဲ့၊ သူ့မူလအလုပ် ကာကွယ်ရေးတောင် မလုပ်တော့တာလေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေတဲ့၊ အပ္ပမာဒ ဓမ္မမင်္ဂလာ။
ဒီအပ္ပမာဒက သမ္မာသတိ၊ သမ္မာဝါယာမနဲ့ သမ္မာဒိဋ္ဌိသုံးမျိုး ပေါင်းထားတဲ့ မမေ့လျော့မှုမျိုး။ ရိုးရိုးမဟုတ်။
အမြင်မှန်နေတဲ့ မမေ့လျော့မှု။ တပ် ဆိုတာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ ပြည်သူက စရိတ်ထုတ်ဖွဲ့ပေးထားတာလို့ ရှင်းရှင်းလင်းလင်း မြင်ရမယ်။ မအလဟာ မဟုတ်။ မအလ ခိုင်းတိုင်း လျှောက်လုပ်ရင် အားထုတ်လုပ်ဆောင်ပုံမှန်နေတဲ့ မမေ့လျော့မှု သမ္မာဝါယာမပျက်ရော။ ပြည်သူအပေါ် သစ္စာထားရမယ်ဆိုတဲ့ သမ္မာသတိလည်း ပျက်ရော။ ဒီသမ္မာသတိက ပြည်သူအပေါ် သစ္စာစောင့်သိရမယ်ဆိုတဲ့ တော်လှန်ရေးသတိနော်။
မြတ်စွာဘုရား အလွန်အလေးထားတဲ့ အပ္ပမာဒတရားလေ။ နေ့စဉ် ဟောတဲ့တရားလေ။ ပရိနိဗ္ဗာန်စံမယ် ဆိုတော့ ထားခဲ့တဲ့ တလုံးတည်းသော စကားလေ။ အပ္ပမာဒ ပျက်ရင် ဘာတရားမှ မကျန်တော့ဘူးလေ။
တပ်က မထွက်သမျှ အပ္ပမာဒပျက် ဘာတရားမှ ဖက်လို့မရ။ အမျိုး ဘာသာ သာသနာအတွက်ဆို တပ်ကသာ ထွက်ခဲ့လိုက်။
သင် ဖွားသောမြေ
သင့်မျိုးဆွေရဲ့ အိမ်ခြေကောင်းကျန်
သင် ပြန်ဝင်ရဖို့
သင် ဦးချ၍ အမျှဝေရာ စေတီသာလေး
သင် ပြန်ဖူးရဖို့
တပ်က ထွက်ခဲ့ဖို့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar