မောင်လင်းရိပ် - မှိုမျှစ်တို့ကို နုတ်ချင်၏ ဝစီကြီးအသင့် ခံဝံ့ မခံဝံ့
မှိုမျှစ်တို့ကို နုတ်ချင်၏ ဝစီကြီးအသင့် ခံဝံ့ မခံဝံ့
မောင်လင်းရိပ်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၃
ပဇီကြီးလို့ ဖွင့်လိုက်ရင် ဝစီကြီး သင့်မယ်လို့များ ထင့်နေသလားတဲ့
မဟုတ်ဘူး ဝဲဘက်ရင်အုံမှာ ဘယ်နှတန်လောက် နင့်သွားသလဲ သိရဲ့လား
ပွင့်သွားပုံဟာ ကမ္ဘာ့သတင်းမျက်နှာစာတွေမှာ ဟင်းလင်း ယိုသူရှက်ရှက် မရှက်ရှက်
အဖြစ်တွေကိုလည်း ကျော်မသွားဘူး အပြစ်တွေကိုလည်း ကျော်မသွားဘူး အချစ်တွေကိုလည်း ကျော်မသွားဘူး
အမုန်းတရားတွေကိုတော့ ကျော်လို့ရရင် ကျော်ချင်တယ် တကယ်ကို လေးလံလှပြီကွဲ့
အမှန်တရားကိုပဲ တရားခွင်ရောက်တဲ့အထိ ခါးချိအောင် ထမ်းသွားတော့မယ်
အချက်အလက်တွေက ထောင်သောင်းမကတော့ သေချာအောင် စိစစ်ကြရတယ်
ဦးညိုမြလို ငရဲခွေးကြီး လွတ်နေပြီဆိုပြီး ကောလိပ်မဂ္ဂဇင်းလေးထဲ ကလောင်ဝှက်နဲ့ မရေးချင်ဘူး
သမိုင်းတလျှောက် အမှိုက်ကားကြီးရဲ့ တစီစီအနံ့တွေ လိုက်မကောက်ချင်လို့လည်း မရသေးဘူး
တစ်ခါတလေတော့ လေရှူပေါက်ကလေးများ ရလိမ့်မလား ရေခဲလွှာပါးပုံရတဲ့ နေရာကို ဖောက်ကြည့်မိတယ်
မင်းတို့ရဲ့ ကဗျာတွေက အိုးပုံဟာ လှပါရဲ့ ဖင်မငြိမ်တော့လည်း ရင်မငြိမ်စေဘူးကွဲ့
သတင်းစာဆရာကြီး*ရဲ့ ရင်ငြိမ်စာဆိုတဲ့ ထောင်တွင်းဖတ် စာတွေအကြောင်းလား သတိရမိပေမဲ့
ရင်ငြိမ်စာတွေထက် ရင်ဆိုင်စာတွေသာ ငါ့ဝေဒနာရဲ့ အာသီသချဉ်ခြင်းလို့ တောက်လျှောက်သိလာရ
ပွင့်ပုံဆန်းတွေကိုလည်း အသက်ရှူမဝ ရိုးပြေစင်တွေကလည်း စိတ်ထဲမဝင်
အားတော့ နာပါရဲ့ ယားနာမပေါက်အားတဲ့ ဘဝမှာ အထက်တန်းကျတဲ့ ရေ** တွေလည်း ကန်တော့ဆွမ်းပဲ တေးထားလိုက်ရ
ဝစီကြီး သင့်လည်း သင့်တော့ ရင်ဆိုင်ခွင့်မှ မထိုက်တန်ဘူးဆိုရင်
နောက်ကျတဲ့ ခြေထောက်က သစ္စာဖောက်ပဲ အမြီးတန်းအောင် လစ်လိုက်ရမှာလား။
၂၀၂၃။ ဧပြီ ၁၈
* အထောက်တော်လှအောင်
** မောင်ချောနွယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar