Breaking News

အိန္ဒိယ နိုင်ငံက Track 1.5 ဆွေးနွေးပွဲ၊ မိုးဗြဲမြို့ က တိုက်ပွဲတွေ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၆ မြင်ကွင်း

(မိုးမခ) ဧပြီ  ၂၇၊ ၂၀၂၃ 


အိန္ဒိယနိုင်ငံက Track 1.5 ဆွေးနွေးပွဲ၊ မိုးဗြဲမြို့ က တိုက်ပွဲတွေ

မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ၊ အဆိုပါလက်နက်ကိုင် တိုက်ပွဲတွေရဲ့ အကျိုးဆက် ဒုက္ခသည်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အာဆီယံနိုင်ငံနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က တက်ရောက်ခဲ့ကြတဲ့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ track 1.5 လို့ တင်စားခေါ်ဝေါ်တဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့တဲ့အကြောင်း သတင်းတွေ ဖေါ်ပြလာကြပါတယ်။ 

အစိုးရအဖွဲ့တွေချည်း ဆွေးနွေးတာမဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်း၊ ပညာရှင်တွေလို ပါပါဝင်သလို၊ အာဆီယံအဖွဲ့ ဝင်အစိုးရတွေချည်းလည်း မဟုတ်သလို  ဒေသတွင်း အင်အားကြီးနိုင်ငံ ၂ နိုင်ငံနဲ့ အာဆီယံနိုင်ငံက မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံ ဖြစ်တဲ့ ထိုင်း၊ လာအို၊ လက်ရှိအာဆီယံ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်တက်ရောက်ကြတာဖြစ်တယ်လို့ သတင်းတွေအရ သိရှိရပါတယ်။ 

ဒီဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲရဲ့ အဆက်ဖြစ်ပြီး  ခုတကြိမ် အိန္ဒိယနိုင်ငံမှာ ကျင်းပကာ နောက်တကြိမ် ကျင်းပတဲ့အခါ လာအိုနိုင်ငံမှာ ကျင်းပဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

မြန်မာ့အရေး အဖြေရှာဖို့ အာဆီယံအဖွဲ့အနေနဲ့  ကြိုးပမ်းနေရာက အခုလို အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေပါ ပါဝင်လာတဲ့ ဆွေးနွေးပွဲတွေက တိုးတက်မှု ရှိနိုင်မလား ဆိုတာတော့ ခုချိန်မှာ ပြောဖို့စောနေသေးတာ ဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခြင်းလည်း မရှိသလို စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဘက်ကိုလည်း ဖိတ်ကြားတာမရှိပါဘူး။ အာဆီယံနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံက အင်အားစုတွေကို အစည်းအဝေးမှာ မထည့်သွင်းသေးဘဲ တွေ့ဆုံဆွေးနွေးရေး သို့မဟုတ် နိုင်ငံတကာက စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးရေးကို လုပ်ဆောင်မလား ဆိုတာတော့ တိတိကျကျ မသိရှိရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။  စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေလည်း မပါဝင်သလို အန်ယူဂျီလို့ အတိုကောက်ခေါ်ဆိုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဘက်က ကိုယ်စားလှယ်တွေလည်း ဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။ 

ဒါပေမဲ့ အာဆီယံအပြင် ဒေသတွင်းအင်အားကြီး နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ တို့ပါဝင်လာခြင်းက ထူးခြားတဲ့ လက္ခဏာတရပ် ဖြစ်ပါတယ်။ တရုတ်က စစ်ကောင်စီကို လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်နိုင်သလို အိန္ဒိယ အနေနဲ့လည်း အခြားသော အဝေးက အင်အားကြီး နိုင်ငံတွေထက်စာရင် အတိုင်းအတာတခုထိ သြဇာရှိနိုင်တယ်လို့ မှန်းဆနိုင်တာ ဖြစ်ပါတယ်။ 

မြန်မာ့အရေး ပြေလည်ဖို့ရာ ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့နဲ့ ဒေသတွင်း အာဆီယံအဖွဲ့ တွေ အဖြေရှာဖို့ လမ်းကြောင်း တခုထည်းပေါ် ရောက်ရှိလာနေပြီလားဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်လို့ဆိုတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေ လျော့ကျပြီး တည်ငြိမ်တဲ့ အနေအထားကို ရောက်ရှိရေးအတွက် လိုလားလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီ နဲ့ NUG တို့အပေါ် ဘယ်လောက် သြဇာရှိသလဲဆိုတဲ့ မေးခွန်းတခုကတော့ ရှိနေတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသော သတင်းတပုဒ်ကတော့ ကယားပြည်နယ် မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KNDF လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖယ်ခုံဒေသက ဆောင်ဖွေးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီ လေယာဥ်တွေက ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဒဏ်ရာရရှိသူ အနည်းဆုံး ၃ ဦးလောက်ရှိခဲ့တာ ဖြစ်ပြီး ဧပြီ ၂၆ ရက်နေ့မှာတော့ မိုးဗြဲဘက်မှာ စစ်ကောင်စီတပ်တွေနဲ့  မိုးဗြဲဒေသကကာကွယ်ရေးတပ်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်တို့ ပူးပေါင်းထားတဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

မိုးဗြဲမြို့က ညောင်ဝိုင်းရပ်ကွက်မှာ ရှိတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့ နှောင်းပိုင်း ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း ကရင်နီလူမျိုးစုတွေ အများအပြားနေထိုင်ကြတဲ့ ဖယ်ခုံ၊ ပင်လောင်းတို့ဘက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ အနေနဲ့တော့ ကရင်နီဒေသမှာ လွှမ်းမိုးထားနိုင်မှု ထိန်းချုပ်ထားနိုင်မှု တစတစ လျော့ကျနေတာလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar