ပုံမှန်ကာလထက် နောက်ကျပြီး ကျင်းပရတဲ့ ကေအန်ယူရဲ့ ညီလာခံ၊ ဖယ်ခုံမြို့နယ်ထဲက ဆေးပေးခန်း လေကြောင်းမှ တိုက်ခိုက်ခံရ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၅ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၃
ပုံမှန်ကာလထက် နောက်ကျပြီး ကျင်းပရတဲ့ ကေအန်ယူရဲ့ ညီလာခံ၊ ဖယ်ခုံမြို့နယ်ထဲက ဆေးပေးခန်း လေကြောင်းမှတိုက်ခိုက်ခံရ
ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ညီလာခံကို ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပနေတဲ့ သတင်းတွေ ဒီနေ့ ဖော်ပြထားကြပါတယ်။ ကိုဗစ်ဖြစ်ပွားတာ၊ စစ်တပ်အာဏာသိမ်းတာတွေကြောင့် ကေအန်ယူ ရဲ့ ညီလာခံအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိခဲ့ပြီး ပုံမှန်ကျင်းပရမယ့်အချိန်ထက် ၃ နှစ်ခန့် နောက်ကျပြီးကျင်းပရတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။
ကေအန်ယူအဖွဲ့အနေနဲ့ NUG အစိုးရ၊ CRPH နဲ့ PDF လှုပ်ရှားမှုတွေကို အခြေခံနယ်မြေဒေသ မှာ လက်ခံအကာအကွယ်ပေးထားတာ၊ တိုက်ခိုက်ရေးသင်တန်းတွေ ပေးပြီး အကူအညီပေးတာတွေ လုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး တဖက်မှာလည်း KNU အနေနဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ လက်မှတ်ရေးထိုးထားတဲ့ NCA ကို အသိအမှတ်ပြုထားချင်တဲ့ ကေအန်ယူခေါင်းဆောင် တချို့ ရှိနေသေးတဲ့ အချက်လည်းရှိပါတယ်။
ကေအန်ယူအဖွဲ့ထဲမှာ စစ်အာဏာသိမ်းပြီးနောက် ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ လက္ခဏာတွေလည်း တွေ့နေရခြင်းက အခု ကေအန်ယူညီလာခံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာမလား၊ NCA ကို လုံးဝပစ်ပယ်လိုက်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်မယ့် နိုင်ငံရေးဦးဆောင်မှုတခု ပေါ်ထွက်လာမလားဆိုတဲ့ အလားအလာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တံတားပြင်ဆင်တဲ့ လုပ်သားတွေ ၄/၅ ဆယ်ဝန်းကျင်ကို ကေအန်ဒီအို တပ်က ဖမ်းဆီးပြီး စစ်ကောင်စီရဲ့ သူလျှိုဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးတွေ အပါအဝင် ၂၀ ကျော် သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့နောက် ကေအန်ဒီအို တပ်ကိုတာဝန်ခံရတဲ့ ဗိုလ်ချုပ် နယ်ဒါးမြကို တာဝန်မှ ရပ်စဲခဲ့ပေမယ့် ဗိုလ်ချုပ်နယ်ဒါးမြက လက်မခံပဲ နောက်ကာလအတန်ကြာမှာ စင်ပြိုင် လက်နက်ကိုင် တပ်တတပ်ဖြစ်တဲ့ ကော်သူးလေတပ်မတော် KTLA ကို ဖွဲ့စည်းပြီး PDF တွေကို ဦးဆောင်ကာ ကရင်ပြည်နယ်ထဲ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး စစ်ရေး လမ်းစဥ်တွေ အပေါ်မူတည်ကာ ကေအန်ယူအဖွဲ့အတွင်း သဘောထားအမြင် ၊ တုံ့ပြန်လုပ်ဆောင်မှုတွေ ကွဲပြားကြတာတွေရှိနေတယ် ဆိုတာ သတင်းမီဒီယာတွေမှာ ပြောဆိုနေကြတာကို လေ့လာကြည့်ရင် သိရှိနိုင်ပါတယ်။ ကေအန်ယူ အဖွဲ့က မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဒေသမှာ အခြေခံနယ်မြေဒေသကို တည်ဆောက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ပြည်တွင်းက မြေအောက်လှုပ်ရှားမှု လုပ်ကြတဲ့သူတွေအတွက် အရေးပေါ်အခြေအနေမျိုးမှာ ခိုလှုံနိုင်တဲ့ ဒေသဖြစ်နေတာ ဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် ကေအန်ယူရဲ့ ခေါင်းဆောင်တွေ ပြန်လည်ရွေးချယ်ကြတာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိနိုင်တဲ့ ဖြစ်ရပ်တခု အရေးပါတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ကေအန်ယူ ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် သက်ရောက်မှုရှိနိုင်တာ အသေအချာ ဖြစ်ပါတယ်။
ဒီနေ့အတွက် အခြားသတင်းတပုဒ်က ဖယ်ခုံမြို့နယ်ထဲက စစ်ရှောင်တွေကို ခိုလှုံနေတဲ့၊ ကုသပေးနေတဲ့ ဆောင်းဖွေး ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ စစ်ကောင်စီက မကြာခင်သေးခင်က မြိုင်မြို့နယ်ထဲက မကျည်းကန် တိုက်နယ်ဆေးရုံကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယခု ဖယ်ခုံမြို့နယ်ထဲက ဆောင်းဖွေး ကျေးရွာက ဆေးခန်းကို စစ်ကောင်စီက ဧပြီ ၂၅ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားကြပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ဘက်က ဆေးခန်း၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်တဲ့နေရာတွေလို့ သတ်မှတ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အများနဲ့ သက်ဆိုင်တဲ့ အရပ်သားတွေ စုဝေးနေတဲ့ ဆေးရုံ ဆေးပေးခန်းလိုမျိုးကို လေကြောင်းတိုက်ခိုက်မှုဟာ တနည်းအားဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို အရပ်သားတွေ ဖြစ်တဲ့ စစ်ဘေးရှောင်တွေ စုဝေးလေ့ရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ များလာနေတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေ သို့မဟုတ် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ အန္တရာယ်ကျရောက်မှု မရှိအောင် ကာကွယ်ရေး လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar